နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်နှမ ကျေးရွာမှ ၁၆ ဦးကို ဖမ်းဆီးထား၊ ရွာသားများကို ရွာမှ နှင်ထုတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်

MYARF
RB News
26.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၅၀ ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၁၆ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း၊ ရွာသားများ အားလုံးကို ရွာပြင်သို့ နှင်ထုတ်၍ လုယက်ခဲ့ကြောင်း၊ အမျိုးသမီးများကိုလည်း မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် မောင်နှမ ကျေးရွာသို့ ၀င်ရောက်လာပြီး အမျိုးသား ၆၆ ဦးကို ဖမ်းဆီး၍ မောင်နှမ ကျေးရွာ၏ တောင်ဖက် အောင်မင်္ဂလာ န.တ.လ ရွာသို့ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးသွားများကို လူမဆန်စွာ ရိုက်နှက်၍ ၅၀ ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် ၁၆ ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

လွှတ်ပေးလိုက်သူများထဲမှ အချို့မှာ လမ်းပင် လျှောက်နိုင်တော့သည့် အနေအထား မရှိတော့သဖြင့် ထမ်းပြီး ခေါ်ဆောင်လာခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ရွာသားများ အားလုံးကို စစ်သားများက ရွာမှ နှင်ထုတ်၍ လယ်ကွင်းပြင်တွင် တဲများထိုး၍ နေစေကြောင်း၊ အမျိုးသမီး အချို့ကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ အောင်မင်္ဂလာနှင့် အောင်သာယာ န.တ.လ ရွာသားများ ရွာထဲသို့ ၀င်ရောက်၍ အိမ်များမှ ပစ္စည်းများ၊ ကျွဲ၊ နွား၊ ဆိတ်များ ယူဆောင်သွားသည့် အပြင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။


Comment ရေးရန်

Rohingya Exodus