နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံများကို မတရားသဖြင့် ရိုက်နှက် ဖမ်းဆီး ငွေညှစ်



MYARF
RB News
15.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ တပ်ကြပ် ခင်လှိုင်နှင့် တပ်သား ကျော်မင်းနိုင် တို့အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးသည် ဆိုင်ကယ် (၅) စီးဖြင့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် လောင်းဒုံ ကျေးရွာအုပ်စု၊ ကြိုက်ချောင်း ကျေးရွာသို့ သွားရောက်၍ ဗလီမှ ထွက်လာသည့် ရွာသားများကို စစ်ဆေးခဲ့သည်။ စစ်ဆေး၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် အားလုံးကို ပြန်လွှတ်ပေးခဲ့သည်။ 

၎င်းတို့ စစ်ဆေးပြီး ပြန်လွှတ် ပေးခဲ့သောကြောင့် အိမ်ပြန်နေသည့် သားသတ်လိုင်စင်သည် ဦးဟူစိန်း (ဘ) ဦးကာဆိမ်းကို ထပ်မံ ခေါ်သဖြင့် ဦးဟူစိန်းက နယ်ခြားစောင့်ရဲ များက တစ်စုံတစ်စုံ လုပ်ကြံ စွပ်စွဲမည်ကို စိုးရိမ်၍ ထွက်ပြေး သွားခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့်ရဲ များက လိုက်လံ ဖမ်းဆီးပြီး၊ နယ်ခြားစောင့်ရဲ (၈) ဦးစလုံးက လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ ထို့နောက် ထွက်ပြေးရခြင်း အကြောင်းရင်းကို မေးမြန်းရာ စစ်ဆေးပြီးနောက် ထပ်မံ ခေါ်သဖြင့် ကြောက်ရွံ၍ ထွက်ပြေးခဲ့ကြောင်း ဖြေကြားခဲ့သည်။ နယ်ခြားစောင့်ရဲ များက ဦးဟူစိန်း ထံမှ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည ၈ နာရီ အချိန်တွင်လည်း အဆိုပါ စခန်းမှ နယ်ခြားစောင့်ရဲ (၂) ဦးသည် ကြိမ်ချောင်း တောင်ရွာသို့ သွားရောက်၍ တွေ့ရှိသမျှ ဒေသခံ ရိုဟင်ဂျာ များကို စစ်ဆေးခဲ့သည်။ ထို့နောက် Honda ဆိုင်ကယ် တစ်စီးဖြင့် သွားနေသည့် ယင်းရွာမှ ဦးမုစ်တောဖာ (ဘ) ဦးမာမတ်နော်ဆိမ်ကို စစ်ဆေးပြီး WY သုံးစွဲထားသည့် အနံ့ ရရှိသည်ဟု ဆိုကာ လက်ထိပ်ခတ် ဖမ်းရန် ကြိုးစားနေစဉ် ၎င်းက ဆိုင်ကယ်ထား၍ ထွက်ပြေး သွားခဲ့သည်။ နယ်ခြားစောင့်ရဲ နှစ်ဦးက ချက်ချင်း စခန်းမှူးထံ ဖုန်းဆက်၍ အကြောင်းကြား သဖြင့် စခန်းမှူးနှင့် အဖွဲ့ ချက်ချင်း ရောက်လာခဲ့သည်။ စခန်းမှူး ရောက်ရှိလာပြီးနောက် “ဘာကြောင့် ထွက်ပြေး နိုင်ခဲ့တာလဲ” ဟုဆိုကာ နယ်ခြားစောင့်ရဲ တစ်ဦးကို လမ်းတွင်ပင် ရိုက်နှက်ခဲ့သည်။ ထို့နောက် ဆိုင်ကယ်ကို စခန်းသို့ သယ်ယူသွားခဲ့သည်။ 

ဦးမုစ်တောဖာသည် ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ထံသို့ သွားရောက်ပြီး အကြောင်းစုံ ရှင်းပြကာ စခန်းသို့ စေလွှတ်၍ ငွေကျပ် (၄) သိန်း ပေးပြီး ဆိုင်ကယ်ကို ရွေးယူခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များသည် အချိန်မတော် ရွာထဲသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိသည်။ ကြိမ်ချောင်းရှိ စခန်းအမှတ် (၂၄) တွင် အခြေစိုက် နေထိုင်သည့် ဒုကွပ်ကဲရေးမှူး တစ်ဦး ရှိသော်ငြားလည်း နယ်ခြားစောင့်ရဲများ သောင်းကျန်းနိုင်သည်ကို ဒေသခံများက အံ့သြလျက် ရှိနေကြသည်။ နယ်ခြားစောင့်ရဲများ ဥပဒေမဲ့ သောင်းကျန်း နေသည်ကို ဒုကွပ်ကဲရေးမှူးက မသိသည်လား၊ မသိဟန်ဆောင် နေသည်လားဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus