နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့ အနီး ပင်လယ်ပြင်တွင် ခွင့်ပြုချက်ဖြင့် ငါးဖမ်းနေသူများကို မြန်မာ့ရေတပ်က ရိုက်နှက်

RB News
19.10.2016


စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ငါးဖမ်းရန် သွားသည့် ရိုဟင်ဂျာ ငါးဖမ်းစက်လှေ နှစ်စီးမှ ငါးဖမ်းသမားများကို မြန်မာရေတပ်က ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၇) ရက်နေ့ ည ၇ နာရီ အချိန်တွင် ရိုဟင်ဂျာများ၏ ငါးဖမ်း စက်လှေ နှစ်စီးကို မြန်မာ့ရေတပ်မှ ရပ်တန့်ခိုင်းပြီး ငါးဖမ်း စက်လှေပေါ်ရှိ ငါးဖမ်းသမားများကို ရိုက်နှက်ခဲ့သည်။

ငါးဖမ်းစက်လှေများပေါ်တွင် ငါးဖမ်းသမား ၈ ဦးစီ ပါဝင်ပြီး နှစ်စီးတွင် စုစုပေါင်း ၁၆ ဦးပါဝင်သည်။ ၎င်းတို့သည် သဲချောင်းကျေးရွာရှိ ရဲတပ်ဖွဲ့မှ ခွင့်ပြုချက်ဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းရန် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ စစ်တွေမြို့အနီး ဘင်္ဂလားပင်လယ်အော်တွင် မြန်မာ့ရေတပ်က စက်လှေနှစ်စီးကို ရပ်တန့်ခိုင်းပြီး အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ငါးဖမ်းသမား (၁၆) ဦးအနက် ဘောဒူဖ ဒုက္ခသည်စခန်းမှ ငါးဖမ်းသမားများ၏ ခေါင်းဆောင် ဦးဂျိုလ္လာ (ဘ) ဦးရှုကူရ် (အသက် ၄၁ နှစ်) ကို လူမဆန်စွာ ရိုက်နှက်ခဲ့သောကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ၎င်းသည် ယခုအခါ ဒုက္ခသည်စခန်းတွင် ရှိနေပြီး လုံလောက်သည့် ဆေးဝါးကုသမှု မရရှိကြောင်း ဒေသခံများက ပြောပါသည်။

မြန်မာ့ရေတပ်မှ ငါးဖမ်းစက်လှေများကို အကြောင်းမဲ့ ရပ်တန့်ခိုင်းပြီး ငါးဖမ်းသမားများကို ရိုက်နှက်သော သတင်းကြောင့် ငါးဖမ်းသမားများ ငါးဖမ်းထွက်ရန် အခက်ကြုံနေကြောင်း သိရှိရသည်။




လူမဆန်စွာ ရိုက်နှက်ခံရသည့် ဦးဂျိုလ္လာ၏ ဓါတ်ပုံများ ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus