နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးရန့်ချောင်း ကျီးနှုတ်သီးမှ ရာအိမ်မှူးနှင့်အတူ အုပ်ချုပ်ရေးမှူးပါ ဖြုတ်ရန် ဒေသခံများ တောင်းဆို



RB News
24.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ငါးရန့်ချောင်း ကျေးရွာအုပ်စု၊ ကျီးနှုတ်သီးရွာမှ ရာအိမ်မှူး ဦးအဘာစ်မျာ (ဘ) ဦးနော်ဇူမျာသည် (၂၇) နှစ်ကြာ ရာအိမ်မှူး အဖြစ် တာဝန်ထမ်းဆောင်ပြီးမှ လွန်ခဲ့သည့် ဇွန်လ (၂၂) ရက်နေ့က ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးက တရားဝင် အမိန့်စာ ထုတ်ပြန်၍ ရာထူးမှ ရပ်စဲခဲ့သည်။

ဦးအဘာစ်မျာသည် ၂၇ နှစ်ကြာ ရာအိမ်မှူး တာဝန်ထမ်းဆောင်စဉ် ကာလတွင် ဒေသခံရွာသားများကို လူသားချင်း မစာနာ ညှဉ်းပန်းနှိပ်စက် ငွေညှစ်ခဲ့သည်။ ၎င်းအား မြို့နယ် အုပ်ချုပ်ရေးမှူးက ရာထူးမှ ရပ်စဲသည့် အမိန့်စာတွင်လည်း ၎င်း၏ လုပ်ရပ်များကို ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။ ၎င်းသည် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ကို တစ်ဦးတည်း ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှနှင့် အတူ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကျေးရွာအတွင်း လိုင်စင်ရ ဓါးပြ၊ သောင်းကျန်းသူ သဖွယ် ရွာသားများကို ညှဉ်းပန်း နှိပ်စက် ခြိမ်းခြောက် ငွေညှစ်ရန် ကျေးရွာအတွင်း အမြင့်ဆုံး အာဏာရှိသူ၏ ခွင့်ပြုချက် မပါဘဲ လုပ်ဆောင်၍ မရသည်ကို သုံးသပ်ရန် လိုအပ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

“ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှရဲ့ ခွင့်ပြုချက်နဲ့ အဘာစ်မျာက ဆိုးသွမ်းခဲ့တာ။ အဘာစ်မျာက ရွာသား တစ်ယောက်ဆီက ငွေ ၃ သိန်း ညှစ်တယ်ဆိုရင် ၂ သိန်းက ကောင်းစိန်လှ ယူတယ်။ အဘာစ်မျာက ၁ သိန်းပဲ ရတယ်။ အဲလိုဆိုတော့ ကောင်းစိန်လှက အဘာစ်မျာကို ဒုစရိုက်လုပ်ခိုင်းပြီး ထိုင်စားနေတာ။ အခု အဘာစ်မျာကို ဖြုတ်လိုက်တော့လည်း အဘာစ်မျာ နေရာမှာ အခြားလူဆိုး တစ်ယောက်ဖြစ်လာအောင် ကောင်းစိန်လှက နောက်ကွယ်ကနေ ကြိုးကိုင်မှာဘဲ။ အဲဒါကြောင့် ကျွန်တော်တို့ ဒေသခံတွေက ကောင်းစိန်လှကိုပါ ဖြုတ်စေချင်တယ်၊ ကောင်းစိန်လှရဲ့ လုပ်ရပ်တွေ အားလုံးကိုလည်း စစ်ဆေး ကြည့်စေချင်တယ်” ဟု ဒေသခံများ ကိုယ်စား ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဦးအဘာစ်မျာသည် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများမှ တဆင့် လာဘ်ငွေပေး၍ ရာအိမ်မှူး ရာထူး ပြန်ရရန်လည်း ကြိုးစားနေကြောင်း ဒေသခံများက ပြောပါသည်။ ဒေသခံများ အနေဖြင့် ဦးအဘာစ်မျာ ရာထူးပြန်ရသည်ကို လုံးဝ မလိုလားသည့် အပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှအား ရာထူး ဖယ်ရှားပေးရန်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးကို RB News မှ တဆင့် တောင်းဆိုသည်ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus