နောက်ဆုံးသတင်း/ဆောင်းပါးများ

လူငယ်ဘာသာရေး ဆရာတစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သမ္မတထံ တိုင်ကြားစာ

အသတ်ခံရသည့် မော်လ၀ီ အာနီစူရာဟ်မာန်

သို့/

ဦးထင်​​ကျော်
နိုင်​ငံ​တော်​သမ္မတ
သမ္မတရုံး၊ ​နေပြည်​​တော်​။

ရက်​စွဲ ။ ။ ၂၀၀၆ ခုနှစ်​၊ ဇူလိုင်​လ (၃၀) ရက်

အ​ကြောင်းအရာ ။ ။ လူငယ်​ ဘာသာ​ရေး ဆရာ တစ်​ဦးကို လူမဆန်​စွာ ညှဉ်းပန်း နှိပ်​စက်​၍ သတ်​ဖြတ်​ခဲ့သည့် နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့ကို​ အ​ရေးယူ​ပေးပါရန်​ တိုင်​ကြားခြင်း။

လေးစားစွာဖြင့်

၁။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​​ တောင်​ပိုင်း၊ ပဒင်း​ကျေးရွာ အ​ခြေစိုက်​၊ မကျည်း​ချောင်း နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ စခန်းမှ နယ်​ခြား​စောင့်​ရဲ များသည် ၂၀၁၆ ခုနှစ်​ ဇူလိုင်လ (၅) ရက်နေ့၊ ညသန်း​ခေါင်​​ကျော်​ (၁) နာရီခန့်​အချိန်​တွင်​ ​ဂေါ်ဒူသာရ​ကျေးရွာ​မှ လူငယ်​ ဘာသာ​ရေးဆရာ မော်လဝီအာနီစူရာဟ်မာန် (ဘ) မော်လဝီဆီးရာစ် (အသက် ၂၂ နှစ်) ၏ ​နေအိမ်​ကို စီးနင်းဝင်​​ရောက်၍ တစ်​အိမ်​လုံးကို ပိုက်​စပ်​တိုက်​ရှာ​ဖွေခဲ့ပြီး ​ဥပ​ဒေနှင့်​ ဆန့်​ကျင်​​သော အရာတစ်ခုမှ မ​တွေ့ရှိခဲ့​သော်​လည်း ၎င်းကို RSO နှင့်​ အဆက်​အသွယ်​ ရှိသည်​ဟု စွပ်စွဲ၍ ဖမ်းဆီး ​ခေါ်​ဆောင်​သွားခဲ့ပါသည်​။ ထို့​နောက်​ မကျည်း​ချောင်း စခန်းမှ နယ်​ခြား​စောင့်​ရဲများက မော်လဝီအာနီစူရာဟ်မာန်ကို တစ်​ညလုံး ရိုက်​နှက်​၍ စစ်​​ဆေးခဲ့​​သော်​လည်း မော်လဝီအာနီစူရာဟ်မာန်က ၎င်းသည်​ မည်​သည့်​ အဖွဲ့အစည်းနှင့်​မှ ဆက်​နွယ်​ ပတ်​သက်​​နေမှု မရှိပါဟု အမှန်​အတိုင်း ​ဖြေဆိုခဲ့ပါသည်​။ ထို့​နောက်​ မကျည်း​ချောင်း စခန်းမှူးက ၎င်းကို ​ငွေကျပ်​ သိန်း (၅၀) ​ပေးလျှင်​ လွှတ်​​ပေးမည်​ဟု ​ပြောဆိုခဲ့​သော်​လည်း မော်လဝီအာနီစူရာဟ်မာန်က ၎င်းတွင် ဤမျှ များပြားသည့် ငွေကြေး မတတ်နိုင်ဟု ဆိုကာ ​​ငွေပေးရန်​ ငြင်းဆန်​ခဲ့သည်​။ ထို့​ကြောင့်​ ​​နောက်​တစ်​​နေ့တွင်​ မော်လဝီအာနီစူရာဟ်မာန်ကို မကျည်း​ချောင်းစခန်းမှ (၄) မိုင်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ စခန်းသို့ လွှဲ​ပြောင်း​ပေးခဲ့သည်​။

၂။ (၄) မိုင် နယ်​ခြား​စောင့်​စခန်းမှ ရဲများကလည်း မော်လဝီအာနီစူရာဟ်မာန်ကို အလွန်​တရား ညှဉ်းပန်းနှိပ်​စက်​ပြီး စစ်​​ဆေးခဲ့​သော်​လည်း ၎င်းက မည်​သည့်​အဖွဲ့နှင့်​မှ ဆက်​နွယ်​ ပတ်​သက်​​နေခြင်း မရှိဟု အမှန်​အတိုင်းသာ ထွက်​ဆို ​ခဲ့သော်​လည်း ၎င်းကို အဆိုပါ (၄) မိုင်​ နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့စခန်းမှ ရဲအုပ်​တစ်​ဦးက တရားလိုပြု၍ ဇူလိုင်​လ (၆) ရက်​​နေ့တွင်​ ​မောင်​​တောမြို့နယ်​ တရားရုံးသို့ တင်​ပြီး ရမန်​ရယူကာ ဘူးသီး​တောင်​ အကျဉ်း​ထောင်သို့ ပို့​ဆောင်​၍ ချုပ်​​နှောင်​ ထားခဲ့ပါသည်​။

၃။ ​ထို့​နောက်​​ မော်လဝီအာနီစူရာဟ်မာန်ကို RSO နှင့်​ ဆက်​နွယ်​ ပတ်​သက်​မှု၊ လူသတ်​မှု၊ ၂၀၁၂ အ​ရေးအခင်းတွင်​ ပါဝင်​ခဲ့မှု စသည့်​ ပုဒ်​မများဖြင့်​ ဇူလိုင်​လ (၂၀) ရက်​​နေ့တွင်​ ​မောင်​​တောမြို့နယ်​ တရားရုံး၌ စစ်​​ဆေးခဲ့ပါသည်​။ သို့​သော်​လည်း တရားသူကြီးက တရားခံနှင့်​ တရားလို တို့ကို အပြန်​အလှန်​ စစ်​​ဆေးသောအခါ တရားလို ရဲအုပ်​၏ စွပ်​စွဲမှုများ မမှန်​ကန်​​ကြောင်း ​တွေ့ရှိရသဖြင့်​ ဇူလိုင်​လ (၂၉) ရက်​​နေ့တွင်​ ထပ်မံ၍ ရုံးချိန်းချိန်းဆိုခဲ့သည်​။ ထို့​နောက်​ တရားလိုလုပ်​သူ ရဲအုပ်​က မော်လဝီအာနီစူရာဟ်မာန်ကို ဘူးသီး​တောင်​ အကျဉ်း​ထောင်​သို့ မပို့​ဆောင်​ဘဲ (၄) မိုင်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ စခန်း၌ ချုပ်​​နှောင်​ထားပြီး စွပ်​စွဲထားချက်​များကို ဝန်​ခံလာ​အောင်​​ နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်​စက်​၍ စစ်​​ဆေးခဲ့​သော်​လည်း မမှန်​သည့်​ စွပ်​စွဲချက်​များကို မော်လဝီအာနီစူရာဟ်မာန်က ဝန်​ခံခြင်း အလျဉ်းမရှိခဲ့​ပေ။

၎။ တရားလို ရဲအုပ်​သည်​ မော်လဝီအာနီစူရာဟ်မာန်၏ မိခင်​ကို ဆင့်​​ခေါ်၍ ၎င်း၏ သားကို​ စွပ်​စွဲထားသည့်​ အမှုများကို ​ဖယ်​ဖျက်​ပြီး BD ​ပြေး ပုဒ်​မ တစ်​ခုတည်းဖြင့်​သာ အမှု​ပေါ့​လျော့အောင် လုပ်​​ပေးမည်​ဟု ဆိုကာ ​ငွေသိန်း (၅၀)​ တောင်းခံခဲ့ပြီး မိခင်ဖြစ်​သူကလည်း သားဖြစ်သူ ညှဉ်းပန်းနှိပ်စက် ခံ​နေရမှုဒဏ်​ကို မကြည့်​ရက်​သည့်​အဆုံး ​ဆွေးမျိုးသားချင်း များထံမှ ​ချေးယူ၍ ​ငွေကျပ်​ သိန်း (၄၀) ​ကျော်​​ ​ပေးခဲ့​ကြောင်းလည်း စုံစမ်းသိရှိရပါသည်​။ ထို့​နောက်​ အဆိုပါ တရားလိုပြုလုပ်​​နေသူ ရဲအုပ်​က ဂေါ်ဒူသာရ ​ကျေးရွာတာဝန်​ခံကို ဆင့်​​ခေါ်၍ မော်လဝီအာနီစူရာဟ်မာန်သည်​ BD ပြေး (ဘင်္ဂလား​ဒေရှ့်​ သို့ ထွက်​​ပြေးခဲ့သူ) တစ်​ဦးဖြစ်​​သည်​မှာ မှန်​ကန်​ကြောင်းဟု ဆို၍ ​ထောက်​ခံ​ပေးရန်​ ဖိအား​ပေးခဲ့သဖြင့်​ ​ကျေးရွာတာဝန်​ခံကလည်း ရဲအုပ်​၏ ဖိအား​ပေးမှုကို မခံနိုင်​သည့်​အဆုံး ​ထောက်​ခံ​ပေးခဲ့​ရသည်​။

၅။ သို့​သော်​ ဇူလိုင်​လ (၂၈) ရက်​ညတွင်​ ​ မော်လဝီအာနီစူရာဟ်မာန်သည်​ (၄)​ မိုင်​စခန်းမှ နယ်ခြားစောင့်ရဲများ၏ အလွန်​တရာ လူမဆန်​စွာ ညှဉ်းပန်းမှု​ကြောင့်​ သေဆုံးသွားခဲ့ရသည်။ (၄) မိုင်​စခန်းမှ နယ်​ခြား​စောင့်​ရဲများသည် ဇူလိုင်​လ (၂၉) ရက်​​နေ့၊ နံနက်ပိုင်း အချိန်​တွင်​ မော်လ၀ီအာနီစူရာဟ်မာန်၏ ရုပ်ကလာပ်ကို ​မောင်​​တောပြည်​သူ့​ဆေးရုံသို့ ယူ​ဆောင်​လာပြီး မိသားစုဝင်​များကို ​သတင်း​ပေး ခေါ်ခဲ့သဖြင့်​ မော်လဝီအာနီစူရာဟ်မာန်၏ မိခင်​​သည်​ ​ဆေးရုံသို့ အ​ပြေးအလွှားရောက်​လာချိန်​တွင်​ တရားလိုလုပ်​ခဲ့သူ ရဲအုပ်​ဖြစ်​သူက​ မော်လဝီအာနီစူရာဟ်မာန်၏ မိခင်​​ကို ၎င်း၏ သားသည်​ ညအချိန်​တွင်​ ကိုယ့်​ကိုကိုယ်​ အဆုံးစီရင်​ သွားခြင်းသာဖြစ်​၍ ၎င်းတို့မှာ မည်​သည့်​ တာဝန်​မှ မရှိ​ကြောင်း၊ ဤကိစ္စကို ဌာနဆိုင်ရာသို့ သွား၍ တိုင်​ကြားခြင်း မပြုလုပ်​ရန်နှင့်​ အကယ်​၍ ထိုကဲ့သို့ တိုင်​ကြားခဲ့လျှင်​ သင့်​ကိုပါ သတ်​ဖြတ်​မည်​ဟု ခြိမ်း​ခြောက်ခဲ့ပါသည်​။ အမှန်​တကယ်​တွင်​မှု ရင်​နှစ်​သည်းချာ သား​လေးအသတ်​ခံရ၍ ပူ​ဆွေး​သောက ​ရောက်​​နေမည့်​ မိခင်​တစ်​ဦးကို ​လျော်​​ကြေး​ပေး နှစ်​သိမ့်​​ပေးရမည့်​အစား အပြန်​ ခြိမ်း​ခြောက်​​နေခဲ့မှုသည်​ အလွန်​ပင်​ ရုပ်​ဆိုးအကျည်းတန်​​သော လုပ်​ရပ်​ပင်​ ဖြစ်​​သည်​ဟု ထင်​မြင်​ပါသည်​။

မော်လဝီအာနီစူရာဟ်မာန်​သည်​ လွန်​ခဲ့​သော တစ်​နှစ်​ခွဲ​ကျော်​က အိမ်​​ထောင်​ကျခဲ့သူဖြစ်​ပြီး အမွှာပူး သားနှစ်​ဦး ​ထွန်းကားခဲ့သည်။ ၎င်း၏ ဖခင်​မှာ လွန်​ခဲ့​သော ၃ နှစ်​​ကျော်​ခန့်​က ကွယ်​လွန်​သွားခဲ့ပြီး ၎င်းတွင်​ အားကိုးစရာ ဟူ၍ မိခင်​တစ်​ဦးတည်းသာ ရှိ​နေပါသည်​။
ဆေးရုံတွင်​ ရုပ်​က​လာပ်​ကို ခွဲစိတ်​ပြီးချိန်​၌ မိခင်​ဖြစ်​သူက ၎င်း၏ သားကို မိမိ​ကျေးရွာသို့ ယူ​ဆောင်​သွားပြီး သဂြိုလ်​ခွင့်​ပြုပါရန်​ နယ်​ခြား​စောင့်​ရဲများကို ခယစွာ ​တောင်းပန်​ပြီး ​ပြောဆိုခဲ့​သော်​လည်း နယ်​ခြား​စောင့်​ရဲများက ရုပ်​အ​လောင်းကို မိခင်​ကျေးရွာသို့ ယူ​ဆောင်​ခွင့်​ မ​ပေးခဲ့သည့်​အပြင်​ ရုပ်​ကလာပ်ကို​ အစ္စလာမ်​ဘာသာ​ရေး တရား​တော်​အရ ​ရေးချိုး​ပေးရသည့်​ အခွင့်​မျိုးကို​တောင်​ လုပ်​​ပေးခွင့်​ မ​ပေးဘဲ ည​နေ (၄) နာရီအချိန်​တွင်​ ​မောင်​​တောပြည်​သူ့​ဆေးရုံနှင့်​ နီးစပ်​သည့်​ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ တောင်ရွာဗလီ သင်္ချိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များစွာက လုံခြုံရေးတင်းကျပ်​စွာ ချထားပြီး အတင်းအဓမ္မ သဂြိုလ်​ခိုင်းခဲ့ပါသည်​။

၆။ အသတ်​ခံရသူ၏ ရုပ်​ကလာပ်​ကို အနီးစပ်​ဆုံး မြင်​လိုက်​ရသူ အချို့၏ ​ပြောပြချက်​အရ အသတ်​ခံရသူ၏ ခန္ဓာကိုယ်​​ပေါ်တွင်​ များစွာ​သော ဒဏ်​ရာဒဏ်​ချက်​များ အထင်းသား​ ပေါ်လွင်​​နေ​ကြောင်း၊ ​ခြေကျင်းဝတ်​ကို ဓားဖြင့်​ ခြစ်​​ထားကြောင်း၊ လည်ပင်းတွင်​ ကြိုးစွပ်ပေးထားသလို အနာတရ ဖြစ်​​နေ​ကြောင်း စသည်​တို့ကို ​တွေ့ရှိရသည်​ဟု သိရှိရပါသည်​။

၇။ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌် NVC ကဒ်နှင့် ပတ်သက်ပြီး ဇွန်လ(၂၀) ရက်နေ့၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူးက ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသခံပြည်သူများထံက ငွေညှစ်ခြင်း၊ အနှောက်အယှက် ပေးခြင်း များရှိခဲ့လျှင် ၎င်းထံ တိုက်ရိုက်တင်ပြရန်နှင့် ထိုသို့ တင်ပြခဲ့လျှင် အမြန်ဆုံး အရေးယူပေးမည် ဖြစ်ကြောင်း စသည် တို့ကို ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်တို့ အဖွဲ့နှင့် မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ မြို့မိမြို့ဖ (၁၀၀) ဦးခန့်တို့၏ ရှေ့မှောက်တွင် အတိအလင်း ပြောကြားခဲ့သော်လည်း အဆိုပါ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူးကိုယ်​တိုင်​က ​၎င်း၏ လက်​​အောက်​ခံ တပ်​သားများကို မည်​သို့မျှဆုံးမ​ပေးခဲ့ခြင်း မရှိသည့်​အပြင်​ ပြည်​သူများကို ပို၍ပင်​ နှိပ်​စက်​​နေရန်​ ​နောက်​ကွယ်​က လမ်းညွှန်​ထားဟန်​ ရှိပါသည်။ လွန်​ခဲ့​သော ဇွန်လ (၂၂) ရက်နေ့ ကလည်း အဆိုပါ အမှတ်​(၁) နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့၏ လက်​​အောက်​ခံစခန်းဖြစ်​​သော P.O.E စခန်းမှ နယ်​ခြား​စောင့်​ရဲများက တံငါးသည်​တစ်​ဦးကို အ​ကြောင်းမဲ့ သတ်​ဖြတ်​ခဲ့ပါသည်​။ ၎င်းဖြစ်​စဉ်​နှင့်​ ပတ်​သက်​၍ ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်ထံ လိပ်​မူ၍ တိုင်​ကြားစာ ​ရေးခဲ့​သော်​လည်း ကျူးလွန်​သူကို မည်​သို့မျှ အ​ရေးယူခဲ့ခြင်း မရှိ​ပေ။ [အဆိုပါ တိုင်​ကြားစာမှာ - http://bit.ly/2aGWBCa ]
ထို့အပြင် ကွပ်ကဲရေးမှူးတစ်ဦးထံသို့ ကိုယ်တိုင်သွားရောက်ပြီး မိမိတို့ ခံခဲ့ရမှုကို အသိပေး တိုင်ကြားရေးသည် ဒေသခံ ပြည်သူများအတွက် လုပ်ဆောင်ရန် ခက်ခဲလှသော အလုပ်တစ်ခု ဖြစ်၍ ပြည်သူများအနေဖြင့် နယ်ခြားစောင့်ရဲတပ်​ဖွဲ့ဝင်​များ အပါအဝင် ဒေသခံအာဏာပိုင်များ၏ မတရားသဖြင့် ဥပဒေမဲ့ ဆန်ဆန် ကျူးလွန်နေသည့် ဖြစ်ရပ်များကို RB News ကဲ့သို့ မီဒီယာမှတဆင့်နှင့်​ သက်ဆိုင်ရာ တာဝန်ရှိ အာဏာပိုင်များ၏ ရုံး E-Mail သို့ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ တင်ပြ ပို့​ပေး၍ အသိပေးတိုင်ကြားခြင်း ဖြစ်ပါသည်။

၈။ ယခုအချိန်​ကာလသည်​ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည် ​ဦး​ဆောင်​​၍ ရခိုင်​ပြည်​နယ်​ ဖွံ့ဖြိုး​ရေးနှင့်​ ငြိမ်းချမ်း​ရေး​ကော်​မတီ ဖွဲ့စည်းပြီး ​ဆောင်​ရွက်​​နေချိန်​၌ နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့များ၏ ဤကဲ့သို့ ဥပ​ဒေမဲ့ ​သောင်းကျန်း​နေမှု၊ အပြစ်​မဲ့ပြည်​သူများကို ​ငွေညှစ်​ရန်​ ရည်​ရွယ်​၍ ဖမ်းဆီးပြီး မဟုတ်​မတရား ပုဒ်​မတပ်၍ ​ငွေမ​ပေးနိုင်​လျှင်​ သတ်​ဖြတ်​​နေသည့်​အထိ ညှဉ်းပန်းနှိပ်​စက်​​နေမှုများသည်​ ထို​ကော်​မတီ၏ ငြိမ်းချမ်း​ရေးလုပ်​ငန်းစဉ်​များ ပျက်​ပြားသွား​အောင်​ တမင်​ရည်​ရွယ်​၍ ​သောင်းကျန်း​ နေဟန်​ရှိသည်​ဟု ယူဆရပါသည်​။

အနီးစပ်​သုံး သုံးသပ်​ကြည့်​လျှင်​ တရားခံအဖြစ်​ စွပ်​စွဲ၍ ဖမ်းဆီး​နေသူတစ်​ဦးကို ပြစ်​မှုထင်​ရှားလျှင်​ တည်​ဆဲဥပ​ဒေအရ တိုက်​တန်​သည့်​ ပြစ်​ဒဏ်​​ပေးရမည်​ ဖြစ်​​သော်​လည်း မမှန်​မကန်​စွပ်​စွဲမှုများကို ဝန်​မခံ၍ အသက်​ပါ ဆုံးပါးသွား​အောင်​ထိ ညှဉ်းပန်း​နှိပ်​စက်​တတ်​သည့်​ နိုင်​ငံ့ဝန်​ထမ်းများ၏ လုပ်​ရပ်​ဆိုးများသည်​ ဒီမိုက​ရေစီသို့ ငြိမ်းချမ်းစွာ ချီတက်​​နေသည့်​ ကျ​နော်​များ ပြည်​​ထောင်​စုမြန်​မာနိုင်​ငံ​တော်​၏ ​နောင်​​ရေးအတွက်​ အလွန်​ပင်​ အဟန့်​အထား ပြုလုပ်​​ပေးရာ ​ရောက်​ပါသည်​ဟု ယုံကြည်​ပါသည်​။

သို့ဖြစ်​ပါ၍ နိုင်​ငံ​တော်​ သမ္မတကြီးအ​နေဖြင့်​ အပြစ်​မဲ့ ပြည်​သူများကို မညှာမတာ ညှဉ်းပန်းနှိပ်​စက်​၍ သတ်​ဖြတ်​မှုများ ကျူးလွန်​​နေ​သော နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ဝင်​ များကို ထိထိ​ရောက်​​ရောက်​ အ​ရေးယူပေးပါရန်​နှင့်​ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ လက်အောက်ခံ ကင်းစခန်းများ၏ ပြည်သူများအပေါ် နေ့စဉ်ရက်ဆက် ညှဉ်းပန်း နှိပ်စက် ရက်စက်နေမှု၊ ကင်းစခန်းဖြတ်ကျော်ခများ အဖြစ်​ ​ငွေ​ကြေး ကောက်ခံနေမှုများအပြင် အောက်ခြေအာဏာပိုင်များ၏ ပြည်သူများအပေါ် ဥပဒေမဲ့ ပေါ်ပေါ်တင်တင် ညှဉ်းပန်းနှိပ်စက်နေမှု စသည်တို့ကို အရေးမယူဘဲရှိနေသည့် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးကိုလည်း လိုအပ်သလို ညွှန်ကြားချက်ပေးပါရန် အသတ်ခံခဲ့ရသူများကိုယ်​စား ကျွန်ုပ်တို့ မောင်တောခရိုင်​မှ ဒေသခံပြည်သူများက လေးစားစွာ တိုင်ကြားအပ်ပါသည်။



မောင်တောခရိုင်​မှ ဒေသခံပြည်သူများ



မိတ္တူကို -

၁။ နိုင်​ငံ​တော်၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ရုံး
၂။ ရခိုင်​ပြည်​နယ်​ ဖွံ့ဖြိုးတိုးတက်​​ရေးနှင့်​ ငြိမ်းချမ်း​ရေး​ဖော်​​ဆောင်​​ရေး ​ကော်​မတီရုံး
၃။ ပြည်​ထဲ​ရေးဝန်​ကြီးဌာန
၎။ ရခိုင်​ပြည်​နယ်​ ဝန်​ကြီးချုပ်​ရုံး


Comment ရေးရန်

Rohingya Exodus