နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်းဒင် စ.ရ.ဖ တာဝန်ခံက တပည့်တစ်ဦးကို အသုံးပြု၍ ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်နေ

MYARF

RB News
27.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် စ.ရ.ဖ စခန်းမှ တာဝန်ခံသည် ၎င်းအတွက် အလုပ်လုပ်ပေးသည့် ရွာသားတစ်ဦးကို အသုံးပြု၍ ဒေသခံရွာသားများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

စက်တင်ဘာလ (၂၄) ရက်နေ့ ည (၁၂) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ အင်းဒင်ကျေးရွာ အခြေစိုက် စ.ရ.ဖ စခန်းမှ တာဝန်ခံသည် ဦးလာလ်လျား (ဘ) ဦးအာဘူကို အင်းဒင်ကျေးရွာအုပ်စု၊ အလယ်ရွာမှ မဇူလီ (ဘ) ဦးအဘုလ်ဖော်ယာစ်၏ နေအိမ်သို့  စေလွှတ်၍ ဧည့်စာရင်း စစ်ဆေးခိုင်းခဲ့သည်။ စ.ရ.ဖ တာဝန်ခံ အတွက် အလုပ်လုပ်ပေးသူ ဦးလာလ်လျားက မဇူလီ၏ နေအိမ်သို့ ၀င်ရောက်၍ တစ်အိမ်လုံး ရှာဖွေရာတွင် မည်သည့် ဧည့်သည်မှ မတွေ့သလို၊ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာလည်း မတွေ့ရှိခဲ့ပေ။ သို့သော်လည်း ၎င်းက မဇူလီကို “မင်းတို့အိမ်မှာ ဧည့်သည်တွေ ဧည့်စာရင်းမတိုင်ပဲ လာအိပ်တာ ငါတို့ သတင်းရတယ်” ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် တစ်သိန်း တောင်းခံခဲ့ရာ၊ မဇူလီထံတွင် ငွေသား မရှိသဖြင့် ၁၂ ပဲသား ရွှေဆွဲကြိုးကို သိမ်းဆည်းသွားခဲ့သည်။ စက်တင်ဘာလ (၂၅) ရက်နေ့ နေ့လည်ပိုင်းတွင် မဇူလီက ငွေကျပ် ၆ သောင်း ပေး၍ ၎င်း၏ ရွှေဆွဲကြိုးကို ဦးလာလ်လျားထံမှ ပြန်ရွေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောပါသည်။

အလားတူ စက်တင်ဘာလ (၂၅) ရက်နေ့ ညနေ (၄) နာရီခန့် အချိန်တွင် စ.ရ.ဖ တာဝန်ခံသည် ဦးလာလ်လျားကို အင်းဒင်ကျေးရွာအုပ်စု၊ ရွာကြီးမှ မုဆိုးမ မဘိုရှု (ဘ) ဦးအာဇီရောန်၏ နေအိမ်သို့ စေလွှတ်၍ ခြံပေါက် နွားမနှစ်ကောင်နှင့် နွားထီးတစ်ကောင်တို့ကို သိမ်းဆည်း၍ စ.ရ.ဖ စခန်းသို့ ယူဆောင်လာစေခဲ့သည်။ ယခုအခါ အဆိုပါ နွား (၃) ကောင်ကို စ.ရ.ဖ ရုံးတွင် ကြိုးဖြင့် ချည်နှောင်ထားပြီး၊ ပိုင်ရှင်ဖြစ်သူ မဘိုရှု ကို အသစ်ဝယ်ယူထားသည့် နွားများဟု လုပ်ကြံစွပ်စွဲ၍ မတရားသဖြင့် ငွေညှစ်ရန် ကြိုးစားနေသည်ဟု ဒေသခံများက ပြောပါသည်။

ပြည်သူ့ ဘဏ္ဍာမှ လစဉ်လစာရယူနေသည့် ပြည်သူ့ဝန်ထမ်း တစ်ဦးက တပည့်တစ်ဦးကို လိုရာအသုံးချ၍ ပြည်သူများထံမှ မတရားသဖြင့် ငွေညှစ်နေခြင်းနှင့် ပတ်သက်၍ အထက် အာဏာပိုင်များက လိုအပ်သလို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အမြန်ဆုံး အရေးယူဟန့်တားပေးပါရန် ဒေသခံများက တောင်းဆိုနေကြသည်။





Comment ရေးရန်

Rohingya Exodus