နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ပေါ်မှ မြို့မျက်နှာဖုံး (၃) ဦးကို ဖမ်းဆီးထား

Rohingya Eye
RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပေါ်မှ မျက်နှာဖုံး (၃) ဦးကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲပ ဌာနချုပ်ကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်းတွင် အစိုးရက နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ နေ့စဉ် ကျူးလွန်လျက် ရှိသည်။ 

အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မောင်တောမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးကျော်လှိုင်သည် မြို့မအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်၍ ယင်းရပ်ကွက်မှ ဦးမောင်ကျော် (ခ) ဦးဂျမာလ် (အသက် ၆၅ နှစ်) နှင့် ဦးခင်ဇော် (အသက် ၆၂ နှစ်) တို့ကို အုပ်ချုပ်ရေးမှူး ရုံးတွင် ခေါ်ယူ တွေ့ဆုံပြီးနောက် ကားပေါ်တင်၍ မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ယင်းနေ့တွင်ပင် အမှတ် (၅) ရပ်ကွက်မှ ဦးကျော်မြင့် (ခ) ဦးအနိုဝါရ် (အသက် ၅၂ နှစ်) ကိုလည်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ 

အောက်တိုဘာလ (၉) ရက်နေ့ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဒေသခံ ပြည်သူလူထုကို ရှင်းလင်းရန် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ၀န်ကြီးများ အဖွဲ့ မောင်တောမြို့သို့ ရောက်ရှိခဲ့စဉ်က ရိုဟင်ဂျာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ယခုအစိုးရသည် ပြည်သူများ တင်မြှောက်ထားသည့် အစိုးရ ဖြစ်ကြောင်း၊ ယခင်အစိုးရ မဟုတ်ကြောင်း၊ ထို့ကြောင့် စိုးရိမ်ရန် မလိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို အရေးယူမှာ ဖြစ်ကြောင်း။ အပြစ်မရှိသူများကို အရေးယူမည် မဟုတ်ကြောင်း၊ အပြစ်မရှိသူများကို အရေးယူသည့် ဌာနများကို မိမိကိုယ်တိုင် အရေးယူသွားမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် စိုးရိမ်ရန် မလိုအပ်ဘဲ ပုံမှန်အတိုင်း နေကြရန်လိုကြောင်း ပြောဆိုခဲ့သည်။ 

မြို့ပေါ်မှ ဒေသခံတစ်ဦးက “အခုအာဏာပိုင်တွေရဲ့ လုပ်ရပ်က အရင် အာဏာရှင် အစိုးရအတိုင်း ဖြစ်နေတယ်၊ မောင်တောမှာ တစ်ခုခု ဖြစ်တယ်ဆိုရင် ကုန်သည်ကြီးတွေ၊ မျက်နှာဖုံး လူကြီးတွေပါ လိုက်ဖမ်းတဲ့ အလေ့အထ တစ်ခုရှိတယ်။ ၂၀၁၂ တုန်းကလည်း မြို့ပေါ် မျက်နှာဖုံး လူကြီးတွေ၊ ကုန်သည်ကြီးတွေကို အကြောင်းမဲ့ ဖမ်းဆီးတယ်၊ မီးရှို့မှုနဲ့ စွပ်စွဲပြီး အရေးယူခဲ့တယ်။ အခု အာဏာပိုင်တွေလည်း အရင်အာဏာပိုင်တွေ လုပ်တဲ့အတိုင်း ဆက်လုပ်နေတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ပြောခဲ့တဲ့ အတိုင်း ဒေသခံ အာဏာပိုင်တွေ လိုက်နာမှုမရှိတာ တွေ့ရတယ်” ဟု RB News သို့ပြောသည်။ 


Comment ရေးရန်

Rohingya Exodus