နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှာ ANP အဖွဲ့ဝင်တွေ တရားစွဲခံရ

RFA Burmese

23.8.2016

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က မွတ်စလင် ၂၉ ဦးကို နိုင်ငံသား ခွင့်ပြုပေးဖို့ မြို့နယ်အဆင့် စိစစ်ရေးကော်မတီက ပြည်နယ်အဆင့် ကော်မတီထံ တင်ပြထားတာကို ကန့်ကွက်တဲ့ အစည်းအဝေး ဦးဆောင်ကျင်းပသူ မြို့ခံတစ်ဦးနဲ့ ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူးတို့ကို မြို့နယ်ရဲစခန်းက တရားစွဲဆိုလိုက်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေနဲ့ အမှုဖွင့်ထားကြောင်း မြို့နယ်ရဲစခန်းမှူးက မနေ့က အကြောင်းကြားတာဖြစ်တယ်လို့ တရားစွဲဆိုခံထားရတဲ့ ANP ပါတီရဲ့ ဘဏ္ဍာရေးမှူး ဦးမောင်ဝင်းနိုင် က ပြောပါတယ်။

"မြန်မာနိုင်ငံသား မဟုတ်သူတွေကို နိုင်ငံသားအဖြစ် ပေးလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို ထိခိုက်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကာကွယ်တဲ့အပေါ်မှာ ဥပဒေက အရေးယူမယ်ဆိုရင်လည်း တရားဥပဒေအရ ရင်ဆိုင်သွားမယ်"

မွတ်စလင် ၂၉ ဦးကို နိုင်ငံသားပြုခွင့်ပေးဖို့ ပြည်နယ်အဆင့်စီစစ်ရေးကော်မတီထံ တင်ပြခဲ့ကြတဲ့ ကိစ္စကို ပြီးခဲ့တဲ့သြဂုတ်လ ၁၇ ရက်နေ့က ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းမှာ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ သံဃာတော်တွေက အစည်းအဝေးကျင်းပပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ၂၉ဦးကို နိုင်ငံသားပြုခွင့်ပေးဖို့ ထောက်ခံခဲ့တဲ့ မြို့နယ်အဆင့် စီစစ်ရေးကော်မတီ အဖွဲ့ဝင် အစိုးရအရာရှိတွေကို အမျိုးသားသစ္စာဖောက်တွေအဖြစ် ကြေညာခဲ့ကြပါတယ်။

အဲ့ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်အတွက် တရားဝင်ခွင့်ပြုချက်တောင်းခံခဲ့တာ မရှိခဲ့သလို စုဝေးဆွေးနွေးရာမှာ လူ့ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားတွေကိုထိခိုက်စေတဲ့ အပြောအဆို၊ အပြုအမှုတွေကိုပြုလုပ်ခဲ့ကြတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရားစွဲဆိုလိုက်တာလို့ ရဲစခန်းရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

ဓါတ်ပုံ - (ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းမှာ သြဂုတ်လ ၁၇ နေ့ကပြုလုပ်တဲ့ အစည်းအဝေးကို တွေ့ရစဉ်)



Comment ရေးရန်

Rohingya Exodus