ချောင်းဝမှ နယ်ခြားစောင့်ရဲ များက ဒေသခံ တစ်ဦး၏ ပုဇွန်ကန်မှ ငါး၊ ပုဇွန်များ မတရားသဖြင့် နေ့စဉ် ဖမ်းယူနေ
Rohingya Eye
RB News
2.6.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပင် ကျေးရွာ၏ အနောက်ဘက်ခြမ်းရှိ ခြံစည်းရိုးနှင့် ကပ်လျက် တည်ရှိသော ဦးဟာကိမ်းနူမာန် (အသက် ၈၀ နှစ်) ၏ ပုဇွန်ကန်ကို ၂၀၁၆ - ၂၀၁၇ အတွက် ငွေကျပ် ၁၉ သိန်းခွဲဖြင့် ဦးအဒူမာလဲခ် (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၄၀ နှစ်) ကို ငှားရမ်းခဲ့သည်။
အဆိုပါ ပုဇွန်ကန်နှင့် ကပ်လျက် ချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တည်ရှိပြီး၊ ယခင်က အဆိုပါ ကင်းစခန်းဘက်က မည်သည့် အနှောက်အယှက် ပေးမှုမှ ကြုံတွေ့ခဲ့ခြင်း မရှိခဲ့ပေ။ မေလ (၂၈) ရက်နေ့တွင် အသစ် ပြောင်းရွှေ့လာသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ရဲအုပ်သည် ၎င်း၏ လက်အောက်ငယ်သားများအား ပုဇွန်ကန်မှ ငါးများ၊ ပုဇွန်များကို ငါးဖမ်းပိုက်များဖြင့် နေ့စဉ် ဖမ်းခိုင်းလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထိုသို့ မတရားသဖြင့် ငါးများ ပုဇွန်များ ဖမ်းနေခြင်းကို ဦးအဒူမာလဲခ်က သွားရောက် ကန့်ကွက် ပြောဆိုသော်လည်း ရပ်တန့်ခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ မရပ်တန့်သည့် အပြင် ဦးအဒူမာလဲခ်အား ဆူပူ ကြိမ်းမောင်းဆဲဆို၍ တုန့်ပြန်သည်ဟု ဆိုသည်။
ထိုကဲ့သို့ မတရားသဖြင့် ဖမ်းနေခြင်းကြောင့် ပုဇွန်ကန် ငှားရမ်း လုပ်ကိုင်နေသော ဦးအဒူမာလဲခ်က အရှုံးပေါ်မည်ကို စိုးရိမ်လျက် ရှိနေသည်။ ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ဦးအဒူမာလဲခ်၏ မိသားစုအား ငဲ့ညှာ၍ အဆိုပါ ရဲအုပ်နှင့် တပ်ဖွဲ့ဝင် များ၏ မတရားသော လုပ်ရပ်ကို ဟန့်တားပေးရန် တောင်းဆိုသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။