နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမှ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကို အမြောက်တပ်ရင်းမှ စစ်သားများက အုပ်စုဖွဲ့ မုဒိန်းကျင့်ဟု ယုံကြည်ရ



RB News
19.8.2016

စစ်တွေ
။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်မှ ကွယ်လွန်သူ ဦးယာကွတ်၏ အသက် ၂၅ နှစ် အရွယ် သမီးဖြစ်သူ မရီးဇ်ဝါးနာကို စစ်တွေမြို့ရှိ အမြောက်တပ်ရင်းမှ စစ်သားများက အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့သည်ဟု ယုံကြည်ရကြောင်း ဒေသခံများက ပြောပါသည်။

သြဂုတ်လ (၁၆) ရက်နေ့က လက်မချေကျေးရွာမှ သက္ကေပြင် ကျေးရွာသို့ သွားနေသည့် မရီးဇ်ဝါးနားကို အမြောက်တပ်ရင်းမှ စစ်သားများက ခေါ်ဆောင် သွားပြီး၊ သြဂုတ်လ (၁၇) ရက်နေ့ နံနက် အစောပိုင်းတွင် အမြောက်တပ်ရင်း အနီးတွင် သတိလစ်နေသည့် အနေအထားဖြင့် ပစ်ထားခဲ့သည်။ ထို့နောက် စစ်သားများက သက္ကေပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်ထံ အကြောင်းကြား၍ မရီးဇ်ဝါးနားကို သယ်ဆောင်သွားရန် ပြောကြားခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ဦးလှမြင့်က မရီးဇ်ဝါးနားကို သတိလစ်နေသည့် အနေအထားဖြင့် သက္ကေပြင် ကျေးရွာရှိ ဆေးခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ဆေးခန်းတွင် ဆေးဝါးကုသမှု ရရှိခဲ့သော်လည်း ယင်းနေ့ ည (၇) နာရီ အချိန်တွင် သေဆုံးသွားခဲ့သည်။

ယနေ့ (သြဂုတ်လ ၁၉) ရက်နေ့ နံနက်ပိုင်းတွင် သက္ကေပြင် ဆေးခန်းတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲများက မရီးဇ်ဝါးနား၏ အလောင်းကို သယ်ဆောင်သွားရန် အတွက် ဆွေမျိုးတော်စပ်သူများကို ရှာခိုင်းရန် သက္ကေပြင် အုပ်ချုပ်ရေးမှူး ဦးလှမြင့်ကို ညွန်ကြားခဲ့ရာ၊ ဦးလှမြင့်က အဒေါ်တော်စပ်သူ တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် နံနက် ၁၀ နာရီ အချိန်တွင် မရီးဇ်ဝါးနား၏ အလောင်းကို သယ်ဆောင်သွားပြီး၊ နေ့လည် ၂း၃၀ နာရီ အချိန်တွင် လက်မချေ ကျေးရွာရှိ သင်္ချိုင်းတွင် မြေမြှပ်သဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။

မရီးဇ်ဝါးနား၏ ရုပ်အလောင်းကို ခွဲစိတ်၍ ဆေးစစ်ချက် ရယူခဲ့ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 

မရီးဇ်ဝါးနားသည် အောင်မင်္ဂလာရပ်ကွက်မှ ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် စားဝတ်နေရေး အခက်အခဲ ပေါင်းစုံ ကြုံတွေ့ရမှုကြောင့် မိခင်၊ အစ်ကို ဖြစ်သူတို့နှင့် အတူ ဘောဒူဖ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ထို့နောက် သူမ၏ မိခင်နှင့် အစ်ကို ဖြစ်သူတို့ စက်လှေနှင့် မလေးရှားသို့ ထွက်ခွာသွားခဲ့ရာ၊ တစ်ဦးတည်း စားဝတ်နေရေး အတွက် သူမနေထိုင်သည့် ဒုက္ခသည် စခန်းနှင့် သက္ကေပြင် ကျေးရွာတို့တွင် အ၀တ်လျှော်၍ အသက်မွေးကျောင်း ပြုလာရသည်။ 

မရီးဇ်ဝါးနားက သက္ကေပြင်ရွာသို့ သွားနေစဉ် စစ်သားများက အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး၊ သတိလစ်သည့် အထိ အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီးမှ တပ်ရင်း၏ အပြင်တွင် ပစ်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ခိုင်မာစွာ ပြောဆိုနေကြသည်။ 

သူမ၏ မိန်းမအင်္ဂါ အနီးအ၀ိုက်တွင် သွေးများ မြင်တွေ့ရကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

မရီးဇ်ဝါးနားနှင့် ပတ်သက်၍ ဆေးစစ်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ပေးခြင်း မရှိသလို၊ တရားမျှတ ရရန်လည်း နည်းလမ်း တစ်စုံတစ်ရာ မရှိဟု ဒေသခံများက ဆိုသည်။ 

Peace Muhammad Arkani မှ ကူညီ၍ သတင်းပေးပို့ ထားသည်။

Comment ရေးရန်

Rohingya Exodus