နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ

Rohingya Eye
RB News
11.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်းကို အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။

ဒေသခံတစ်ဦးက “အခုရှာတွေ့တဲ့ ကျင်းထဲမှာ (၃) ယောက်ပါ။ တစ်ယောက်ကတော့ အသက်တော်တော်ကြီးနေပါပြီ။ ဒီလူတွေကို တနင်္ဂနွေနေ့ ညပိုင်းမဟုတ်ရင် တနင်္လာနေ့ မနက်အစောပိုင်းမှာ သတ်လိုက်တာပါ” ဟု RB News သို့ပြောသည်။

ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုသို့ အောက်တိုဘာလ (၉) ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်တွင် စစ်တပ်ဝင်ရောက်လာပြီး ဒေသခံ ရိုဟင်ဂျာ (၅) ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးသွားသူ (၅) ဦးမှ (၃) ဦး၏ အလောင်းကို ကျင်းတစ်ကျင်းမှ အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်သားများ၏ ပစ်သတ်ခြင်းကိုခံရသူများမှာ --

(၁) ဦးဘော်ဆီရ်အဟမတ် (ဘ) ဦးနာဇီရ်ဟူစိန်း (အသက် ၆၇ နှစ်)
(၂) ဦးအီမာန်ဟူစိန်း (ဘ) ဦးလာလ်မျာ (အသက် ၄၁ နှစ်)
(၃) မာမွတ်နာစိရ် (ဘ) ဦးဂျမာလ် (အသက် ၁၆ နှစ်) -- တို့ဖြစ်သည်။

ဖမ်းဆီးသွားသူ (၅) ဦးမှ (၃) ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ကျန်သည့်သူ နှစ်ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေသည်ဟု ဒေသခံများက ပြောပါသည်။

ဓါတ်ပုံများမှာ ကျောက်ဆိပ်ပြင်ရွာသားများထံမှ ရရှိထားသည့် ဓါတ်ပုံများ ဖြစ်သည်။













Comment ရေးရန်

Rohingya Exodus