နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘက်မလိုက်ဘူးဆိုတဲ့ ကုလ အထူးကိုယ်စားလှယ် (အပိုင်း နှစ်)

မစ္စတာ ကင်တားနား နဲ့ ဦးဝင်းမြ

ဦးကျော်ဇံသာ
ဗွီအိုအေ မြန်မာပိုင်း
4.9.2013

သုံးသပ်ချက် အစီအစဉ်မှာ မြန်မာနိုင်ငံ သွားရောက် ခဲ့တဲ့မြန် မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စား လှယ် သော မတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) နဲ့ သူ့ခရီးစဉ် အတွင်း ကြုံတွေ့ခဲ့ ရတာ တွေနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာ က ဆက်သွယ် မေးမြန်း ထားတဲ့ ဆွေးနွေးခန်း ဒုတိယ ပိုင်းကို ဆက်လက် တင်ပြ ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား မြန်မာ နိုင်ငံမှာ ဒီတာဝန်ကို စတင် ထမ်းဆောင် ရတာ ၂၀၀၈ က ဆိုတော့ အဲဒီ ထဲက စပြီးတော့ အခု နောက်ဆုံး ရောက်ခဲ့တဲ့ အချိန် အထိ ဒီကြားမှာ မြန်မာ နိုင်ငံရဲ့  လူ့အ ခွင့် အရေး အခြေ အနေ ယေဘုယျ အားဖြင့် ဘယ်လောက် တိုးတက် ပြောင်းလဲ လာပြီလဲ ဆိုတာ နည်း နည်း အကျဉ်း ရုံးလေး ရှင်းပြပေးပါ။ 

ကင်တားနား ။ ။ အခုအခါမှာ အရပ်သား အစိုးရ ရှိနေပါပြီ။ ဒီ အရပ်သား အစိုးရဟာ လွတ်လပ်ပြီး၊ တရား မျှတတဲ့ ရွေးကောက်ပွဲနဲ့ တက်လာ တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ အစိုးရဟာ မီဒီယာ လွတ်လပ် ခွင့် ၊ နိုင် ငံရေး အကျဉ်းသားတွေ လွှတ်ပေး တာတို့၊ ဆန္ဒပြ စုဝေးခွင့် အတွက် အလား အလာ ရှိလာဖို့ စတဲ့ လူ့ အခွင့် အရေး ကိစ္စရပ် တွေမှာ ရှေ့တိုး ပြီးတော့ ဆောင်ရွက် နေပါတယ်။ တကယ့် ဒီမိုကရေစီ ပြည့်ဝတဲ့ အ ဆင့် ရောက်ဖို့တော့ အချိန်ယူ ရအုံးမှာပါ။ တခြား တဖတ် မှာလည်း ဆန္ဒပြလို့ အဖမ်းခံ ရတာတွေ ၊ နောက် မီဒီယာ လွတ်လပ် ခွင့်ကို ထိပါး စေမယ့် ဥပဒေကြမ်း တခု ရှိနေတာ။ အရပ်ဖက် လူ့အဖွဲ့ အ စည်း တွေနဲ့ ပတ်သက် ပြီးတော့ ထိန်းချုပ် လိုတဲ့ ဥပဒေ ကြမ်းတခု ရှိနေတာ ကိုလည်း ကျနော်တို့ အနေနဲ့ လက်မ ခံ နိုင်ပါဘူး။ ကျနော့် တာဝန် ကတော့ မြန်မာ နိုင်ငံ အနာဂတ် အတွက် အကောင်းဆုံး ဖြစ်အောင် လို့ လို အပ်တာ တွေကို အလေးထား ထောက်ပြဖို့ ဖြစ်ပါတယ်။ ဒီအထဲမှာ တိုင်းရင်းသား လူမျိုးစု တွေနဲ့ တ ရား ဝင် သဘော တူညီမှုတွေ ရရှိဖို့လည်း ပါဝင် ပါတယ်။ ပြည်တွင်း ပဋိပက္ခ ဒဏ်ကို ခံစားလာ ရတဲ့ တိုင်း ရင်း သား အောက်ခြေ လူတန်းစား တွေအားလုံး လူမှု့ အသိုင်း အဝိုင်း တိုးတက်မှု ဖြစ်စဉ်မှာ ပါဝင်လာ မှ လည်း အခြေခံ ခိုင်မာ ပြီးတော့ လမ်းကြောင်း မှန်ကို ချီတက် နိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား တို့ရဲ့ အာဂျင်းတီးနား နိုင်ငံ မှာလည်း တချိန် တုန်းက စစ်အာဏာရှင် စနစ်အောက် ကနေ ရုန်းထွက် လာခဲ့ ရတာပဲ ဖြစ်ပါတယ် ဆိုတော့။ အဲဒီ အတိတ် ကာလ က ခါးသီးတဲ့ ဖြစ်ရပ် တွေကို ဘယ်လို ချုပ်ငြိမ်စေ ခဲ့သလဲ ဆိုတာကို နည်းနည်း ရှင်းပြပါလား။

ကင်တားနား ။ ။ သိပ်မကြာခင် ကပဲ မြန်မာနိုင်ငံမှာ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေး တော်ပုံ အထိမ်း အ မှတ်တွေ လုပ်တာ တွေ့ရ ပြီးတော့ ကျနော်ဟာ အကောင်းမြင် ပြီးတော့ တကယ့် အောင်မြင်မှု ရလာ လိမ့်မယ် လို့ ယုံကြည်ခဲ့ ရပါတယ်။ ဒီမိုကရေစီ အတွက် နှစ်ရှည်လများ ရုန်းကန် လှုပ်ရှား လာခဲ့ရ သူတွေ ဟာ အတိတ်က ဖြစ်ရပ် တွေကို ပြန်ပြောင်း ကြည့်ရ မှာပါ။ မြန်မာ နိုင်ငံရဲ့  အတိတ် ဖြစ်ရပ် တွေဟာ အမြဲ တမ်း ပြန်ပြန် ပေါ်လာ မှာပါ။ မေ့ဖျောက်လို့ မဖြစ်နိုင် ပါဘူး။ ဒီနေရာမှာ ခွင့်လွှတ် ခြင်းက သိပ်အရေး ကြီး ပါတယ်။ ဗုဒ္ဓဘာသာ အလို အရလည်း သိပ်အရေး ကြီးတယ် ဆိုတာ ကျနော် နားလည်း ပါတယ်။ ဒီနေရာမှာ လူထုအနေ နဲ့လည်း နှစ်ပေါင်း များစွာ ခံစားခဲ့ ရတဲ့ နာကျင် မှုတွေ၊ အနာ ကျပ်ဖို့ လိုအပ် ပါတယ်။ ဒါကြောင့်မို့ ၈၈ အထိမ်း အမှတ် လုပ်ရပ်မျိုး ဆက်လုပ် သွားဖို့ ကျနော် အားပေး တိုက်တွန်း လိုပါ တယ်။ ကျနော်တို့ အာဂျင်းတီးနား အတွေ့အကြုံ အရလည်း အတိတ်ကို ပြည်ကြည့်ပြီး သင်ယူရပါ တယ်။ ရှေ့တိုးမယ့်လမ်းအတွက်ခိုင်မာအောင်၊ပြတ်သားအောင် လုပ်ရပြီးမှ နိုင်ငံကိုပြန်လည် တည်ဆောက် ခဲ့ ကြတာပါ။ ဒါဟာ အာဂျင်းတီးနားက ရယူနိုင်တဲ့ သင်ခန်းစာပါ။ ကျနော်ဟာ ရှစ်လေးလုံး ကာလ အတွင်းက သေဆုံး ခဲ့တဲ့ ကျောင်းသူလေး ဝင်းမော်ဦးရဲ့ မိဘတွေ နဲ့လည်း တွေ့ခဲ့ပါတယ်။ သူတို့ဟာ သာမန်လူ တွေပါ။ ဒါပေမဲ့ သူတို့ သမီးလေးဟာ ဒီမိုကရေစီ အတွက် ဘယ်လောက် အထိ ခိုင်ခိုင် မာမာ ရပ်တည် သွားတဲ ဆိုတာ ပြောတဲ့ နေရာ မှာတော့ အာမာန် အပြည့်နဲ့ တက်တက်ကြွကြွ ရှိကြ ပါတယ်။ ဒီလိုပဲ အတိတ် ဖြစ်ရပ်ကို ပြန်ပြောရ၊ သုံးသပ်ကြ ရပါလိမ့်မယ်။ ကြောက်နေစရာ၊ ရှက်နေစရာ မလိုပါဘူး။ ဒါတွေဟာ ပြည်သူ တွေရဲ့ ဘဝ အစိတ်အပိုင်း တခု ဖြစ်သလိုပဲ၊ နိုင်ငံရဲ့ သမိုင်းလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မစ္စတာကင်တားနား ခင်ဗျား … အဲဒီလို ရက်စက်မှုကိုကျူးလွန် ခဲ့ကြတဲ့ သူတွေ က သူတို့ နှောင်တရ ကြလို့လား။ ဒီကိစ္စမှာ။

ကင်တားနား ။ ။ ပြစ်မှု ကျူးလွန် သူတွေကို တချိန်ချိန်မှာ ဖော်ထုတ် ရမှာပါ။ ဒါဟာ ဒီဖြစ်စဉ် ဘယ်အ ထိ ရောက်နေပြီလဲ ဆိုတာ နိုင်ငံရေး အင်အားစု တွေရဲ့ အခြေ အနေပေါ် မူတည်ပြီးတော့ တချိန်ချိန် မှာတော့ ဖြစ်ပေါ် လာမှာပါ။ ဒါပေမဲ့ အရေးကြီး တာက ဘာတွေဖြစ် ခဲ့တယ် ဆိုတာကို အရင်ပြော ကြရမှာ ပါ။ ထိမ်ချန် ထားလို့ မရပါဘူး။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာ နိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး အတွက် ပြုပြင် ပြောင်းလဲ မှုတွေ ရှေ့ ကို တိုးဖို့ အတွက် အဓိက စိန်ခေါ် နေတဲ့ အဟန့် အတားက ဘာလို့ ထင်ပါသလဲ။ 

ကင်တားနား ။ ။ အခု အရပ်သား အစိုးရ လက်ထက်မှာ အရပ်ဖက် လူမှု့ အဖွဲ့အစည်း တွေကို နေရာတကာ ပါဝင် ခွင့်ပြု လာတာ အပါအဝင် ပွင့်လင်း မှုတွေ အများကြီး တွေ့လာ ရပါတယ်။ ဒါဟာ သိပ်ကောင်းတဲ့ အလား အလာပါ။ ဒါကို ဆက်လုပ် သွားရမှာပါ။ ဒီနေရာမှာ ကျနော့်ရဲ့ စိုးရိမ်မှု ကတော့ အရပ်ဖက် အဖွဲ့အ စည်း တွေရဲ့ လုပ်ဆောင် ချက်တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းမှာ လွှတ်တော် အခုရောက် နေ ပါတယ်။ ဒီ ဥပဒေ ကြမ်းဟာ အရပ်ဖက် အဖွဲ့အစည်း တွေရဲ့ လှုပ်ရှားမှု၊ ဖွဲ့စည်းမှု တွေကို ကန့်သတ်မယ့် သဘော တွေ့ နေ ရပါတယ်။ အစိုးရ အနေနဲ့ အရပ်ဖက် လူ့အဖွဲ့ အစည်းတွေရဲ့ သဘောထားကို နားထောင် သင့်ပါတယ်။ သူတို့ကို အလေးထား ပြီးတော့ အားပေးဖို့ လိုပါတယ်။ ဒီ အရပ်ဖက် လူ့အဖွဲ့ အစည်းတွေ ဖွဲ့စည်းဖို့ အရေး ကို မှတ်ပုံတင် ရမယ်ဆိုပြီးတော့ မကန့်သတ် သင့်ဘူးလို့ ထင်ပါတယ်။ 

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဘာသာရေး အခြေခံတဲ့ လူမှုရေး ပဋိပက္ခ တွေနဲ့ ပတ် သက်လို့ မစ္စတာကင်တားနား ဘယ်လိုသဘောရ ပါသလဲ။ တချို့ ကဗုဒ္ဓဘာသာဘုန်းတော်ကြီး တ ချို့ ဟောပြောနေတဲ့ တရားတွေဟာ အမုန်း တရားတွေ ဖြစ်တယ် လို့လည်း ဆိုနေ ကြပါတယ်။ မစ္စတာ ကင်တားနားရဲ့ သဘောထား ကိုလည်း သိပါရစေ။ ဒီကိစ္စမှာ မစ္စတာ ကင်တားနား က ဒီဟောပြော နေတဲ့ တရား တွေဟာ အမုန်း တရားတွေ ဖြစ်တယ် ဆိုတာကို သဘောတူ ပါသလား။

ကင်တားနား ။ ။ ပထမ ဦးဆုံးက ဘာသာရေး အသိုင်းအဝိုင်း၊ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း တချို့ရဲ့ အမြင်တွေ၊ ခံစားချက် တွေကို ကျနော်တို့ နားလည်း သဘောပေါက်ဖို့ လိုအပ် ပါလိမ့်မယ်။ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း တချို့ဟာ ကျန်ဘာသာရေး အသိုင်း အဝိုင်းတွေ ကြီးထွား လာတာကို စိုးရိမ် မကင်း ဖြစ်နေ ကြပါတယ်။ ဒါကို ထည့်သွင်း စဉ်းစား ကြရမှာပါ။ ကျနော်တို့ နားထောင်ဖို့ လိုအပ် ပါတယ်။ ပြဿနာက ဒီ သဘော ထား ခံစားချက် တွေဟာ ကျန်ဘာသာ ဝင်တွေကို ဆန့်ကျင် မုန်းတီးအောင် လှုံဆော် မှုတွေ ဖြစ်လာတဲ့ အခါမှာ အကြမ်းဖက် မှုတွေအထိ ဖြစ်ပွါး လာခြင်းပါ။ အဲဒီ အခါမှာ သာမန် ပြည် သူ တွေ ဟာ အကြမ်းဖက် မှုဒဏ်ကို ခံကြ ရပါတယ်။ ဗုဒ္ဓ ဘာသာဝင် သာမန် ပြည်သူတွေ၊ မူစလင် သာ မန် ပြည်သူ တွေပါ ခံစား ကြရတာပါ။ ဒီအချက်ဟာ သိပ်အရေး ကြီးတဲ့ အချက်ပါ။ အလား အ လာ ကောင်း မွန် တိုးတက် မှုရှိတဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း တချို့ကို ကျနော် မြန်မာနိုင်ငံမှာ တွေ့ခဲ့ရ ပါတယ်။ စိုးရိမ် ဖွယ် ရှိသေး တယ်လို့ ဆိုရမယ့် အသိုင်းအဝိုင်း တချို့လည်း တွေ့ခဲ့ ပါတယ်။ မြန်မာနိုင်ငံဟာ ဒီကြား ကာလ ကို ဘယ်လို ဖြတ်ကျော် နိုင်မလဲ ဆိုတာဟာ စိမ်ခေါ်မှု တရပ်ပါ။ တဖက်နဲ့ တဖက် ပဋိပက္ခကို ရှောင်လွှဲပြီး ဘယ်လို ပြေလည်အောင် ဆောင်ရွက် မလဲ ဆိုတာ စိမ်ခေါ်မှုပါ။ 

ဦးကျော်ဇံသာ ။ ။ ဒါ့အပြင် အဲဒီလို ဗုဒ္ဓဘာသာ အသိုင်း အဝိုင်း တချို့က ဦးဆောင် ပြီးတော့ ဗုဒ္ဓဘာသာ အမျိုးသမီးတွေ မူစလင် ဘာသာဝင် တွေနဲ့ လက်ထပ် ထိမ်းမြားရေး ကိစ္စကို ကန့်သတ်တဲ့ ဥပဒေ ကြမ်း တခု လွှတ်တော်မှာ တင်သွင်းဖို့ ကြိုးပမ်း နေကြတယ်လို့ သိရပါတယ်။ ဒီဟာကို ထောက်ခံမယ့် လူတွေရဲ့ လက်မှတ်ကို စုဆောင် နေတာလည်း လက်မှတ်ပေါင်း နှစ်သန်းကျော် ရပြီလို့ ဆိုကြပါတယ်။ တချို့ က လည်း ဒီ ဥပဒေမျိုးကို ကန့်ကွက် သင့်တယ်လို့ ပြောနေ ကြပါတယ်။ မစ္စတာ ကင်တားနားက ဒီ ကိစ္စကို ကန့်ကွက် လိုပါသလား။ 

ကင်တားနား ။ ။ ဘာသာ တရား တိုင်းဟာ သူတို့ရဲ့ မူဝါဒကို သူတို့ ဘာသာ ချမှတ် ပိုင်ခွင့် ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ဗုဒ္ဓဘာသာ ဝင်တွေက သူတို့ အမျိုးသမီးတွေ ဘာသာခြားကို လက်မထပ် စေချင် ဘူးဆိုရင် လည်း ဒါ သူတို့ရဲ့  ဆန္ဒပါ။ သူတို့ သဘောနဲ့ သူတို့ပါ။ ကျနော် တို့က လေးစား ရမှာပါ။ ဒီနေရာမှာ လူ့အခွင့် အရေး သံတမန် တယောက် အနေနဲ့ ကျနော် စိုးရိမ်တာ ကတော့ ဒီလိုမျိုး မူဝါဒမျိုးကို အစိုးရက လိုက်နာ ကျင့်သုံး နေသလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ လူ့အခွင့် အရေး ရှုထောင့်က မေးရမယ့် မေးခွန်း ကတော့ ဖွဲ့စည်းပုံ ဥပဒေ နဲ့လည်း ပတ်သက် နေပါတယ်။ ဒီကိစ္စမျိုး ပါလီမန်မှာ ဆွေးနွေး ကြတဲ့အခါ အစိုးရက ဘယ်လောက် ပါဝင် ချယ်လှယ် သလဲ ဆိုတာပါ။ ဘာသာခြား ကို လက်မထပ် ရဘူး ဆိုတာ ဘာသာရေး အုပ်စု တခုစီနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူ တရပ်လုံးနဲ့ ပတ်သက် လာတဲ့ အခါ မှာတော့ အခြေ အနေက နောက်တမျိုးပါ။ အစိုးရရဲ့ ပယောဂ မပါစေ သင့်ပါဘူး။ 

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လူအများစုရဲ့ ဆန္ဒနဲ့ အညီ ပါလီမန်က ဆုံးဖြတ်တယ် ဆိုရင်တော့ ဘာမှ ပြော စရာ မရှိဘူး ဆိုတဲ့ သဘောပေါ့။ 

ကင်တားနား ။ ။ မှန်ပါတယ်။ ပါလီမန် ဆိုတာ လူထု သဘော ဆန္ဒကို ကိုယ်စားပြု ပါတယ်။ ဒါပေမဲ့ ဒီလူထု သဘော ထားက ဖွဲ့စည်းပုံ ဥပဒေ ကိုတော့ မကျော်လွှာ သင့်ပါဘူး။ ဖွဲ့စည်းပုံ ဆိုတာ မြန်မာ ပြည်ကို ဘယ်လို ဖွဲ့စည်း တည်ထောင် မယ်ဆိုတာ ဗဟိုပြု ထားတဲ့ ပင်မ ဥပဒေပါ။ ဒါကြောင့် တဖတ် မှာတော့ ပါလီမန်က ခင်များ ပြောသလို လူထု ဆန္ဒကို ကိုယ်စား ပြုပါတယ်။ လူထုရဲ့ ဆန္ဒကို ဥပဒေဖြစ် ပေးဖေါ် ရပါတယ်။ ဒီနေရာမှာ ခင်များ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ တခြား တဖက် မှာတော့ ပါလီမန်က ပြဌာန်းတဲ့ ဥပဒေ တိုင်းဟာ အခြေခံ ဥပဒေနဲ့ ကိုက်ညီဖို့ လိုအပ် ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဖွဲ့စည်းပုံနဲ့ တလွှဲ တခြား ဆီ ဖြစ်သွား ပါလိမ့်မယ်။ 

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခု မြန်မာ နိုင်ငံမှာ ကျင့်သုံး နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ကိုယ်၌က အငြင်း ပွား စရာ controversial ဖြစ်မနေ ဘူးလား။

ကင်တားနား ။ ။ ခင်များ ပြောတာ မှန်ပါတယ်။ ဒီ ဖွဲ့စည်းပုံကို လက်မခံတဲ့ လူတစ်စု ရှိပါတယ်။ ဒါဟာ ၂၀၀၈ မှာ ဆန္ဒခံ ယူပွဲနဲ့ အတည်ပြု ပေးခဲ့ ပါတယ်။ ကျနော် အဲဒီတုန်းက ဒီတာဝန်ယူ ထားပြီး ပါပြီ။ ကျနော့် အမြင် အရ ဒီဆန္ဒ ခံယူပွဲက လွတ်လပ်မှု၊ တရား မျှတမှု မရှိပါဘူး။ ဒါပေမဲ့ ပိုပြီးတော့ တိတိ ကျကျ ပြောရမယ် ဆိုရင်တော့ အဲဒီ ခင်များပြောတဲ့ အငြင်းပွားမှု ဖြစ်နေတဲ့ အစိတ် အပိုင်းက ဒီဘာ သာရေး ပြဿနာနဲ့ အဆက် အစပ်မရှိ ပါဘူး။ နိုင်ငံ သားမည် သူမဆို သမ္မတ ဖြစ်နိုင် သလား။ဥပ မာ ဒေါ်အောင် ဆန်း စုကြည်လို ပုဂ္ဂိုလ်တွေကို ကန့်သတ် ထားသလား။ စစ်တပ်ရဲ့ အခန်း ကဏ္ဍနဲ့ ပတ် သက်တဲ့ ပြဌာန်းချက် စတဲ့ ပြဿနာ တွေသာ ဖြစ်ပါတယ်။ ဘာသာရေး ကိစ္စနဲ့တော့ ဘာမှ မဆိုင် ပါ ဘူး။ 

ဦးကျော်ဇံသာ ။ ။ အခုတကြိမ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို ရောက်တော့ မြန်မာ နိုင်ငံမှာ ဖွဲ့စည်း ထားတဲ့ မြန်မာ့ လူ့အခွင့် အရေး ကော်မရှင် ဆိုတာ ကိုရော သီးခြား လွတ်လပ်မှု ရှိတဲ့ အဖွဲ့အစည်း တခု အဖြစ် ပီပီပြင်ပြင် ပေါ်နေပြီလား။ သို့တည်း မဟုတ် အစိုးရ သြဇာ လက်အောက် မှာပဲ ရှိနေသေး လား။

ကင်တားနား ။ ။ အစိုးရရဲ့ သြဇာ လွှမ်းမိုး လက်အောက် မှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။ ကော်မရှင် အဖွဲ့ ဝင် တွေကိုယ် ၌က သူတို့ ဟာ ဖွဲ့စည်းပုံ အရ လွတ်လပ်တဲ့ အဖွဲ့ အစည်း မဟုတ် သေးဘူး ဆိုတာကို အ သိ အမှတ် ပြုပြီ ဖြစ်ပါတယ်။ ပိုပြီးတော့ လွတ်လပ် တဲ့ အဖွဲ့တခု ဖြစ် လာအောင် ဥပဒေ တရပ် အဆို ပြု ဖို့ ပြင် ဆင် ကြမယ် လို့ လည်း ဆိုပါတယ်။ ဒီအဆင့် မှာပဲ သူတို့ ဆောင်ရွက် နေကြတာ အများကြီး ရှိနေ ပါ တယ်။ ကျနော် တို့ အားပေး သင့်ပါတယ်။ 

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာ ကတော့ မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို ဘယ်တော့ ပြန် သွား အုံးမလဲ။ 

ကင်တားနား ။ ။ ၂၀၁၄ ဖေဖေါ်ဝါရီလ လောက်မှာပြန်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါဟာကျနော့်ရဲ့  နောက် ဆုံး ခရီး ဖြစ်ပါ လိမ့် မယ်။ မတ်လ ကျရင် ဂျီနီးဗားနဲ့ ကုလသ မဂ္ဂတို့ကို သွားပြီးတော့ နောက်ဆုံး အစီ ရင်ခံ စာတင်သွင်း ရတော့ မှာဖြစ် ပါတယ်။ ခြောက်နှစ်ကြာ တာဝန်ယူ ပြီးတော့ တင်သွင်း ရ မယ့် နောက် ဆုံးအစီရင် ခံစာပါ။ 

ဦးကျော်ဇံသာ ။ ။ ဒီအပြင် ထပ်ပြီးတော့ နောက်ထပ်သက်တမ်း မတိုးတော့ ဘူးလား။

ကင်တားနား ။ ။ မတိုးတော့ ပါဘူး။ တနှစ်တကြိမ် သက်တမ်းတိုးလာတာ ခြောက်ကြိမ်ပဲ တိုးခွင့် ရှိပါ တယ်။

Comment ရေးရန်

Rohingya Exodus