နောက်ဆုံးသတင်း/ဆောင်းပါးများ

ကမ္ဘာ့ရိုဟင်ဂျာနေ့ ဗြိတိန်၊ အမေရိကားနှင့် ဆွီဒင်တို့တွင် ဆန္ဒပြပွဲများ ကျင်းပ



RB News
19.8.2016

လန်ဒန်
။ ။ သြဂုတ်လ (၁၉) ရက်နေ့ကို ကမ္ဘာ့ရိုဟင်ဂျာနေ့ အဖြစ် သတ်မှတ်ပြီး၊ ဗြိတိန်၊ အမေရိကားနှင့် ဆွီဒင်နိုင်ငံတို့တွင် ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။

ယနေ့ သြဂုတ်လ (၁၉) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကမ္ဘာ့ရိုဟင်ဂျာနေ့ ဆန္ဒပြပွဲကို လန်ဒန်မြို့ အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း - ယူကေ (BROUK) မှ ဦးဆောင် ကျင်းပခဲ့ရာ Burma Campaign UK, Burmese Muslim Association UK, Christian Solidarity Worldwide, Amnesty International UK, Equal Rights Trust, Burma Human Rights Network, Rohingya Community in Denmark, Rohingya Community in Holland, Rohingya Blogger – RB News, Friends of Burma တို့နှင့်အတူ BROUK အဖွဲ့သားများ၊ ဒေါက်တာမောင်ဇာနည်နှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုအောင် တို့တက်ရောက်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် Burma Campaign UK မှ အမှုဆောင်ဒါရိုက်တာ Anna Roberts, ဒေါက်တာမောင်ဇာနည်၊ Christian Solidarity Worldwide မှ Claire Denman, Burma Human Rights Network မှ ဦးကျော်ဝင်း၊ Amnesty International မှ Laura Haigh, ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင်၊ BROUK ဥက္ကဌ ဦးထွန်းခင်နှင့် Rohingya Community in Denmark မှ ဦးဇကရီယာ တို့က မိန့်ခွန်းပြောကြားခဲ့သည်။

NLD ဦးဆောင်သည့် အစိုးရအာဏာရရှိသည်မှာ လေးလကြာမြင့်ပြီ ဖြစ်သော်လည်း NLD အစိုးရသည် ရခိုင်ပြည် နယ်ရှိ ဒုက္ခသည်များအား လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အထောက်အပံ့ပေးရေး လုပ်ငန်းများ အပေါ် ထားရှိသည့် ပြင်းထန်သော ပိတ်ပင်တားဆီးမှု များကို ရုပ်သိမ်းခြင်း မရှိသေးကြောင်း၊ အကူအညီ အထောက်အပံ့ ပေးရေး လုပ်ငန်းများကို အစိုးရမှ ပိတ်ပင်တားမြစ်ထားသည့် အတွက် ၂၀၁၂ မှစ၍ ရခိုင်ပြည်နယ်ရှိ မွတ်စလင် တစ်သိန်းကျော်သည် ၎င်းတို့၏ နေအိမ်များမှ အဓမ္မ နှင်ထုတ် ခံရမှုကြောင့် လူနေမှုအဆင့်အတန်း အလွန်နိမ့်ပါးလှသော ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေထိုင်ရလျက် ရှိပြီး၊ သေကြေပျက်စီး အတိဒုက္ခ ရောက်လျက် ရှိနေကြောင်း၊ နိုင်ငံတကာ အကူအညီများ ကန့်သတ်ထားခြင်းကို အမြန်ဆုံး ဖွင့်ပေးရန် တောင်းဆိုကြောင်း ကြေညာချက် တစ်စောင်ကို BROUK မှ သြဂုတ်လ (၁၈) ရက်နေ့က ထုတ်ပြန် ခဲ့သည်။

ကမ္ဘာ့ရိုဟင်ဂျာနေ့ ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ အခြေစိုက် Burma Task Force မှ စတင်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး၊ နိုင်ငံအနှံ့မှ မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများ၊ ရိုဟင်ဂျာ အဖွဲ့အစည်းများက ထောက်ခံ အားပေးခဲ့သည်။ 

ယနေ့ သြဂုတ်လ (၁၉) ရက်နေ့တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ၀ါရှင်တန်ဒီစီ၊ ချီကာဂို၊ လော့အိန်ဂျလိစ်နှင့် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့များတွင် တပြိုင်တည်း ကျင်းပခဲ့ခြင်း ဖြစ်သည်။







Comment ရေးရန်

Rohingya Exodus