သားရေ ... အမေ့ကို ခွင့်မလွှတ်ပါနဲ့ - အပိုင်း (၃)
(ဓါတ်ပုံ - မင်းဇေယျာဦး / ရိုက်တာ) |
သားရေ ... အမေ့ကို ခွင့်မလွှတ်ပါနဲ့
အပိုင်း (၃)
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
9.8.2016
"သားသားရေ... ဘာဘးရဲ့အသည်းလေးရေ....အောင်မလေး.... ဘာဘားကို ရယ်ပြနေပြီ... သားသားလေး လိမ္မာလိုက်တာ... အမလေး.... "
"သားသားရေ... ဘာဘးရဲ့အသည်းလေးရေ....အောင်မလေး.... ဘာဘားကို ရယ်ပြနေပြီ... သားသားလေး လိမ္မာလိုက်တာ... အမလေး.... "
အာနိစ်သည် (၄) လသား သူ့အမွှာပူး သားနှစ်ယောက်ထဲက တစ်ယောက်ကို ယုယစွာ ရင်ခွင်ပိုက် ပွေ့ချီကာ စကားတတွတ်တွတ် ပြောဆိုရင်း ချွဲနွဲ့နေသည်။ သားလေး၏ ပါးပြင်၊ နဖူး၊ ဝမ်းဗိုက် စသည်တို့ကို နမ်းရင်းနှင့်လည်း တီတီတာတာ စကားဆိုနေ၏။ သားလေး နောက်တစ်ယောက်ကတော့ ပုခက်တွင် ငြိမ်သက်စွာ အိပ်မောကျနေလေ၏။
တစ်နေကုန် အလုပ်လုပ်ပြီး ပင်ပန်းလာခဲ့သော်လည်း ဒီသားရတနာနှစ်ယောက်ကို ရင်ခွင်ပိုက် ပွေ့ချီပြီး တီတီတာတာ ချွဲနွဲ့နိုင်ခဲ့လျှင် သူ့ပင်ပန်းမှုက အလိုလို ပျောက်သွားတတ်သည်။ အလုပ်လုပ်နေချိန် ဆိုလျှင်လည်း ဒီသားနှစ်ယောက်အကြောင်းပဲ သူ့ခေါင်းထဲ အလိုလို ဝင်လာနေတတ်၏။
သူ့အဖေပြောဖူးသော စကားတစ်ခွန်းကိုတောင် သူမကြာကြာ သွားသတိရတတ်သေးသည်။
"သားကိုယ်တိုင် ဖခင်ဖြစ်မှ သားသမီးတွေအပေါ်ရှိတဲ့ မိဘမေတ္တာကို နားလည်နိုင်မှာ”
မှန်သည်။ အဖေပြောခဲ့တာ သိပ်မှန်သည်။ အခုဆိုလျှင် ဒီသားနှစ်ယောက်က သူ့အတွက် အမောပြေစေသူများ၊ သူ့ပျော်ရွှင်မှုကို ဆောင်ကြဉ်း ပေးသူများ၊ သူ့မနက်ဖြန်များကို လင်းလက်စေသူများ စသည့် အရာရာ ဖြစ်လို့နေ၏။ အနှိုင်းမဲ့သော အရှင်မြတ်ကလည်း သူ့အား တစ်ကြိမ်တည်း၌ သားရတနာ နှစ်ဦး ချီးမြှောက်လိုက်သည်ကို အရှင်မြတ်ကို သူ ကျေးဇူးတင်၍ မဆုံး။ သေချာပြီ။ သူ့ရင်ထဲ ငယ်ငယ်ရွယ်ရွယ်နှင့် ဖခင်စိတ် အပြည့်အဝ ဖြစ်တည်လာခဲ့ပြီ။
"အာနိစ်ရေ... သူငယ်ချင်းရေ.... ရှိနေလား"
သူ့သူငယ်ချင်း တာဟဲရ်၏ ခေါ်သံ။ အာနိစ်၏ အတွေးများ ပျက်သွားချေပြီ။
"ရှိပါ့ သူငယ်ချင်း... ဝင်လာခဲ့လေ... "
အာနိစ့်အိမ်ထဲ တာဟဲရ် ဝင်လာခဲ့၏။
"မင်းကတော့ကွာ ... ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအဖေ ဖြစ်နေပြီဆိုမှ တစ်ခါတည်း သားနှစ်ယောက် ဖခင် ... ကံကောင်းတဲ့လူတွေကလည်း ကံကိုကောင်းလွန်းလို့... အားကို ကျလိုက်တာဗျာ"
တာဟဲရ်က သူ့ငယ်သူငယ်ချင်း အာနိစ်ကို မြှောက်ပင့်ပေးသလိုလို ပြောလိုက်သည်။
"သူများကို သိပ်အားကျနေလည်း ကိုယ့်ဟာကို စွံနိုင်အောင်ကြိုးစားပေါ့ကွာ... သူများကို လာမြှောက်ပင့်ပေးပြီး စားရမယ်ကြံနေသေးတယ်.... "
အာနိစ်ကလည်း သူ့ငယ်သူငယ်ချင်း တာဟဲရ်ကို ပြောင်သံစွက်စွက် ချေပပြာဆိုလိုက်၏။
"ဟားဟား... မင်း မကျွေးလည်း နေပေါ့... အန်တီ့ကိုပြောရင် ကျွေးပါတယ်ကွာ .... အန်တီရေ... အန်တီ့သားက မာန်တက်ပြီ သူများကို နှိမ်နေပြီ "
တာဟဲရ်ကလည်း အားကျမခံ စနောက်လိုက်သည်။ တစ်ဆက်တည်း အာနိစ့်အမေကိုလည်း လှမ်းခေါ်ပြီး တိုင်တန်းလိုက်သည်။
တာဟဲရ်၏ ခေါ်သံကြောင့် အာနိစ့်အမေက မီးဖိုခန်းမှ တာဟဲရ်တို့ရှိရာ အိမ်ရှေ့ခန်းသို့ ရောက်လာခဲ့ပြီ။
"ဟုတ်ပါ့ သား... သား သူငယ်ချင်းက ဒီမြေးနှစ်ယောက်နဲ့ အိမ်ရောက်ရောက်ချင်း ရှုပ်ကိုနေတာ ... အိမ်လာတာနဲ့ တစ်အိမ်လုံးမှာ ဘယ်သူမှ မရှိသလို ဒီမြေးတွေနဲ့ပဲ ပဲကိုများနေတာ... တစ်လောကလုံးကို မေ့နေတတ်တာ ... "
အာနိစ့်အမေကလည်း တာဟဲရ်ဖက်မှ တပြုံးပြုံးနှင့် ဝင်ထောက်ခံလိုက်သည်။
စကားဝိုင်းသည် ရယ်သံများဖြင့် ဖုံးလွှမ်းနေသည်။ ည ၁၀ နာရီခန့် ဖြစ်နေသော ဆယ့်သုံးရက်မြောက် လဆုတ် ညသည် သည်းထန်နေသည့်မိုးနှင့်အတူ မည်းမှောင်နေ၏။
'ပျော်ရွှင်ချမ်းမြေ့စရာ မိသားစု ဆိုတာ ဒီလိုမျိုးပေါ့လေ'
တာဟဲရ်က မဆီမဆိုင် တွေးမိလိုက်သည်။
"ကဲ ... သားတို့ စကားစမြည် ပြောဆိုကြပေါ့.... အန်တီ ကျွေးစရာ ယူလာခဲ့မယ်... "
ပြောရင်းဆိုရင်း အာနိစ့်အမေ အိမ်နောက်ခန်းသို့ ဝင်သွားသည်။ ခဏကြာလျှင် ပဲလုံးကြော်နှင့် ဘယာကြော် ယူလာပေး၍ "စားကြတော့ သားတို့ " ဆိုပြီး မြေးလေးကို အာနိစ်ထံက လွှဲယူလိုက်ပြီး အိပ်ခန်းထဲသို့ ဝင်သွားသည်။
အဘွားက သူ့မြေးလေးနှင့် ချွဲနွဲ့နေရင်း စကားတတွတ်တွတ် ပြောနေတာ တာဟဲရ်ကြားနေရသည်။
တာဟဲရ် နှင့် အာနိစ် တို့နှစ်ယောက် အာနိစ့်အမေ ချပေးသွားသော ပဲလုံးကြော်နှင့် ဘယာကြော်တွေ စားနေရင်း-
"ဒီနှစ် ရာမ်ဇာန် (ဥပုသ်လ) ကလည်း ကုန် မြန်လိုက်တာနော် ... ဘာလိုလိုနဲ့ ၂၈ ရက်နေ့မြောက်တောင် ကုန်ခဲ့ပြီ ... နှမြောလိုက်တာကွာ ... ဘာကုသိုလ်ကောင်းမှုကလည်း မယ်မယ်ရရ မလုပ်နိုင်ခဲ့ဘူး... နောက်တစ်နှစ် ရာမ်ဇာန်လထိ အသက်ရှင်ခွင့်ရမယ် ဆိုတာကလည်း အရှင်မြတ်ရဲ့အစီအမံထဲမှာ ... "
အာနိစ်က ရာမ်ဇာန် ဥပုသ်လ မြန်မြန်ဆန်ဆန် ကုန်လွန်ခဲ့သည်ကို နှမြောနေကြောင်း မှတ်ချက်ပြု ပြောသည်။
တာဟဲရ်ကလည်း ဝင်ထောက်ခံလိုက်၏။
"ဟုတ်တယ်နော် သူငယ်ချင်း... နေ့ရက်တွေက တိုလာသလိုပဲ... ငါတို့တွေ အတူတူ ကျောင်းသွား ကျောင်းပြန်လုပ်ခဲ့တာ ပြန်တွေးကြည့်တော့ မနေ့တနေ့က လိုပါပဲလေ ... ဘဝဆိုတာကလည်း ပင်လယ်ကမ်းပါးနဲ့တူပါ့... နေ့ရက်ဆိုတဲ့ ရေလှိုင်းက ဘဝဆိုတဲ့ ကမ်းပါးကို အမြဲမပြတ် လာတိုက်နေတော့ ကမ်းပါးကလည်း တဖြည်းဖြည်း ပြိုလာတာပေါ့.... ဒီလိုနဲ့ ဇရာဆိုတဲ့ ထောင်ချောက်ထဲကို ငါတို့တွေ သတိမမှုဘဲနဲ့ မသိမသာ ဝင်သွားရရော့... ဒီကြားထဲ သေမင်းကလည်း မဖိတ်ဘဲနဲ့ လာလည်သွားတတ်တာ... ဒါကြောင့်ပေါ့ သူငယ်ချင်းရာ... အချိန်ရှိခိုက် လုံ့လစိုက်လို့ ပြောစမှတ်ပြုတာလေ.... "
အာနိစ်၏ ငယ်သူငယ်ချင်း တာဟဲရ်သည် တက္ကသိုလ်ဝင်တန်းခေါ် ဆယ်တန်းကို (၃) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူပီပီ ဉာဏ်ပညာထက်မြက်ပြီး ဗဟုသုတ ကြွယ်ဝကြသည်။ စကားပြောလျှင် အမြဲတမ်း ဒဿနတရား ပါပါ ပြောဆိုတတ်၏။
ပဲလုံးကြော်ကို ငုံ့စားနေရင်း တရားဟောသလို ပြောဆိုနေသော တာဟဲရ်ကို အာနိစ်က ငေးမောစိုက်ကြည့်နေသည်ကို တာဟဲရ်က မြင်မိလိုက်သောအခါ မနေနိုင်၍ မေးလိုက်သည်။
"ဘာလဲကွာ ... လူကို သူစိမ်းတွေ့သလို ငေးကြည့်နေတာပဲ ... ပြောပါဦး ... ဘာတွေးနေတာလဲ ..."
"ပထမတော့ မင်းအတွက် နှမြောတယ် ... ဒုတိယကတော့ အမိတိုင်းပြည်အတွက် နှမြောမိတယ် ... မင်းလို လူတွေ ဆယ်တန်းအောင်ပြီး ပညာဆုံးခန်းတိုင်သွားရတာ ငါ သိပ်နှမြောတယ် .... မင်းဘဝအတွက်လည်း နစ်နာတယ်... တိုင်းပြည် အတွက်လည်း နစ်နာတယ် "
အာနိစ်က တွေးတွေးဆဆ ပြောလာသောအခါ တာဟဲရ်ကလည်း သူ့ငယ်သူငယ်ချင်း ဘာကို ဆိုလိုနေသလဲဆိုတာ ချက်ချင်း သဘောပေါက်လာခဲ့လေပြီ။
"အဲဒါတွေ ထားပါတော့ကွာ ... သူတို့(အစိုးရ) မူဝါဒကိုက အဲ့လို ဖြစ်နေတာ ... ဒါပေမယ့် ... ငါ စိတ်ဓာတ်မကျဘူးကွာ .... အချိန်ရရင် ဗဟုဟုတ ရတဲ့ စာပေတွေ လေ့လာတယ် ... အဲ့ဒါတွေကို ငါ့ နောင်လာနောက်သား မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးနေတယ် ... ဒါက ငါ့ ရည်ရွယ်ချက်ပဲ ... ငါ့ကိုငါ ပြုခဲ့တဲ့ အဓိဌာန်ပဲ ... အမှတ်မီလျက်နဲ့ နိုင်ငံသားကဒ်မရှိလို့ အသက်မွေးဝမ်းကျောင်း မတက်ရဘူး ဆိုတဲ့ အစိုးရရဲ့ မူဝါဒကို ငါ့လို အားနွဲ့တဲ့ ရိုဟင်ဂျာ တစ်ယောက်က ဘယ်လို အာခံနိုင်မလဲ ... အသက်မွေးဝမ်းကျောင်း တက်ခွင့်မပေးတာ အပထားဦး... အခုဆိုလို့ရှိရင် ရိုးရိုးမေဂျာနဲ့တောင် တက္ကသိုလ် တက်ခွင့်မပေးဘူးလေ... ဒါပေမယ့် အချိန်ဆိုတဲ့ တရားသူကြီးက အရာရာကို တရားသဖြင့် စီရင်ပေးမှာပါ ... ငါတို့တွေ စိတ်ရှည်ရှည်ထားဖို့နဲ့ စိတ်ဓာတ်မကျမိဖို့ပဲ အရေးကြီးတာ ... ပြီးတော့ ဒီလို အနှိမ်ခံဘဝမှ လွှတ်မြောက်ဖို့ တစ်ခုတည်းသော လက်နက်ကလည်း ပညာလက်နက်ပဲ ဆိုတော့ ငါတို့တတွေ ငါတို့တတ်တဲ့ပညာတွေကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်း ပေးရမယ် ...ဒါက ငါတို့ တာဝန်ဆိုလည်းဟုတ်တယ် ... ဝတ္တရား ဆိုလည်း ဟုတ်တယ် ... ယုတ်စွအဆုံး ပြောရရင် ... တော်လှန်ရေး ဆိုတာလည်း ဟုတ်တယ် "
တာဟဲရ်က အကျယ်တ၀န့် ရှင်းပြပြောဆိုခဲ့သည်။
"ဒါပေါ့ကွာ... ဒီအသိတရားတွေ ရှိနေလို့ပဲ ငါနဲ့မင်း ဒီအလုပ်တွေ တတ်နိုင်သလောက် လုပ်နေတာပေါ့ "
အာနိစ်က ဝင်ထောက်ခံလိုက်၏။
စကားပွဲသည် မသိမသာ ငြိမ်သွားသည်။ နှစ်ယောက်စလုံး အတွေးကိုယ်စီနှင့် ပဲလုံးကြော်နှင့် ဘယာကြော်များကိုသာ ငုံ့၍ စားနေ၏။
စား၍ပြီးလျှင် တာဟဲရ်က အာနိစ့်အမေ မကြားမိအောင် တိုးတိုးလေး မေးလိုက်သည်။
"ဒါနဲ့.... သူငယ်ချင်း... မကျီးချောင်းစခန်းက ခေါ်နေတဲ့ ကိစ္စကို ဘယ်လိုလုပ်မလဲ... "
"ငါပြောမယ်... ပထမ တစ်ချက်က ငါတို့ ဘာပြစ်မှုမှ ကျူးလွန်ထားတာ မရှိဘူး ... ဒုတိယ တစ်ချက်က သူတို့ တရားဝင်စာထုတ်ပြီး ခေါ်တာလည်း မဟုတ်ဘူး... ဒါကြောင့် ငါတို့မှာ ဘယ်အကြောင်းနဲ့မှ သူတို့ကို သွားတွေ့စရာ မလိုဘူး.... ငါတော့ ဒီလိုပဲ ထင်တယ်... "
အာနိစ်က ပြတ်ပြတ်သားသား ဖြေချလိုက်သည်။
"ဟုတ်တယ်... မင်းပြောတာ သိပ်မှန်တယ်... သွားတွေ့တာနဲ့ ဟိုအကြောင်း ဒီအကြောင်း ပြပြီး ငွေတောင်းမှာ တစ်ခုပဲ... ဒါပေမယ့် ... ရှေ့နောက်ဆက်စပ်ပြီး စဉ်းစားရင်တော့ ရှောင်နေရင်လည်း ငါတို့မှာ အလိုလို အပြစ်ရှိသလို ဖြစ်နေမယ် ....လောလောဆယ် ငါတို့ ကျေးရွာတာဝန်ခံကို သွားတွေ့ရင် မကောင်းဘူးလား.... သူ့ဆီက အကျိုးအကြောင်း နည်းနည်းပါးပါးလောက်တော့ သိရတာပေါ့... "
တာဟဲရ်က ရှေ့ရေးကိုတွေးပြီး ဖြစ်သင့်တာ တစ်ခုကို တိုင်ပင်ကြည့်သည်ကို အာနိစ်ကလည်း ထောက်ခံလိုက်သည်။ ကျေးရွာတာဝန်ခံကို နောက်နေ့ မနက် ၁၁ နာရီ သွားတွေ့ရန် စီစဉ်လိုက်သည်။
"အိုကေ... သူငယ်ချင်း... မိုးလည်း တိတ်ပြီ... ညဉ့်လည်း နက်လာပြီဆိုတော့ ငါ အိမ်ပြန်တော့မယ်... "
တာဟဲရ်က သူ့အိမ်ပြန်ရင် လုပ်နေသည်။ အာနိစ်ကလည်း သူငယ်ချင်းလေးကို အိမ်ခြံဂိတ်ဝထိ လိုက်ပို့လိုက်သည်။
တစ်ရွာတည်းက ဆိုပေမယ့် အိမ်ချင်း ဝေးသည်။ လမ်းလျှောက်သွားရင် နှစ်အိမ်ကြား ဆယ်မိနစ်လောက် လျှောက်ရသည်။
အာနိစ်သည် အိမ်ထဲဝင်လာပြီး အိပ်ရာထဲ သွားလှဲလျောင်းပြီး တွေးနေသည်။ အတွေး အမျိုးမျိုးက သူ့ဦးနှောက်ထဲသို့ အလိုလို ဝင်ဝင်လာနေ၏။
သို့သော် တစ်နေကုန် ဥပုသ်စောင့်ပြီး ကလေးများကို စာပြရသည့်အပြင် မိုးယိုနေသော သူ့အိမ်နားက ဗလီခေါင်မိုး၏ သွပ်ကိုလည်း သူကိုယ်တိုင် ခေါင်မိုးပေါ်တက်၍ သွပ်ဖာထေးသည့် ကော်ဖြင့် ဖာပေးလိုက်သည်မို့ သူ အင်မတန် ပင်ပန်းနေသည်။ ထို့ကြောင့် အချိန် သိပ်မကြာလိုက်ပါ။ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေပြီ။
သူတို့ကျေးရွာတာဝန်ခံကို မနက်ဖြန်သွားတွေ့မည်ဆိုသော ဒီသူငယ်ချင်း နှစ်ယောက်သာ ထိုမနက်ဖြန်၏ ကံစီမံရာ အချိန်ဇယားကို ကြိုတင် သိရှိမြင်မိခဲ့လျှင် ----
_________________________________
_________________________________
အပိုင်း-၄ (သို့မဟုတ်) ဇတ်သိမ်းပိုင်းကို မျှော်။