နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် အောက်နန့်ရာ အုပ်ချုပ်ရေးမှူးက ဒေသခံတစ်ဦးထံမှ ငွေညှစ်

MYARF
RB News
24.8.2016


ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အောက်နန့်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျော်မိလ်သည် ဒေသခံ ရိုဟင်ဂျာတစ်ဦးထံမှ ငွေကျပ် လေးသိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၂၃) ရက်နေ့တွင် အောက်နန့်ရာ ကျေးရွာမှ ဦးဟာလာ (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၅၃ နှစ်) နှင့် ဦးဆွေယာဒ်ဟူစိန်း (ဘ) ဦးအဒူကော်ရိမ် (အသက် ၃၀ နှစ်) တို့အချင်းချင်း ခိုက်ရန် ဖြစ်ပွားခဲ့ရာ ဦးဟာလာက ဦးဆွေယာဒ်ဟူစိန်းကို တုတ်ဖြင့် တစ်ချက် ရိုက်ခဲ့သည်။ ထို့နောက် ဦးဆွေယာဒ်ဟူစိန်းက အုပ်ချုပ်ရေးမှူး ရုံးသို့သွားရောက် တိုင်ကြားခဲ့သည်။

အုပ်ချုပ်ရေးမှူးက ဦးဟာလာကို ရုံးသို့ ဆင့်ခေါ်၍ ငွေကျပ် လေးသိန်းငါးသောင်း ညှစ်ယူခဲ့ပြီး အရိုက်ခံရသူ ဦးဆွေယာဒ်ဟူစိန်းကို ငွေကျပ် (၅) သောင်းသာ လျော်ကြေး အဖြစ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ လွန်ခဲ့သော ၄/၅ ရက်ခန့်က အဆိုပါ အုပ်ချုပ်ရေးမှူးသည် ယင်းရွာမှ မလေးရှား ရောက်နေသည့် လူငယ်တစ်ဦး ဖြစ်သူ ဦးဆောနာအုလ္လာ (ဘ) ဦးဇော်ကော်ရီယာအား ပြန်လာပါက ကျေးရွာအတွင်း အတည်တကျ နေထိုင်နိုင်ရန် လိုအပ်သည်များကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ကတိပေး၍ ငွေကျပ် (၂၈) သိန်း ယူခဲ့ပြီး ပြန်လာစေခဲ့သည်။ 

နောက်ဆုံးတွင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သတင်းပို့ပြီး အဆိုပါ လူငယ်ကို ဖမ်းဆီးခိုင်းစေခဲ့သည်။ ယခုအခါ အဆိုပါ လူငယ်ကို စေတီပြင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်း ထားပြီး၊ အုပ်ချုပ်ရေးမှူး၏ အကျင့်ပျက်မှု၊ ယုတ်မာ လိမ်ညာလှည့်ဖျားမှုကြောင့် အကျဉ်းသား ဘ၀သို့ ရောက်ရတော့မည် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

အောက်နန့်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျော်မိလ်သည် ပြဿနာတစ်ခု ဖြေရှင်းလျှင် အလွန်အကျွံ အာဏာသုံးခြင်း၊ ထင်ရာစိုင်းခြင်း၊ မရှိဆင်းရဲသားများ ထံမှ ကြီးမားသော ငွေကြေး ပမာဏကို မညှာမတာ ညှစ်ယူခြင်း၊ လှည့်ဖြား လှည့်စား၍ ရွာသူရွာသားများကို ဒုက္ခရောက်စေခြင်းများ အမြဲတစေ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus