
Rohingya Eye
RB News
31.1.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ အနောက်ရွာသို့ ဇန်န၀ါရီလ (၃၀) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဂေါ်ဒူသာရ တံတား ကင်းစခန်းတွင် နေထိုင်သော ရဲမှူးငြိမ်းချမ်းအေးနှင့် နယ်ခြားစောင့်ရဲ (၄) ဦး ရောက်ရှိလာပြီး၊ အိမ်ရှေ့ လမ်းပေါ်တွင် စကားပြောနေသည့် လူငယ် (၂) ဦးကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ၎င်းတို့သုံးနေသည့် ဖုန်းများတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ ဖြစ်သည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး ဂေါ်ဒူသာရ တံတား ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။
ညနေ ၅ နာရီကျော် အချိန်တွင် လူငယ် နှစ်ဦး ထံမှ ငွေကျပ် တစ်သိန်းငါးသောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသည့် လူငယ် နှစ်ဦးမှာ --
(၁) ယာဟာယာ (ဘ) မော်လ၀ီ ဆွေတာလောမ် (အသက် ၁၈ နှစ်)
(၂) နူရ်ဟာဆောင်း (ဘ) ဦးအစ္စမိုင်လ် (အသက် ၁၇ နှစ်) -- တို့ဖြစ်သည်။
အဆိုပါ ရဲမှူး ငြိမ်းချမ်းအေးသည် ညစဉ်ညတိုင်း ရွာများထဲသို့ ၀င်ရောက်၍ ရွာသားများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ဖမ်းဆီးပြီး ငွေညှစ်လေ့ရှိသည်။ ၎င်း၏ လုပ်ရပ်များနှင့် ပတ်သက်၍ အထက် အာဏာပိုင်များက သိရှိသော်လည်း အရေးယူ ဟန့်တားခြင်း မရှိသောကြောင့် ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရမှ အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက အထူး လိုလားနေကြသည်။