နောက်ဆုံးသတင်း/ဆောင်းပါးများ

ပဲခူးတိုင်း၊ ဝေါမြို့၊ သူရဲသမိန် ကျေးရွာမှ ဗလီနှင့် အရဗီ စာသင်ကျောင်းကို ဗုဒ္ဓဘာသာဝင်များက ဖျက်ဆီး



RB News
23.6.2016

ဝါ၊ ပဲခူး – ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန် ကျေးရွာမှ မွတ်စလင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် တစ်ဦးတို့ အချင်းများသည်ကို အကြောင်းပြု၍ ကျေးရွာရှိ ဗုဒ္ဓဘာသာဝင် များက အစ္စလာမ်ဘာသာဝင် များ၏ အထွဋ်အမြတ် ထားရာ ဗလီဝတ်ကျောင်းတော်နှင့် အရဗီစာသင်ကျောင်း တို့ကို ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် သူရဲသမိန် ကျေးရွာမှ ဗုဒ္ဓဘာသာဝင် များသည် ယင်းကျေးရွာရှိ ဗလီနှင့် အရဗီ စာသင်ကျောင်းများကို ဖျက်ဆီးခဲ့သည့် အပြင် ကျေးရွာမှ မွတ်စလင်များကိုလည်း ရိုက်နှက်ခဲ့သည်။ ၎င်းတို့နှင့် ရိုက်နှက်မှုကြောင့် မွတ်စလင် အများစုမှာ လယ်ကွင်းများထဲသို့ ရှောင်ပုန်းခဲ့ရသည်။ မွတ်စလင် တစ်ဦးက ၎င်းတို့သည် အစပိုင်းတွင် ဆေးရုံထဲသို့ ၀င်ရောက်၍ တိမ်းရှောင်ခဲ့သော်လည်း ဆေးရုံအတွင်းထဲသို့ပင် လိုက်လာ၍ ရိုက်နှက်ရန် ကြိုးစားရာ ဆေးရုံဝင်းရှိ ရဲစခန်းထဲသို့ ၀င်ရောက်ခိုလှုံခဲ့ရသည်ဟု Myanmar Muslim Media သို့ပြောသည်။ 

ဟာဂျီဦးအဒူရရှစ်၏ အိမ်ဆောက်ပစ္စည်းဆိုင်ကို နေ့လည် ၁ နာရီတွင် ဖျက်ဆီးပြီးနောက် နေ့လည် ၃ နာရီ အချိန်တွင် ကုလားများ အားလုံး ကလေးများပါ မကျန် သတ်ဟု ဗုဒ္ဓဘာသာဝင် များက ကြုံးဝါး၍ ဗလီနှင့် အရဗီ စာသင်ကျောင်း များကို ဖျက်ဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ဗုဒ္ဓဘာသာဝင် များ၏ ရိုက်နှက်မှုကြောင့် အိမ်ဆောက် ပစ္စည်းဆိုင် ပိုင်ရှင် ဟာဂျီဦးအဒူရရှစ်ကို ဆေးရုံတင်ခဲ့ရပြီး၊ ညဦးပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ကိုယ်တိုင် ရဲစခန်းသို့ ပို့ဆောင်၍ လုံခြုံအောင် ထားခဲ့ကြောင်း သိရသည်။ 

Myanmar Muslim Media တွင် ရေးသား ဖော်ပြချက် အရ သူရဲသမိန် ကျေးရွာတွင် မွတ်စလင် အိမ်ခြေ ၃၀ ခန့် ရှိပြီး လူဦးရေအားဖြင့် ၁၂၀ ခန့် ရှိကြောင်း သိရသည်။ မွတ်စလင် ရွာသား ၈၀ ခန့်မှာ ရဲစခန်းတွင် ယာယီ ခိုလှုံလျက်ရှိပြီး ကျန်သည့် သူများမှာ အဆက်အသွယ်ပင် မရဟု ဆိုသည်။ ၎င်းတို့သည် ဥပုသ်လတွင် ဥပုသ်စောင့်ထားသော်လည်း ဥပုသ်ထွက်သည့် အချိန်တွင် ၀ါဖြေရန်ပင် ခက်ခဲခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။ 

ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးအချို့က အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက်ကြည့်ရှု၍ ပြေလည်အောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း မည်ကဲ့သို့ ပြေလည်အောင် ပြုလုပ်ပေးမည်၊ မွတ်စလင်များ၏ အသက်အိုးအိမ် စည်းစိမ်များကို လုံခြုံအောင် ဆောင်ရွက်ပေးမည်ကို မသိရှိရသေးပေ။

မွတ်စလင်များကို အကြမ်းဖက်နေသည့် အချိန်တွင် ဖေ့စ်ဘုတ် အကောင့် အချို့တွင် ဓါတ်ပုံများကို အချိန်နှင့် တပြေးညီ တင်ပြပြီးနောက် နာရီပိုင်း အကြာတွင် အဆိုပါ ဖေ့စ်ဘုတ် အကောင့်များ ဖျက်သိမ်းသွားသည်မှာ ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က ဖြစ်ပွားသည့် အဓိကရုဏ်းများ အချိန်က ပြုလုပ်ခဲ့သည်များနှင့် ပုံစံတူနေသည်ကို တွေ့ရသည်။ 

အစိုးရသစ် ပြောင်းလဲလာပြီးနောက် မြန်မာမွတ်စလင်များ အပေါ် အကြမ်းဖက်ခြင်း၊ ခွဲခြား ဆက်ဆံခြင်းများ ပျောက်ကွယ် သွားမည်ဟု ယူဆခဲ့ကြသော်လည်း ယခုအချိန်ထိ ယခင်အစိုးရများ ကဲ့သို့ ခွဲခြားဆက်ဆံခြင်းများ ရှိနေပြီး၊ အစိုးရသစ် လက်ထက်တွင် ဗလီဖျက်ခြင်း၊ အကြမ်းဖက်ခြင်းများ ယနေ့ ပထမဦးဆုံး ဖြစ်ပွားခဲ့သည်။








Comment ရေးရန်

Rohingya Exodus