နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ဖြစ်စဉ်အကျဉ်းနှင့် သတင်းသုံးသပ်ချက်

RB News
9.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၉ ရက် နံနက် ၁ နာရီကျော် အချိန်မှစ၍ ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်၊ ငါးခူးရအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်းကောက် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတို့ တိုက်ခိုက်ခံခဲ့ရသည်။ မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို အတည်ပြုရန် ခဲယဉ်းနေပြီး တပ်မတော်ဖက်က ထွက်လာသော သတင်းအရ AA လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု ယူဆနေကြောင်း သိရှိရသည်။ ရခိုင်မီဒီယာနှင့် မြန်မာမီဒီယာအချို့က အစိုးရထံမှ အတည်ပြုချက်မရမီကပင် RSO က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၀ါဒဖြန့်လျက် ရှိသည်။

ဖြစ်ပွားခဲ့ပုံ

- တိုက်ခိုက်ရေးအဖွဲ့သည် ဦးစွာ ဌာနချုပ် အနီး ကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စီးနင်းရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရှိရသော်လည်း အတိအကျ မသိရပေ။

- ထို့နောက် တိုက်ခိုက်ရေးအဖွဲ့သည် ဌာနချုပ်ထဲသို့ စီးနင်းဝင်ရောက်ခဲ့ပြီး အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ မိနစ် သုံးဆယ်ခန့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားပြီး တိုက်ခိုက်သူများ နောက်ဆုတ်သွားခဲ့သည်။ လက်နက် ၅၀ ကျော် သိမ်းယူသွားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ နယ်ခြားစောင့်တပ် ဘက်မှ အသေအပျောက် အနည်းဆုံး တစ်ဦး ရှိခဲ့သည်ဟု သိရသည်

- ထို့နောက် နံနက် ၃ နာရီခန့်အချိန့်တွင် မောင်တောမြောက်ပိုင်း ငါးခူးရ စခန်းနှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ အသေအပျောက် မသိရပေ။

- တစ်ချိန်တည်းမှာ မောင်တော တောင်ပိုင်းအစွန်း ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ နယ်ခြားစောင့်တပ် ဘက်မှ တစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

တိုက်ခိုက်ခံရသည့် နေရာ အနေအထား

အထက်ပါ တိုက်ခိုက်ခံရသော နေရာ သုံးခုကို ကြည့်လျှင် သုံးခုစလုံးသည် ရခိုင်ရွာနှင့် နီးစပ်သည်။

- ကျီးကန်းပြင် ဌာနချုပ်စခန်း၏ တောင်ဖက်နှင့် မြောက်ဖက်တွင် အောင်ဇေယျာ ရခိုင်ရွာနှင့် အောင်မင်္ဂလာ ရခိုင်ရွာ တို့် တည်ရှိပါသည်။

- ငါးခူးရစခန်း၏ တောင်ဖက်တွင် ကြံပြင်ရခိုင်ရွာ တည်ရှိပါသည်။

- ကိုးတန်ကောက် စခန်းနှင့် နီးလျက် ဒုံးမိုက်ရခိုင်ရွာ တည်ရှိပါသည်။

သုံးသပ်ချက်

- တိုက်ခိုက်သူများသာ ရိုဟင်ဂျာ ဖြစ်လျှင် အဘယ်ကြောင့် ရခိုင်ရွာမရှိသော၊ ရိုဟင်ဂျာရွာနှင့် နီးကပ်လျက်ရှိသည့် စခန်းများကို မတိုက်ခိုက်ခဲ့သနည်း။ စဉ်းစားရန်လိုသည်။

- တိုက်ခိုက်ပြီးနောက် တိုက်ခိုက်သူများ ပျောက်ကွယ်သွားသည်ဟု ဆိုသည်။ စခန်းနှင့် အနီးစပ်ဆုံးရှိသော ရွာများမှာ ရခိုင်ရွာများဖြစ်၍ ထိုရခိုင်ရွာများတွင် ပုန်းအောင်းနေခွင့်ရမည်လား။ စဉ်းစားရန်လိုသည်။

- ထို့အပြင် တိုက်ခိုက်လာသူ နည်းနည်းက BGP ဌာနချုပ်လို နေရာမျိုးထဲ စီးနင်းဝင်ရောက်နိုင်ခြင်း၊ လက်နက်သိုလှောင်ရုံမှ လက်နက်များ သိမ်းသွားနိုင်ခြင်းများသည် လွယ်ကူသည် မဟုတ်ပါ။ အဆိုပါ ဌာနချုပ်မှ BGP များထဲက ပူးပေါင်းမှု မရှိလျှင် လုံးဝမဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။ BGP များ ရိုဟင်ဂျာနှင့် ပူးပေါင်းခဲ့ပါမည်လား။ စဉ်းစားရန်လိုသည်။

ဌာနချုပ်နှင့် ငါးခူးရစခန်း တိုက်ခိုက်ခံရပြီး မိနစ်အနည်းငယ်အကြာတွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်း တိုက်ခိုက်ခံရသည်ကို အသေအချာ လေ့လာကြည့်လျှင် --

- တိုက်ခိုက်သူများသည် ဌာနချုပ်နှင့် ငါးခူးရ စခန်းကို တိုက်ခိုက်သည်။ ကျန်စခန်းများကို တိုက်ခိုက်လိုလျှင် မောင်တော မြောက်ပိုင်းတွင် BGP စခန်းပေါင်းများစွာ ရှိနေပါသည်။ ထိုစခန်းများကို မတိုက်ခိုက်ဘဲ ဌာနချုပ်နှင့် မိုင်ပေါင်း ၄၀ နီးပါးဝေးကွာသော ကိုးတန်ကောက် စခန်းကို အဘယ်ကြောင့် တိုက်ခိုက်သနည်း။ ထိုစခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် အစ္စလာမ်ဘာသာဝင် တစ်ဦးကို အသေဖမ်းမိသည်၊ နောက်တစ်ဦးကို အရှင် ဖမ်းမိသည်ဟု ရခိုင်မြန်မာမီဒီယာတစ်ခုတွင် ရေးထားသည်။

ဖမ်းမိရသူများ ဘယ်သူလဲ

- မောင်တော တောင်ပိုင်း၊ ကိုးတန်ကောက် ကျေးရွာ တစ်ဝိုက်တွင် အဒူလ်ဟာကိမ်း ဦးဆောင်သော ဓားပြအဖွဲ့တစ်ဖွဲ လှုပ်ရှားနေသည်မှာ လေးနှစ်ကျော်နေပြီ ဖြစ်သည်။ အဆိုပါ ဓားပြအဖွဲ့သည် ရိုဟင်ဂျာ ဖြစ်သော်လည်း ဒေသခံရိုဟင်ဂျာများကို လူမဆန်စွာ နှိပ်စက်လေ့ရှိသည်။ ပြန်ပေးဆွဲပြီး ငွေအမြောက်အများ ညှစ်လေ့ရှိသည်။ ငွေမပေးသူကို သတ်ပစ်သည်။ အဒူလ်ဟာကိမ်း၏ အဖွဲ့က ဓါးပြတိုက်လျှင် ဒေသခံအာဏာပိုင်အဖွဲ့အစည်းများက ဓားပြတိုက် ခံရသူများကို အကာအကွယ်မပေးသည့်အပြင် ဓားပြအဖွဲ့ထံမှ ဝေစု ခွဲယူသည်ဟု သိရသည်။ ၎င်းဓားပြအဖွဲ့နှင့် ပတ်သက်၍ RB News တွင် အကြိမ်ကြိမ် ရေးသားဖော်ပြခဲ့သည်။

အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ဌာနချုပ်နှင့် ငါးခူးရတွင် တိုက်ခိုက်မှုဖြစ်ပွားနေသည်ကို ကြား၍ ၎င်းဓားပြအဖွဲ့ အချိန်မီ ရှောင်သွားဟန်ရှိသည်။ ဌာနချုပ်နှင့် ငါးခူးရစခန်း တိုက်ခိုက်ခံရသည်ကို ကြား၍ မောင်တော တစ်ဝိုက် BGP များ အသင့်အနေအထားတွင် နေချိန်ဖြစ်သည်။ ထို့ကြောင့် ရှောင်သွားနေသော ဓားပြအဖွဲ့နှင့် BGP တို့ မျက်နှာချင်းဆိုင် ဖြစ်ခဲ့သည်။ ထိုစဉ် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။ ထိုတွင် ဓားပြအဖွဲ့မှ တစ်ဦးသေ၊ တစ်ဦးဖမ်းခံရခြင်း ဖြစ်သည်။

- အရှင်ဖမ်းမိရသူသည် အဒူလ်ဟာကိမ်း ဓားပြအဖွဲ့က ဖြစ်သည်ကို ဒေသခံများက သိကြသည်။

ဒေသခံအာဏာပိုင်များ ထဲတွင် ရှိသော ရခိုင်များ၏ စနစ်တကျ ကြိုတင် ကြံစည်မှုများလား

- မောင်တော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့် (ရခိုင်လူမျိုး) က အောက်တိုဘာလ (၄) ရက်နေ့တွင် အစိုးရဝန်ထမ်းများကို အကြမ်းဖက်မှု ဖြစ်ပွားနိုင်သဖြင့် သတိထားနေရန် စာထုတ်၍ သတိပေးခဲ့သည်။

- တစ်ဆက်တည်းတွင် "နယ်စပ်လှိုင်း" ဆိုသော မောင်တောအခြေစိုက် ဆိုရှယ်လ်မီဒီယာ ပေ့ခ်ျမှ မြို့နယ်အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး ဘင်္ဂလီများ အကြမ်းဖက်နိုင်သည်ဟု ဝါဒဖြန့်ခဲ့သည်။

အထက်ပါ အချက်များကို သေချာလေ့လာကြည့်လျှင် ဤတိုက်ခိုက်မှုသည် ဒေသခံရိုဟင်ဂျာများ၏ လက်ချက်မဟုတ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

ရခိုင်လူမျိုး အာဏာပိုင်အချို့က ၎င်းတို့နှင့် နီးစပ်သည့် ရိုဟင်ဂျာအချို့ကို ဤတိုက်ခိုက်မှုကို ရိုဟင်ဂျာများ လုပ်ခဲ့သည်ဟု သတင်းလွှင့်ရန် စည်းရုံးနေခြင်း ရှိနေသည်။

ဤတိုက်ခိုက်မှု ဖြစ်ပွားလာရန် အားထုတ်ခဲ့သူများသည် လက်နက်မဲ့ရိုဟင်ဂျာများကို နိုင်ငံတကာရှေ့မှောက်တွင် အကြမ်းဖက်သမားများ အဖြစ်ပုံဖော်ရန် ရည်ရွယ်၍ ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။

ရိုဟင်ဂျာများသည် အာဏာပိုင်အစိုးရ၏ ပိတ်ဆို့ ထားမှုကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်ခြင်း မရှိသည်မှာ နှစ်အတော်ကြာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် လူအင်အားစုခြင်း၊ လက်နက်စုဆောင်းခြင်း တို့မှာ ပိတ်ဆို့ခံရိုဟင်ဂျာ တို့အတွက် လက်တွေ့တွင် အင်မတန် ခက်ခဲပါသည်။ အိပ်မက်မက်ရန်ပင် ခဲယဉ်းသည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့် ဖြစ်စဉ်ကို သေချာ သုံးသပ်ရန် လိုပါသည်။

အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ မပြုပါရန်နှင့် တရားဥပဒေအတိုင်း တိကျစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါသည်။

** ထိခိုက်ကျဆုံးမှု စာရင်းမှာ အစိုးရစာရင်းတွင် ပိုနေသည်ကို တွေ့ရှိရသည်။ မိမိတို့ RB News အနေဖြင့် ထိခိုက်ပျက်စီးမှုများထက် ဖြစ်စဉ်ကို ပိုမိုသုံးသပ်၍ တင်ပြခြင်းဖြစ်သည်။ 





Comment ရေးရန်

Rohingya Exodus