နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်းမှ စ.ရ.ဖ က လက်သမားကို အလုပ်လုပ်ခိုင်းပြီး လုပ်ခမပေး



MYARF
RB News
16.1.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း အခြေစိုက် စ.ရ.ဖ ရုံး ဟောင်းနွမ်း ပျက်စီးနေသောကြောင့် စ.ရ.ဖ ရုံး ပြုပြင်ရန် အတွက်ဟု ဆိုကာ အနီးအနား ကျေးရွာများရှိ ရိုဟင်ဂျာများ စုဆောင်း ထားသော သစ်များကို တရားမ၀င် ခုတ်ဖြတ်၍ စုဆောင်း ထားသည်ဟု စွပ်စွဲကာ သိမ်းဆည်းခဲ့သည်။ 

ရိုဟင်ဂျာများထံမှ သိမ်းဆည်း ထားသော သစ်များဖြင့် ရုံးပြုပြင်ရန် အတွက် ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (ဘ) မှ လက်သမား ဦးတာဟဲရ်ကို ခေါ်လာပြီး ရုံးတစ်ရုံးလုံး ပြုပြင်ပေးရန် လုပ်ခငွေ ကျပ် နှစ်သိန်းငါးသောင်းဖြင့် ဈေးဖြတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အလယ်ခန့်မှစ၍ လက်သမား ဦးတာဟဲရ်သည် ၎င်း၏ တပည့် တစ်ဦးနှင့် အတူ ယခုလ ၅ ရက်နေ့ ရက်ပေါင်း ၂၀ အလုပ်လုပ်၍ စ.ရ.ဖ ရုံးကို ပြုပြင်ပေးခဲ့သည်။ 

ရုံးပြုပြင်ပြီးသည့် အခါ စ.ရ.ဖ က နိုင်ငံတော်မှ ငွေမရသေးကြောင်း၊ ငွေရမှ မင်းကို ခေါ်ပေးမယ် ဟုဆိုကာ လက်သမားအား လုပ်ခ ငွေကျပ် နှစ်သိန်းငါးသောင်း မပေးဘဲ ပြန်ခိုင်းခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

“လက်သမားကို လုပ်ခပေးဖို့ နိုင်ငံတော်က ငွေရဖို့ တကယ်လိုလို့လား၊ ဘာပဲလုပ်လုပ် နိုင်ငံတော်က ငွေအရင်ချ ပေးတာပဲ ကျွန်တော်တို့သိတယ်။ ရုံးပြင်တာကနေ ထွက်လာတဲ့ သစ်အဟာင်းတွေကို ငွေ နှစ်သိန်းခွဲနဲ့ ရောင်းလိုက်တယ်။ နိုင်ငံတော်က ငွေမရသေးဘူး ဆိုရင် အဲဒီငွေနဲ့တောင် လုပ်ခရှင်းပေးလို့ ရတာပဲ။ အခုအဲဒီငွေတွေကိုလည်း စ.ရ.ဖ က စားလိုက်တာ အသေအချာပဲ။ ရက်ပေါင်း ၂၀ တိတိ အလုပ်လုပ်ခဲ့တဲ့ ဆင်းရဲသား လက်သမားကတော့ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ဇန်န၀ါရီလ (၁၀) ရက်နေ့ညတွင် ဘူးသီးတောင် မြို့နယ်၊ သင်္ဘောဆိပ်မှ ဦးအ၀ိုင်းချေ (ရခိုင်လူမျိုး) က ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ထံမှ ခွင့်ပြုချက် ရယူပြီး ဂူတာပြင် ကျေးရွာ အားကစားကွင်း၌ ဂင်ပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ညောင်ချောင်းမှ စ.ရ.ဖ က ယင်းဂင်ပွဲသို့ သွား၍ ဦးအ၀ိုင်းချေနှင့် ဖဲကစားခဲ့ရာ ငွေကျပ် ၁၃ သိန်း ရှုံးခဲ့သည်။ ငွေ ၁၃ သိန်း ရှုံးပြီးနောက် အာဏာပြ၍ ဦးအ၀ိုင်းချေထံမှ ပြန်တောင်းခံခဲ့သည်။ သို့သော်လည်း ငွေပြန်မရသဖြင့် နှစ်ဦး အပြန်အလှန် စကားများကာ စ.ရ.ဖ က သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဦးအ၀ိုင်းချေ ကလည်း တုတ်တစ်ချောင်း ကိုင်ပြီး ငါလည်း တိုင်းရင်းသား ငါလည်း ပြန်သတ်မည်ဟု ဆို၍ ရှေ့သို့ တိုးလာသဖြင့် စ.ရ.ဖ က နောက်ဆုတ် ပေးခဲ့ရသည်။ ပွဲကြည့် ပရိသတ်များ အလယ်တွင် ၎င်း၏ မိုက်မဲမှုကြောင့် အရှက်ကွဲခဲ့ရသည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus