နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘုရားပြင်အောင်ပတွင် ယာယီစခန်းချနေသည့် စစ်သားများက ကင်းသမားများကို ရိုက်နှက် ငွေညှစ်

MYARF
RB News
21.9.2016


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုတွင် ယာယီ စခန်းချနေသည့် တပ်မတော်သားများက စက်တင်ဘာလ (၁၈) ရက်နေ့ ညပိုင်းတွင် ဒေသခံရိုဟင်ဂျာ ကင်းသမားများကို ထိုးကြိတ်ရိုက်နှက်၍ ငွေညှစ်ခဲ့သည်။ 

စက်တင်ဘာလ (၁၈) ရက်နေ့ ည (၉) နာရီတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် ယာယီစခန်းချနေသည့် တပ်မတော်သားများက ဘုရားပြင်အောင်ပ ကျေးရွာမှ ရှီရှား (ဘ) ဦးနူရူလာမိန်နှင့် အတူ သိမ်တောင်ပြင် ကျေးရွာအုပ်စုသို့ သွားရောက်၍ (၁) ဖူတိခ်ခါး (ဘ) ဦးလေရူး (၂) ဟာရှိမ်း (ဘ) ဦးလေရူး (၃) ဆော်လိမ် (ဘ) ဦးဇာကဲရ် တို့အပါအ၀င် ကင်းသမား (၈) ဦးကို အကြောင်းမဲ့ လူမဆန်စွာ ထိုးကြိတ်ရိုက်နှက်ပြီး ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

တပ်မတော်သားများနှင့် အတူ ဘုရားပြင်အောင်ပမှ လိုက်ပါသွားသည့် ရွာသားသည် အာဏာပိုင်များ၏ သတင်းပေး တစ်ဦးဖြစ်ပြီး၊ တပ်မတော်သားများ အားကိုးဖြင့် ကင်းသမားများကို မညှာမတာ ရိုက်နှက်ခဲ့သည့် အပြင် ၎င်းအား ဗိုလ်ကြီးက ကျောထောက်နောက်ခံ ပေးထားသောကြောင့် သတ်ချင်တိုင်းသတ်၍ ရကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကမှ ၎င်းအား ဖမ်းဆီးခြင်း ပြုလုပ်၍ မရဟု ကြုံးဝါးသွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ကျေးရွာများ၏ လုံခြုံရေးကို သက်ဆိုင်ရာ ကျေးရွာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများမှ တာဝန်ယူရမည် ဖြစ်သော်လည်း ကျေးရွာများတွင် ညစဉ်ညတိုင်း ရွာသားများကို အလှည့်ကျ ကင်းစောင့်ခိုင်းသည့် အပြင်၊ လက်နက်ကိုင် အာဏာပိုင်များက ကင်းသမားများကို ထိုးကြိတ်ရိုက်နှက်၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။





Comment ရေးရန်

Rohingya Exodus