နောက်ဆုံးသတင်း/ဆောင်းပါးများ

စံကားပင်ရင်း အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးများ ပူးပေါင်း၍ ရွာသားတစ်ဦးကို အမှုဆင် ငွေညှစ်

MYARF

RB News
30.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ စံကားပင်ရင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင်၊ စ.ရ.ဖ စခန်းမှူး၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် ကြက်ကျိန်း တံတားအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး တို့ပူးပေါင်း၍ မဟုတ်မမှန် အမှုတစ်ခု ဖန်တီး၍ ငွေညှစ်ပြီး ဝေစုခွဲစားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၂၃) ရက်နေ့က စံကားပင်ရင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင်သည် ၎င်း၏ တပည့်ဖြစ်သူ ရှောင်ရှုယား မှတဆင့် ယင်းရွာနေ ဦးရော်ရှိတ်အာမတ်၏ သားဖြစ်သူ ဆယာဒုလ်အစ္စလာမ် ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်ပြီး ခြောက်ပေါက် ထည့်ထားကာ တစ်ရွာတည်းနေ ဦးနာဇိရ်ဟူစိန်း၏ သမီးဖြစ်သူ --------- တွင် ၎င်း၏ ကိုယ်ဝန် ရရှိနေသည်ဟု စွပ်စွဲသည့် အပြင် ကိုယ်ဝန်ကို ဖျက်ချခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ၀န်ခံခိုင်းသည်။ ဖမ်းဆီးခံရသူအား အမျိုးမျိုး ခြိမ်းခြောက်၍ စစ်ဆေး မေးမြန်းသော်လည်း ၀န်ခံခြင်း မရှိသည့် အတွက် ရုံးတွင် ဆက်လက် ချုပ်နှောင်ထားပြီး၊ ရှောင်ရှုယား မှတဆင့် ဦးနာဇိရ်ဟူစိန်း၏ သမီး ဖြစ်သူကို ဆင့်ခေါ်၍ ကြိမ်ချောင်းရှိ စ.ရ.ဖ စခန်းသို့ ပို့ဆောင်ခဲ့သည်။ 

ကြိမ်ချောင်းရှိ စ.ရ.ဖ စခန်းမှူးက ဦးနာဇိရ်ဟူစိန်း၏ သမီးဖြစ်သူကို ကိုယ်ထိလက်ရောက် စော်ကား ဆဲဆိုခြင်း၊ မိန်းကလေး ဖြစ်သူ၏ အရှက်အင်္ဂါကို လှန်ကြည့်၍ ကိုယ်ဝန် ဖျက်ချခြင်း ရှိ/မရှိ စစ်ဆေးခြင်း တို့အပြင် နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်း နှိပ်စက်၍ အတင်းအဓမ္မ ၀န်ခံခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထိုသို့ မသမာသောနည်းဖြင့် ထွက်ဆိုချက် ရယူပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ချုပ်နှောင်ထားသော ဆယာဒုလ်အစ္စလာမ် ကို ကြိမ်ချောင်းရှိ စ.ရ.ဖ ရုံးသို့ ခေါ်ဆောင်လာပြီး မိန်းကလေး၏ ထွက်ဆိုချက်ဟု ဆိုကာ ဖတ်ပြခဲ့သည်။ 

သြဂုတ်လ (၂၄) ရက်နေ့တွင် ဆယာဒုလ်အစ္စလာမ် ကို ငွေပေးလျှင်ပေး၊ မပေးလျှင် ထောင် (၁၀) နှစ် ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၁၅ သိန်းကို အုပ်ချုပ်ရေးမှူး ဦးအင်စိုးမောင်၊ ကြိမ်ချောင်း စ.ရ.ဖ စခန်းမှူး၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူးနှင့် ကြက်ကျိန်းတံတား အနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးနှင့် တပည့်ဖြစ်သူ ရှောင်ရှုယား တို့ပူးပေါင်း၍ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

အလားတူ သြဂုတ်လ (၂၁) ရက်နေ့ကလည်း ဦးဟောလိခ်အာမတ် (ဘ) ဦးကာဒေရ်ဟူစိန်း ထံမှ ငွေကျပ် ၉  သောင်းကို အဆိုပါ အဖွဲ့မှ ညှစ်ယူခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။ 




Comment ရေးရန်

Rohingya Exodus