နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြတ်သားထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခြင်း



နေ့စွဲ၊ ၂၀၁၆ ခု သြဂုတ်လ ၇ ရက်

ပြတ်သားထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခြင်း

တရား ဥပဒေ စိုးမိုးရေး နှင့် ဒီမိုကရေစီ ထွန်းကားရေး ကတိများဖြင့် ရွေးကောက်ပွဲနိုင်သော အစိုးရ အနေဖြင့်- လူနည်းစု ဘာသာဝင်များ ဖြစ်သည့် အစ္စလာမ်နှင့် ခရစ်ယာန် ဘာသာဝင်တို့အား အနိုင်ကျင့် စော်ကား အကြမ်းဖက်သော အုပ်စုများအား ထိရောက်စွာ ကိုင်တွယ်ခြင်း မရှိသည့် အပြင်-ကရင်ပြည်နယ်တွင်းမှ ခရစ်ယာန်ဘုရားကျောင်ဝန်း အတွင်း အဓမ္မစေတီတည်ခြင်း ကိစ္စ၊ ပဲခူး သရဲသမိန် ဗလီ ဖျက်ဆီးခြင်း ကိစ္စ၊ ဖားကန့် ၀တ်ပြုဆောင် ဖျက်ဆီးခြင်း ကိစ္စ နှင့် ယခု ရက်ပိုင်း သင်္ကန်းကျွန်းတွင် ဖြစ်နေသည့် အနိုင်ကျင့်နေမှုတို့အား အရေးမယူဘဲ အချိန်ဆွဲထားခြင်း ကိစ္စများက အဆိုပါ အကြမ်းဖက် အုပ်စုများဘက်မှ အာဏာပိုင် အစိုးရကိုယ်တိုင် ဘက်လိုက်သည့် ပုံသဏ္ဍာန်တို့ အား မြင်တွေ့နေရသည်။

ဘာသာရေး လူမျိုးရေး ပဋိပက္ခများဖြစ်ရန် အမုန်းဝါဒ ဖြန့်ဝေ လှုပ်ရှားမှုများအား အစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးယူမည်ဟု လက်ရှိ အစိုးရ၏ သာသနာရေးဝန်ကြီး ဦးအောင်ကိုမှ ကတိ ပေးသည်မှာလည်း ကမ္ဘာ့အသိုင်းအ၀ိုင်းအား မျက်နှာချိုသွေး လိမ်လည်လှည့်စားသော စကားများသာ ဖြစ်ကြောင်း လက်ရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာများမှ ထင်ဟပ်နေသည်။

မတရားသဖြင့် ပြသနာ ရှာခံရသူ လူနည်းစုနှင့် ပြသနာရှာသည့် လူများစုတို့ အကြား ဖြစ်တည် လာသည့် ပဋိပက္ခအား ချက်ချင်း မဖြေရှင်းဘဲလျှက် အချိန်ဆွဲထားခြင်းများမှာ အစိုးရ ကိုယ်တိုင် မရိုးမသား ဆန္ဒရှိကြောင်းကိုလည်း သက်သေပြရာ ရောက်သည်။ ဤပြသနာအား အခြေခံ၍ ပဋိပက္ခကြီး အသွင် ဖြစ်လာခဲ့သော်- လက်ရှိ အစိုးရတွင်သာ ရာနှုန်းပြည့် တာဝန်ရှိနေသည်။

လူနည်းစုတို့အား စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတို့အား - ရပ်တန်းက ရပ်ရန် - အဆိုပါ အနိုင်ကျင့်သူ အကြမ်းဖက်သူတို့အား အချိန်မဆွဲဘဲ ပြတ်သားထိရောက်စွာ အရေး ယူပေးရန်- အာဏာပိုင်အစိုးရအား ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှာ တောင်းဆိုပါသည်။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus