နယ်ခြားစောင့်ရဲ များက ရိုဟင်ဂျာ တစ်ဦးကို ဖမ်းဆီး ခြိမ်းခြောက်၍ ငွေ ၁၀ သိန်း ညှစ်
MYARF
RB News
21.4.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်ဒုံး ကျေးရွာအုပ်စု၊ စေတီပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများက ၎င်းကျေးရွာမှ ရိုဟင်ဂျာ တစ်ဦးကို ဖမ်းဆီးပြီး ၂၀၁၂ ခုနှစ် ဇွန်လ၌ ဖြစ်ပွားခဲ့သော အရေးအခင်းတွင် ပါဝင် ပတ်သက် ခဲ့သည်ဟု မဟုတ်မတရား ခြိမ်းခြောက်၍ ငွေကျပ် ၁၀ သိန်းညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ကင်းစခန်းမှ စခန်း တာဝန်ခံ ရဲအုပ် ဦးဆောင်သော နယ်ခြားစောင့်ရဲ လေးဦးတို့သည် ဧပြီလ (၁၉) ရက်နေ့၊ ည ၇:၅၀ မိနစ် အချိန်တွင် လောင်ဒုံး ကျေးရွာအုပ်စု၊ စေတီပြင် ကျေးရွာသို့ ရောက်လာပြီး ဦးမိုဟာမတ် အာရှိမ် (ဘ) ဦးမိုဟာမတ် (အသက် ၅၀ နှစ်) ၏ နေအိမ်ထဲ စီးနင်း ဝင်ရောက်၍ ညစာ စားနေသော ဦးမိုဟာမတ် အာရှိမ်ကို ဖမ်းဆီး လိုက်ပြီးနောက် ဦးမိုဟာမတ် အာရှိမ်ကို ကင်းစခန်းသို့ ခေါ်ဆောင်သွား၍ ချုပ်နှောင် ထားလိုက်သည်။
ထို့နောက် အဆိုပါ စခန်းမှ နယ်ခြားစောင့်ရဲ တစ်ဦးနှင့် ထိုစခန်းတွင် ထမင်းချက် လုပ်နေသူ လောင်ဒုံး ကျေးရွာအုပ်စု၊ စေတီပြင် န.တ.လ ကျေးရွာသား၊ ဒိုင်းနက် လူမျိုး တစ်ဦး တို့ကို စခန်း တာဝန်ခံ ရဲအုပ်က ဦးမိုဟာမတ်အာရှိမ် အိမ်သို့ သွားပြီး ဦးမိုဟာမတ် အာရှိမ်၏ ဇနီးကို ခြိမ်းခြောက်ရန် စေခိုင်းခဲ့သည်။ ထို့ကြောင့် နယ်ခြားစောင့်ရဲနှင့် ဒိုင်းနက် လူမျိုး ထမင်းချက် တို့က ဦးမိုဟာမတ် အာရှိမ် နေအိမ်ကို ရောက်ရှိလာပြီး ဦးမိုဟာမတ် အာရှိမ်၏ ဇနီးကို ၎င်း၏ ခင်ပွန်းသည် ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းတွင် ပါဝင် ပတ်သက်ခဲ့သူ ဖြစ်ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း၊ မီးရှို့မှု တရားခံ စာရင်းတွင်လည်း ပါဝင်နေကြောင်း၊ ထိုအဖြစ်များကို ၎င်း၏ ခင်ပွန်းကလည်း ဝန်ခံနေကြောင်း စသည်ဖြင့် အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ဆယ်သိန်း တောင်းခဲ့သည်။ ၎င်းတို့ တောင်းဆိုသော ငွေကို မပေးလျှင် ဦးမိုဟာမတ်အာရှိမ်ကို တရားစွဲ၍ ထောင်ဒဏ်ချမည် ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ပြောဆိုခဲ့ရာ ဦးမိုဟာမတ်အာရှိမ်၏ ဇနီးက ကြောက်ရွံ့၍ နယ်ခြားစောင့်ရဲ တောင်းဆိုသော ငွေကျပ် ဆယ်သိန်းကို ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့နောက် ဦးမိုဟာမတ်အာရှိမ်ကို ည ၉ နာရီခန့်အချိန်တွင် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
အခြား ဒေသခံ တစ်ဦးက “တကယ်တော့ မိုဟာမတ်အာရှိမ် ဆိုတဲ့လူက အရမ်းအေးတာပါ။ ကျေးရွာက လူတွေနဲ့တောင် စကားနှစ်ခွန်း အပို ပြောတာ မဟုတ်ပါဘူး။ သူ့ဟာသူ အေးဆေး နေတတ်တာပါ။ ငွေရေး ကြေးရေး ချမ်းသာ နေတော့ အဲ့ဒီ ရဲတွေက အကွက်ဆင် ခြိမ်းခြောက်ပြီးတော့ မဟုတ်မတရား ငွေညှစ် ခဲ့တာပါပဲ။ သူတို့ တောင်းဆိုတဲ့ ငွေမပေးလို့လည်း ဘယ်ရပါ့မလဲ။ လုပ်ကြံ အမှုဆင်ပြီးတော့ တရားစွဲ ပေးမှာလေ။ အဲ့ချိန်ကျရင် ဆယ်သိန်းမက ပိုကုန်မှာပေါ့။ ဒီက တရားရုံးတွေကလည်း ရိုဟင်ဂျာဆို မွေးကတည်းက အပြစ်ရှိနေပြီးသား လူသားတွေပဲလို့ သတ်မှတ်တတ်တာပါ။ အဲ့တော့ သူတို့ တောင်းသလောက်ပေးပြီး နေနေရတာပေါ့။" ဟု ပြောဆို ရင်ဖွင့်သည်။
မောင်တော အာဏာပိုင် များသည် ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းတွင် ပါဝင် ပတ်သက်ခဲ့သူများ ဆိုကာ ရိုဟင်ဂျာ ပညာတတ်အသိုင်းအဝိုင်းနှင့် ငွေကြေး ချမ်းသာသူ အများအပြားကို တရားခံစာရင်း ကြေညာ ခဲ့သည်။ ကျေးရွာ တစ်ရွာမှ အနည်းဆုံး ၁၅ ဦးခန့်ကို မီးရှို့မှု၊ ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှု စသည့် စွပ်စွဲချက်များဖြင့် တရားခံ စာရင်းပြုလုပ်ပြီး အနည်းဆုံး လူပေါင်း ၈၀၀ ဦးကို ဖမ်းဆီးပြီး ၅ နှစ်မှ ၄၅ နှစ် အထိ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ဖူးသည်။ ထို့အပြင် နောက်ထပ် ရိုဟင်ဂျာ အများအပြားကို မောင်တော ခရိုင် တရားရုံးမှ စာထုတ်ပြီး ဆင့်ခေါ်ခဲ့သော်လည်း ထိုသို့ ဆင့်ခေါ်ခံရသူတိုင်း တိမ်းရှောင် နေခဲ့ရသည်။ ထို့နောက် တရားရုံးက ၎င်းတို့ကို တရားခံ ပြေးစာရင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တရားခံပြေး စာရင်း ကြေညာခြင်း ခံရသူ အများအပြားသည် နောက်ဆုံး မတတ်သာ၍ နိုင်ငံကို စွန့်ခွာရပြီး အများအားဖြင့် စက်လှေစီးပြီး မလေးရှား နိုင်ငံဖက်သို့ ထွက်ပြေး သွားခဲ့ရသည်။
ယခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းမှ စ၍ ပြုလုပ် ခဲ့သော ဆွဲ၊တင်၊စစ် ၌ အဆိုပါ တရားခံပြေး စာရင်း ကြေညာခြင်း ခံရသူများကို အိမ်ထောင်စု စာရင်းမှ ဖယ်ပျက် ခဲ့သည်။ ယခု ဖမ်းဆီး ငွေညှစ်ခံရသူ ဦးမိုဟာမတ်အာရှိမ်သည် အဆိုပါ ဆွဲ၊တင်၊စစ် တွင်လည်း ပါဝင် စစ်ဆေးခံခဲ့သူ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်း၏ တရားခံ ဖြစ်ခဲ့မည်ဆိုလျှင် ၎င်းကို ဆွဲ၊တင်၊စစ်တွင် ပါဝင် စစ်ဆေးခံနိုင်ခွင့်ပေးရန် အကြောင်းမရှိကြောင်း မောင်တော ခရိုင်၏ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က ဝေဖန် ထောက်ပြသည်။ ဤကဲ့သို့ ပေါ်ပေါ်တင်တင် လူ့အခွင့်အရေး ချိုးဖောက်နေသည့် နယ်ခြားစောင့်ရဲ များ၏ သောင်းကျန်းနေမှု များကို ဗဟိုအစိုးရသို့ တရားဝင် စာရေးသား တောင်းဆိုမည် ဖြစ်ကြောင်းလည်း အဆိုပါ အဖွဲ့က ဆက်လက် ပြောဆိုပါသည်။
မောင်တောခရိုင်မှ နယ်ခြားစောင့်ရဲများ၏ ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော သောင်ကျန်းနေမှု များက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သား အစိုးရသစ်၏ ကောင်းမွန်သော ပုံရိပ်ကို ရုပ်ဆိုးအကျည်းတန် စေသည်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဓိက တာဝန်ရှိပုဂ္ဂိုလ်၊ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးမှ အောက်ခြေ အာဏာပိုင်များ၏ လိုင်စင်ရ ဓါးပြသဖွယ် သောင်းကျန်နေမှု များကို အမြန်ဆုံး အရေးယူ ဟန့်တားပေးရန် လိုအပ်ကြောင်း အဆိုပါ လူ့အခွင့်အရေး စောင့်ကြည့်နေသည့် အဖွဲ့က သုံးသပ် ပြောကြားပါသည်။