နောက်ဆုံးသတင်း/ဆောင်းပါးများ

မန်ကျည်းချောင်းနှင့် ဂေါဒူသာရာမှ နယ်ခြားစောင့် ဒုရဲအုပ် နှစ်ဦး ပူးပေါင်း၍ ရိုဟင်ဂျာ ၃ ဦး ထံမှ ငွေညှစ်

MYARF
RB News
9.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ထိန်း တာဝန်ခံ ဒုရဲအုပ် တစ်ဦးနှင့် ဂေါဒူသာရာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒုရဲအုပ်တို့ ပူးပေါင်း၍ ရိုဟင်ဂျာ (၃) ဦးထံမှ ငွေကျပ် ကိုးသိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။


သြဂုတ်လ (၂) ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် အထက်ဖော်ပြပါ နယ်ခြားစောင့်ရဲ နှစ်ဦးသည် မောင်တော မြို့နယ် တောင်ပိုင်း တပ်ဦးချောင်း (ယခင် ဘဂုံးနား) ကျေးရွာမှ ဦးအဒူလ်မော်တော်လောဘ် (အသက် ၆၅ နှစ်) ထံမှ ငွေကျပ် သုံးသိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

ဦးအဒူမော်တော်လောဘ် ဆိုသူအား သြဂုတ်လ (၂) ရက်နေ့ မတိုင်မီ မန်ကျည်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ဆင့်ခေါ်စာ ပေးပို့ခဲ့သည်။ သြဂုတ်လ (၂) ရက်နေ့ မွန်းတည့် (၁၂) နာရီ အချိန်တွင် ဦးအဒူမော်တော်လော်ဘ်က ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အတူ မန်ကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားနေစဉ် ၎င်းအား ဖမ်းဆီးရန် လာနေသည့် အထက်ဖော်ပြပါ ဒုရဲအုပ်နှစ်ဦးက လမ်းတစ်ဝက်တွင် တွေ့ရှိသွားပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်၍ စစ်ဆေးပြီး ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ ငွေကျပ် သုံးသိန်းငါးသောင်း ပေးလျှင် ပြန်လည် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် ဦးအဒူမော်တော်လော်ဘ်က ငွေကျပ် သုံးသိန်းငါးသောင်း ပေးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

အလားတူ သြဂုတ်လ (၃) ရက်နေ့ ညနေ (၄) နာရီ အချိန်ခန့်တွင် ဘဂုံးနား ဈေးမှ ဖိုင်ဆဲလ် (ဘ) ဦးရော်ဖိတ် (အသက် ၂၂ နှစ်) ၏ ဆေးဆိုင်သို့ အဆိုပါ ဒုရဲအုပ်နှစ်ဦး သွားရောက်၍ “ဖိုင်ဆဲလ်ဆိုတာ မင်းလား” ဟု မေးမြန်းပြီး ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ဖိုင်ဆဲလ်ကလည်း စခန်းသို့ လိုက်သွားရလျှင် မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် လေးသိန်း ပေးခဲ့ရကြောင်း သိရှိရသည်။ 

သြဂုတ်လ (၄) ရက်နေ့ ညနေ (၅) နာရီ အချိန်ခန့်တွင် အဆိုပါ ဒုရဲအုပ်နှစ်ဦးသည် ဘဂုံးနား ဈေးသို့ သွားရောက်၍ ဆေးရောင်းသူ ဇာဘို (ဘ) ဦးဇော်ဖောရ်အာမတ် (အသက် ၃၂ နှစ်) ၏ ဆိုင်သို့ ၀င်ရောက်ပြီး ၎င်းအား ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် မီးရှို့မှု၌ ပါဝင် ပတ်သက်ခဲ့သည်ဟု စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ 

မန်ကျည်းကျောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် များသည် ယခု ရက်ပိုင်း အတွင်းတွင် ဘဂုံးနား အပါအ၀င် နီးစပ်ရာ ကျေးရွာများသို့ အချိန်မတော် သွားရောက်၍ အပြစ်မဲ့ ရိုဟင်ဂျာများကို ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် မီးရှို့မှု၌ ပါဝင်သည်၊ မရှိသည့် RSO နှင့် ဆက်သွယ်နေသည်ဟု အခြေအမြစ်မရှိ စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက RB News သို့ပြောသည်။


Comment ရေးရန်

Rohingya Exodus