နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောခရိုင်ရောက် အစိုးရရဲ့ စိတ်ကြိုက် အရွေးခံ ရုပ်သေးရုပ် သတင်းသမားအဖွဲ့ ဘယ်လဲ ဘာလဲ

(ဓါတ်ပုံ - State Counsellor Office Information Committee)


မောင်သစ္စာ (ရခိုင်ပြည်)
RB News
29.12.2016

အစိုးရရဲ့စိတ်ကြိုက် လက်ရွေးစင် သတင်းသမားအဖွဲ့ ရဲ့ ရခိုင်ခရီးစဉ်ဟာ "မီဒီယာလွတ်လပ်ခွင့်အရ လုံးဝ လွတ်လပ်ပါတယ်လို့ပြောနိုင်တယ်" ဆိုပြီး အဲဒီထဲက သတင်းသမားအချို့တွေ အစီရင်ခံနေခြင်းဟာ "ကိုယ်စီးနေတဲ့မြင်း အထီးမှန်း အမမှန်း မသိ"သလို ဖြစ်နေပါပြီ။

သတင်းထောက် ၁၃ ဦးပါဝင်တဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့တစ်ခုဟာ မြန်မာအစိုးရက နှစ်လကျော် သတင်းအမှောင်ချထားခဲ့တဲ့ မောင်တောခရိုင်ကို မကြာသေးခင်က အစိုးရရဲ့စီစဉ်ပေးမှုနဲ့ ပထမဆုံးအကြိမ်အဖြစ် သွားရောက် သတင်းယူခဲ့ပါတယ်။ အစိုးရကိုယ်တိုင်က သူတို့နဲ့ တစ်သဘောတည်းရှိမယ်လို့ ယုံကြည်ရတဲ့ သတင်းဌာနတွေကိုပဲ ရွေးချယ်စေလွှတ်ခဲ့တာကြောင့် အဲ့ဒီအဖွဲ့ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာ အဖွဲ့တစ်ဖွဲ့ ဖြစ်နိုင်ပါ့မလားဆိုပြီး နိုင်ငံတကာက မေးခွန်းထုတ်ထားပါတယ်။ အစိုးရက စိတ်ကြိုက်ရွေးချယ်ပြီး အစိုးရရဲ့ အစီအမံနဲ့ စေလွှတ်ခဲ့တဲ့ အဲ့ဒီသတင်းအဖွဲ့ဟာ လက်တွေ့မှာရော တကယ်ပဲ လွတ်လပ်တဲ့ မီဒီယာအဖွဲ့ ဖြစ်နိုင်သလား၊ ဒီသတင်းသမား ၁၃ ဦးဟာ ကိုယ်သွားချင်တဲ့နေရာတွေကို သွားပြီး လွတ်လွတ်လပ်လပ် သတင်းယူနိုင်ခဲ့သလား၊ သတင်းသမားတွေ ကိုယ်တိုင်ကရော ဘက်လိုက်မှုကင်းပြီး သမာသမတ်ကျတဲ့ သတင်းသမားတွေလား စတဲ့မေးခွန်းတွေ တစ်ပုံတစ်ပင် ရှိနေတာပါ။ ဒီထဲက နာမည်ကျော် သတင်းသမား နှစ်ဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်နဲ့ နိုင်ငံခြား သတင်းထောက်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွေးအောင် ခေါ် ဦးဂျင်မီတို့ရဲ့ သတင်းယူနိုင်ခဲ့တဲ့ပုံစံ၊ မြေပြင်က လူတွေရဲ့ ပြောပြချက်တွေကို အခြေခံပြီး လေ့လာသုံးသပ် ကြည့်ကြရအောင်။

မောင်တောမှာ အစိုးရလက်နက်ကိုင်တွေ ဘာတွေကျူးလွန်ခဲ့သလဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းက နယ်ခြားစောင့်ရဲစခန်း နှစ်ခုနဲ့ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်း တစ်ခုတို့ကို အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်တပ်၊ နယ်ခြားစောင့်ရဲနဲ့ လုံထိန်းရဲတို့ ပူးပေါင်းပြီး ရိုဟင်ဂျာကျေးရွာပေါင်းများစွာကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး အင်အားအလုံးအရင်းနဲ့ စီးနင်းဝင်ရောက် ချေမှုန်းခဲ့ပါတယ်။ အဲလို စီးနင်းဝင်ရောက်ခဲ့တာမှာ အစိုးရလက်နက်ကိုင် တပ်ဖွဲ့တွေက အပြစ်မဲ့ဒေသခံ ရိုဟင်ဂျာတွေအပေါ် လောင်ချာလို လက်နက်သုံးပြီး တိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာတောင် ရှိခဲ့တယ်။ နောက်ထပ်လည်း ဒေသခံတွေအပေါ် ပုံစံအမျိုးမျိုးနဲ့ ဆိုးဆိုးရွားရွား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် ခဲ့တာတွေ ရှိပါတယ်။

အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေက အပြစ်မဲ့ ရိုဟင်ဂျာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် လူပေါင်း ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်း၊ အမျိုးသမီး ၃၀၀ နီးပါးကိုလည်း အဓမ္မပြုကျင့်ခဲ့ခြင်း၊ အနည်းဆုံး ကျေးရွာငါးရွာကိုလည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါတွေအပြင် ရိုဟင်ဂျာတွေရဲ့ ပစ္စည်းဥစ္စာတွေကို လုယက်ခဲ့တာတွေ၊ ကလေးသူငယ်တွေကို အရှင်လတ်လတ် မီးထဲ ပစ်သွင်းလိုက်တာတွေ၊ လူတွေကို အိမ်ထဲ ပိတ်လှောင်ပြီး မီးရှို့ပစ်ခဲ့တာတွေလည်း ရှိပါတယ်။ အပြစ်မဲ့ လူငယ်လူအိုမကျန် လူပေါင်း ၆၀၀ ကျော်ကိုလည်း အကြမ်းဖက်သမား ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးခဲ့ကာ အခုတော့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေလေပြီ။ နောက်ဆုံးတော့ ရွေးချယ်စရာမရှိတော့တဲ့ အားကိုးစရာမဲ့ ရိုဟင်ဂျာ ၃ သောင်းခွဲနီးပါးဟာ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်ဘဝနဲ့ ခိုလှုံနေကြရပါပြီ။ တစ်ချို့ကတော့ ထွက်ပြေးစရာ လမ်းစရှာမတွေ့ခဲ့ဘဲ နီးစပ်ရာကျေးရွာတွေမှာ ဖြစ်သလို နေနေရပါတယ်။

နိုင်ငံတကာ မီဒီယာတွေရဲ့တင်ဆက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ မြန်မာအစိုးရရဲ့တုန့်ပြန်ချက်

ဒီလိုမျိုး ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖြစ်စဉ်ထဲက တစ်ချို့တလေကို နိုင်ငံတကာ မီဒီယာတွေ၊ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ရရာနည်းလမ်းနဲ့ တိတိကျကျ ဖော်ထုတ်ခဲ့ပြီး ကမ္ဘာကိုချပြနေပါတယ်။ ဒီတော့ ဒေသခံရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တဲ့အထိ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ မြန်မာအစိုးအရအပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်သံတွေက ညံသွားခဲ့သလို မြန်မာအစိုးရ အပေါ် ဖိအားပေးမှုတွေကလည်း အလုံးအရင်းနဲ့ ကျရောက်လာနေပါတယ်။

ဒါပေမယ့် မြန်မာအစိုးရက ပြည်ပမီဒီယာတွေဟာ မဟုတ်မမှန် လုပ်ကြံထားတဲ့ တစ်ဖက်သတ် စွပ်စွဲချက် သတင်းတွေကိုပဲ မီဒီယာ ကျင့်ဝတ်နှင့် မညီဘဲ အဖျက်သဘောနဲ့ ဖြန့်ဝေနေတယ်လို့ စစ်အာဏာရှင်ရဲ့ လမ်းစဉ်အတိုင်း အခြေအမြစ်မရှိ စွပ်စွဲနေတာပါပဲ။ တစ်ဖက်က အရပ်သားအစိုးရလို့ ခေါ်တဲ့ NLD ဦးဆောင်တဲ့ အစိုးရရဲ့ သတင်းပြန်ကြားရေးကလည်း အာဏာရှင်တွေရဲ့ဝါဒဆိုးအတိုင်း သတင်းအမှန်ကို အမှားနဲ့လဲလှယ်ပြီး ဘာသာစကား များစွာနဲ့ ရေးသားဖော်ပြရင်း ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာကိုလည်း စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။

ဒါတွေအပြင် နိုင်ငံတကာက မြန်မာအစိုးရအပေါ် တမင်တကာ ဖိအားပေးနေတယ်လို့ ယခင်က အာဏာရှင်တွေကြောင့် အကျပ်အတည်းကျရောက်ခဲ့တုန်းက သူကိုယ်တိုင် နိုင်ငံတကာရဲ့အကူအညီတွေ ဖောဖောသီသီ ကမ်းလှမ်းခဲ့ဖူးတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြန်လည်စွပ်စွဲခဲ့ပြီး ကျေးဇူးကန်းတစ်ဦးရဲ့ လက္ခဏာကို ရှက်ဖွယ်ရာ ဖြစ်အောင် ထုတ်ဖော်ပြသလိုက်ပါပြီ။ ဒီတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့နိုင်ငံရဲ့ မှတ်တမ်းဆိုးပိုင်ရှင် စစ်တပ်ရဲ့လူသတ်ဝါဒကို ကာကွယ်ပေးနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်နေတာပါ။ လျှမ်းလျှမ်းတောက် အာဏာတန်ခိုးရှိတဲ့ ထိုင်ခုံပေါ် ရောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံးသုတ်သင်ခြင်းခံနေရတဲ့ သူ့နိုင်ငံက လူနည်းစု ရိုဟင်ဂျာတွေကို လိုအပ်တဲ့ ကာကွယ်မှုတွေပေးဖို့ ပျက်ကွက်နေတယ်တဲ့အပြင် ရာဇာဝင်ရိုင်းတဲ့ သူ့နိုင်ငံက စစ်တပ်ကို ပိုဆိုးခွင့်ပေးနေတယ်ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်လာတာ မဆန်းပါဘူး။ ငြိမ်းချမ်းရေး နိုဘယ်ဆုရဲ့ပုံရိပ်တောင် သူ့ကြောင့် ရစရာမရှိအောင်ကို ပျက်ယွင်းသွားခဲ့ပါပြီ။

သတင်းသမားအဖွဲ့ရောက်ခဲ့တဲ့ မြေပြင်အခြေအနေ

ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ သွားရောက်လေ့လာခဲ့တဲ့ အစိုးရစိတ်ကြိုက် အရွေးခံ သတင်းမီဒီယာ အဖွဲ့ဟာ မောင်တောမြို့ရှိ ကျေးရွာအနည်းငယ်ကိုပဲ ရောက်ခဲ့ပါတယ်။ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ရွာ၊ မောင်တောမြို့နယ် မြောက်ပိုင်း ဝါးပိတ်၊ ပြောင်းပိုက်၊ ငါးခူးရနဲ့ ကြိမ်ချောင်းရွာတွေကိုပဲ သွားရောက်ခဲ့ပါတယ်။ အထိနာဆုံးကျေးရွာတွေဖြစ်တဲ့ ကြက်ရိုးပြင်၊ ဒါးကြီးဇား၊ ပွင့်ဖြူချောင်း၊ ရေခဲချောင်းခွဆုံ၊ ကျားခေါင်းတောင်၊ ကျောက်ပြင်ဆိပ်၊ ဦးရှည်ကျ စတဲ့ ကျေးရွာတွေဖက်ကို ဒီသတင်းသမားအဖွဲ့က လှည့်တောင် ကြည့်ခွင့်မရခဲ့ဘူး။

သတင်းယူချိန်တွေကလည်း အင်မတန် နည်းပါးပါတယ်။ အိမ်တွေမီးရှို့ခံရခြင်း၊ အပြစ်မဲ့ဒေသခံတွေ အသတ်ခံရခြင်း၊ အမျိုးသမီးများစွာ မုဒိမ်းကျင့်ခံရခြင်း စတဲ့ ဥပဒေမဲ့ ထင်ရာစိုင်းခြင်းခံခဲ့ရတဲ့ ပြောင်းပိုက် ကျေးရွာသားတစ်ဦးက " ကျနော်တို့ရွာမှာတော့ သတင်းသမားတွေ ၁၅ မိနစ်လောက်ပဲ နေခဲ့တယ်" လို့ပြောပြတယ်။

နောက်အရေးကြီးတာ တစ်ခုက ဒေသခံတွေဟာ သတင်းသမားအဖွဲ့ကို လွတ်လွတ်လပ်လပ် တွေ့ခွင့်မရခဲ့တာပါပဲ။ ဘာလို့လဲဆိုတော့ သတင်းသမားတွေနဲ့အတူ အစိုးရ လက်နက်ကိုင်တွေဖြစ်တဲ့ စစ်သားတွေ၊ နယ်ခြားစောင့်ရဲတွေ အပြင် စရဖနဲ့ စသုံးလုံးတို့လို့ ထောက်လှမ်းရေး အဖွဲ့တွေလည်း အတူလိုက်ပါသွားခဲ့ပြီး သတင်းသမားတွေနဲ့ အနီးစပ်ဆုံးမှာ နေခဲ့လို့ပါ။ ဒီတော့ ဖြစ်စဉ်တွေ ပြောနိုင်ဆိုနိုင်တဲ့ ပညာတတ် ဒေသခံတွေဟာ သတင်းသမားတွေကို သွားမတွေ့ဝံ့ခဲ့သလို ရဲရဲဝံ့ဝံ့ သွားတွေ့တဲ့လူအနည်းငယ်တွေကလည်း လက်နက်ကိုင်တွေ၊ ထောက်လှမ်းရေးတွေရဲ့ ရှေ့မှောက်မှာ အဲဒီလက်နက်ကိုင်တွေကပဲ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ထွက်ဆိုဖို့ ဘယ်လိုမှ သူရဲကောင်း မဖြစ်နိုင်ခဲ့ပါဘူး။

"ကျနော်တို့ဖက်မှာ ဘာမှမဖြစ်ခဲ့ဘူးလေ။ အဲ့တော့ သူတို့က မောင်တောမှာ စစ်တပ်က မုဒိမ်းကျင့်ခဲ့တာရှိလား ဆိုပြီးမေးတယ်။ ကျနော်တို့ဖက်မှာ အဲ့လိုမျိုးမဖြစ်ခဲ့ဘူး ဆိုပြီးဖြေပေမယ့် သူတို့က မောင်တောအတိုင်းအတာနဲ့ ဖြေခိုင်းတယ်။ ဒါက အနာတခြား ဆေးတခြားဆိုတဲ့ စကားအတိုင်း ဖြစ်နေပါပြီ။ မုဒိမ်းမှု ဖြစ်ပွားခဲ့တာက မောင်တော မြောက်ပိုင်းမှာလေ။" ဆိုပြီး သတင်းသမားတွေရဲ့ လိုရာဆွဲ ကောက်ချက်ချ မေးမြန်းခဲ့မှုနှင့် ပတ်သက်၍ မောင်တော တောင်ပိုင်း အလယ်သံကျော်ရွာသား တစ်ဦးက ရင်ဖွင့်ပါတယ်။

ဖြစ်ခဲ့သမျှတွေ မကြောက်မရွံ့နဲ့ ပြောပြခဲ့ရင်ရော ဘာဖြစ်မှာလဲ ဆိုပြီး မေးစရာရှိလာပြီ။ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်သားနဲ့ နယ်ခြားစောင့်ရဲတွေ ရှေ့မှောက်မှာ အဲ့ဒီစစ်သားနဲ့ နယ်ခြားစောင့်ရဲတွေ ကျူးလွန်ခဲ့တဲ့ ရာဇာဝတ်မှုတွေကို ထုတ်ဖော်ပြောပြခဲ့ရင် သတင်းသမား အဖွဲ့ပြန်သွားတာနဲ့ ပြောပြခဲ့သူတွေကို အဲဒီလက်နက်ကိုင်တွေက ညှဉ်းပန်းနှိပ်စက်တော့မှာပေါ့။ အဲ့ဒီလို ညှဉ်းပန်းနှိပ်စက်တဲ့အခါမှာလည်း ဒီသတင်းသမားအဖွဲ့ကလည်း အကာအကွယ် ပေးမှာ မဟုတ်ပါဘူး။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုတဲ့စကားအတိုင်း အကြိမ်ကြိမ် သေနေရတဲ့ ရိုဟင်ဂျာတွေက ဒေသခံအာဏာပိုင်တွေရဲ့ လုပ်ကွက်တွေ ကြိုမြင်နေတတ်ပါတယ်။ တကယ်လည်း အဲ့လို ဖြစ်နေပြီလေ။ အမျိုးသမီးပေါင်း သုံးရာကျော် မုဒိမ်းကျင့် ခံရတဲ့ထဲက အမျိုးသမီးတစ်ဦးက သူ့ကို စစ်သားတွေက မုဒိမ်းကျင့်ခဲ့တယ်ဆိုတာ ဘယ်နေမှာ ဘယ်နှစ်ယောက်က ကျင့်ခဲ့တယ်ဆိုပြီး တိတိကျကျ ပြောပြခဲ့တယ်။ အဲဒီတော့ ဘာဖြစ်လဲ။ အဲဒီသတင်းသမားတွေက သတင်းမထုတ်သေးခင်မှာပဲ အာဏာပိုင်တွေက အဲဒီအမျိုးသမီးကို အမှန်အတိုင်း ပြောရကောင်းလားဆိုပြီး ဖမ်းဆီးဖို့ လိုက်ရှာနေတယ်။ ဒီနေရာမှာ စဉ်းစားစရာ တစ်ခုက သတင်းသမားတွေက သူတို့ရတဲ့ သတင်းကို Public အတွက်ချမပေးခင် အာဏာပိုင်တွေ ဘယ်လို သိသွားခဲ့သလဲ ဆိုတာပါပဲ။ ဒီသတင်းသမားတွေ ကိုယ်တိုင်ကရော အာဏာပိုင်ကို ဒီအမျိုးသမီးကို ဖမ်းပြီး ပညာပေးဖို့ တီးတိုးအသိပေးခဲ့တယ်ဆိုတာ ယုံမှားစရာတောင်မရှိပါဘူး။ သတင်းသမားအဖွဲ့ရဲ့ မီဒီယာကျင့်ဝတ် ဖောက်ပြန်မှုက သိသိသာသာ ပေါ်လွင်ခဲ့လေပြီ။

ပြောရရင် ဒီသတင်းသမားအဖွဲ့က မီဒီယာကျင့်ဝတ်ကို တစ်စက်မှ လိုက်နာမှုမရှိခဲ့တာပါပဲ။ ဥပမာ အနေနဲ့ မုဒိမ်းမှုလို သတင်းတွေလိုက်ရတဲ့အခါ ခံရသူကို celebrity တစ်ယောက်ကို လူစည်းကားတဲ့နေရာမှာ အင်တာဗျူးလုပ်တဲ့ ပုံစံမျိုးနဲ့ အင်တာဗျူးလုပ်ခဲ့တာဟာ မီဒီယာကျင့်ဝတ်နဲ့ လုံးဝကို မညီဘူး။ မီဒီယာကျင့်ဝတ်အရဆို Rape Victim တွေရဲ့ လုံခြုံရေး၊ လူ့ဂုဏ်သိက္ခာ အရ နာမည်တောင် ဖော်ပြခွင့်မရှိပါဘူး။ အခုက ဘယ်အမျိုးသမီး မုဒိမ်းကျင့်ခံရတယ်လို့ ပြောတယ်ဆိုတာကို ဒီသတင်းသမားအဖွဲ့က အစိုးရကို တိတိကျကျ ပြောလိုက်တာပါပဲ။ အဲလိုမျိုး မီဒီယာကျင့်ဝတ်တွေကို ပေါ်တင်ချိုးဖောက်ခဲ့တဲ့ ဒီသတင်းသမားအဖွဲ့ထဲက တစ်ချို့က မီဒီယာလွတ်လပ်ခွင့်ရှုထောင့်ဖက်က လုံးဝ လွတ်လပ်ပါတယ်တို့၊ သူတို့က ဘက်လိုက်မှုကင်းတယ်တို့ စတဲ့ စကားကြီးစကားကျယ်တွေ ပြောနေခြင်းဟာ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိတဲ့ ကိစ္စလို ဖြစ်နေပါပြီ။

လူမျိုးနာမည် အသုံးအနှုန်း

ရခိုင်ပြည်နယ်ရဲ့ပြဿနာဟာ သိမ်မွေ့ နက်နဲတယ်။ ထိရှလွယ်တယ်။ ဒါကြောင့် လူမျိုးနာမည် အခေါ်အဝေါ်ကအစ သတိထားရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာရှိပါတယ်။ ရိုဟင်ဂျာတွေကို ဘင်္ဂလီမခေါ်မိဖို့လည်း သူကိုယ်တိုင်က ညွှန်ကြားချက်ထုတ်ထားခဲ့ပါတယ်။ ဒါပေမယ့် သူ့အစိုးရ ပြန်ကြားရေးဌာနကအစ သူ့ပြန်ကြားချက်ကို လိုက်မနာဘဲ ဘင်္ဂလီဆိုပြီး ဆက်သုံးနေတာပါ။ ဒီထဲမှာ အခုသတင်းသမားအဖွဲ့ကလည်း ပါဝင်နေပါတယ်။ လူတစ်ဦးဟာ မိမိ Identity ကိုလွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပါတယ်။ သူတစ်ပါးရဲ့အခွင့်အရေး တစ်ခုကို မလေးစားရင်တောင် အဲဒီလူကို မစော်ကားသင့်ပါဘူး။ ရိုဟင်ဂျာ အဖြစ်မသုံးချင်ရင် ဒေါ်အောင်စုကြည်ပြောသလို ရခိုင်ပြည်က မွတ်စ်လင်မ်များ ဆိုပြီး ရေးနိုင်ရက်သားနဲ့ ဘင်္ဂလီ ဘင်္ဂလီ ဆိုပြီး ဝီရသူအကြိုက် သုံးနှုန်းနေခြင်းကလည်း ဒီသတင်းသမားအဖွဲ့ဟာ ဘယ်လိုမှ သမာသမတ်ကျတဲ့ မီဒီယာသမားတွေ မဟုတ်တော့ဘူးဆိုတာ သိသာနေပါတယ်။

မီဒီယာအဖွဲ့ထဲမှာ ပါခဲ့တဲ့ ဦးစည်သူအောင်မြင့်ရဲ့ ပြောပြချက်

သူတို့အဖွဲ့ သွားရောက်ခဲ့တဲ့အခါ လွတ်လွတ်လပ်လပ်ရှိခဲ့ကြောင်း၊ သွားချင်တဲ့နေရာကို သွားနိုင်ခဲ့ကြောင်း၊ တွေ့ချင်တဲ့လူတွေနဲ့ တွေ့နိုင်ခဲ့ကြောင်း၊ လူတွေကလည်း အကြောက်အရွံ့မရှိ ဖြေဆိုခဲ့ကြောင်း၊ မီဒီယာလွတ်လပ်ခွင့်ရှု့ထောင်အနေနဲ့ သတင်းတွေကို လုံးဝလွတ်လွတ်လပ်လပ် Cover လုပ်နိုင်ခဲ့ကြောင်း ဆိုပြီး အစိုးရပိုင် သတင်းစာဖြစ်တဲ့ Global New Light of Myanmar ကိုပြောပြခဲ့တယ်။

ဒါပေမယ့် စည်သူအောင်မြင့်က မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေ ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့ ရေခဲချောင်းခွဆုံ၊ ဓားကြီးဇားနဲ့ ပွင့်ဖြူချောင်းကျေးရွာတွေ၊ ပြီးတော့ ရွာလုံးကျွတ်မဟုတ်သော်လည်း အိမ်ခြေပေါင်းများစွာ မီးရှို့ခံရတဲ့ ကြက်ရိုးပြင်၊ ကျားခေါင်းတောင်၊ ဦးရှည်ကျ စတဲ့ ကျေးရွာတွေကိုရော ရောက်ခဲ့ပါသလား။ အများအားဖြင့် အဲ့ဒီကျေးရွာတွေက အမျိုးသမီးတွေပဲ မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတာ။ ကလေးသူငယ်၊ သက်ကြီးရွယ်အိုမကျန် အပြစ်မဲ့အရပ်သား အနည်းဆုံး ၄၀၀ ကို မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေက ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာ အဲ့ဒီရွာတွေမှာပဲ။ အိမ်ခြေမဲ့ဖြစ်နေပြီး ဒုက္ခသည်ဘဝရောက်နေရတဲ့လူတွေ၊ အဓမ္မပြုကျင့်ခံရသူတွေ၊ အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေ စတဲ့ တကယ်တွေ့သင့်တွေ့ထိုက်တဲ့ လူတွေနဲ့ တွေ့ချင်ရင် အဲ့ဒီကျေးရွာတွေကိုပဲ သွားရမှာလေ။ အခုက အစိုးရရဲ့ လိမ်ညာမှု မိတ်ကပ်လိမ်း အစီအစဉ်နဲ့ သွားခဲ့ရတဲ့ခရီးစဉ်ကို မီဒီယာလွတ်လပ်ခွင့်ရှုထောင့်အရ လွတ်လပ်တဲ့ ဘာညာ ပြောနေတာဟာ တကယ်တော့ ဦးစည်သူအောင်မြင့်ကိုယ်တိုင်က လူသတ်သမား အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကို ကာကွယ်ပေးနေတယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။

ပြီးတော့ သူတို့ရောက်ခဲ့တဲ့ ငါးခူရကျေးရွာ အခြေအနေကို Frontier သတင်းဌာနကိုပြောပြတဲ့အခါမှာလည်း ငါးခူရမှာ လူတွေကို ရိုက်နှက်တာ မရှိခဲ့တဲ့အကြောင်း၊ ဖမ်းဆီးခဲ့သူတွေကိုလည်း ရိုက်နှက်တာတွေ မရှိခဲ့ကြောင်း ဆိုပြီး ပြောပြတယ်။ တကယ်တော့ ကျားကြီးတော့ ခြေရာကြီး ဆိုသလို ရက်စက်လွန်းအားကြီးတော့ ရက်စက်မှု ခြေရာက ဖျောက်မရအောင်ကြီးနေတာပါ။ ငါးခူရကနေ ဖမ်းဆီးခဲ့တဲ့ လူတွေထဲက ဦးဂျိန္နာခါန်အပါအဝင် အနည်းဆုံး နှစ်ဦးကို စစ်ဆေးရင်း သတ်ပစ်ခဲ့တာတွေ၊ ဦးဂျိန္နာခါန်ရဲ့ဆယ်ကျော်သက်အရွယ် သားနှစ်ယောက်ကို မိခင်ရှေ့မှာပဲ လူမဆန်စွာ ရိုက်နှက်ခဲ့ပြီး ဖမ်းဆီးသွားခဲ့တာတွေက ကမ္ဘာ့ ကုလသမဂ္ဂရုံးချုပ်အထိ ရောက်သွားခဲ့ပါတယ်။ ဒီတော့ ဦးစည်သူအောင်မြင့်ရဲ့ ဘာမှမဖြစ်ခဲ့ဘူးဆိုတဲ့ အစိုးရအလိုကျ ကြက်တူးရွေး လုပ်နေမှုက အမှန်တရားကို ဖုံးကွယ်ပြီး လူသတ်ကောင်တွေကို အကာအကွယ်ပေးချင်နေတာ သက်သက်ပါပဲ။

သတင်းသမားအဖွဲ့ထဲမှာပါတဲ့ နောက်ထပ်နာမည်ကြီး တစ်ဦးဖြစ်တဲ့ ဦးဂျင်မီက မောင်တော ခရီးစဉ်နဲ့ပတ်သက်ပြီး VOA မြန်မာပိုင်းကို ဒီလိုပြောပြတယ်။

VOA က မဆုမွန်က "ဒေသခံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သူတို့အတွက် လုံခြုံရေးစိုးရိမ်မှုတွေရှိနေတာရော တွေ့ခဲ့ပါလား" ဆိုပြီးမေးတာကို ဦးဂျင်မီ ဖြေကြားပုံက --

"မူဆလင်ရွာပေါ့။ အစ္စလာမ်ရွာတွေကတော့ သူတို့ကတော့ အခု ကြောက်နေကြတယ်။ စစ်သားမြင်ရင် ဘာပဲဖြစ်ဖြစ်ကြောက်နေကြတယ်။ တိမ်းရှောင်ကြတယ်။ သူတို့ပြောတာက တချို့ရွာသားတွေက ပြန်မလာကြဘူးပေါ့။ ပြန်မလာကြဘူးဆိုတာ သူတို့ပြောတာက အမျိုးမျိုးရှိတယ်။ ပြစ်မှုနဲ့ဆက်စပ်လို့လား၊ ကြောက်လို့ပဲ ပြန်မလာကြတာလားပေါ့နော်။ အဲ့လိုရှိတယ်။ ကျနော်တို့ မနေ့က သွားတဲ့ရွာဆိုရင် ကျနော်တို့မြင်တာတော့ လေးငါး၊ ဆယ်လုံးလောက်ရှိမယ်ထင်တယ်။ သူတို့ပြောတာတော့ စစ်သားက မီးရှို့တယ်လို့ပြောတယ်။ ကျနော်တို့မေးတော့ သူတို့က သေချာမြင်တယ်လို့ပြောတာပဲ။"

ဦးဂျင်မီကတော့ ဖြစ်ရပ်မှန်တွေကို သိနိုင်ခဲ့ပုံပေါ်ပါတယ်။ ဒေသခံတွေ ကြောက်ကြောက်ရွံ့ရွံ့ ပြောပြခဲ့တာတွေကို အမှန်အတိုင်း ပြန်ချပြရဲတယ်။

"လွတ်လွတ်လပ်လပ်တော့ လုပ်လို့ရပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ မေးမြန်းစုံစမ်းတယ်။ သူတို့ဘက်ကလည်း အဖြစ်အပျက်တွေကို ပြောပြတယ်ပေါ့။"

ဒါပေမယ့် သူလည်းပဲ လွတ်လွတ်လပ်လပ် သွားနိုင်ခဲ့တယ်လို့ ပြောခဲ့တာကတော့ လွဲနေဆဲပါ။ အပေါ်က ဖော်ပြထားသလို အထိနာဆုံးကျေးရွာတွေကို သွားရောက်နိုင်ခဲ့ခြင်းမရှိဘဲ သူတို့ဒီလိုပြောနေခြင်းဟာ ဘယ်လိုမှ ယုတ္တိဆန်မနေပါဘူး။

ဒါပေမယ့် ဦးဂျင်မီရဲ့ ပြောပြချက်ထဲက စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ချက်ကတော့ - " ပြောပြတဲ့အခါ အစိုးရဘက်ကလည်း အခုနကပြောသလို Rape Cases တို့ မီးရှို့တဲ့ ကေ့စ်တို့က ကမ္ဘာမှာ တော်တော်လေးကို ပျံ့နှံ့ပြီး သတင်းတွေက မကောင်းဖြစ်နေတယ်။ အဲ့ဒီ့အတွက် နိုင်ငံတော်အနေနဲ့ ဒီဥစ္စာကို ဒီဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်း ရှို့ရင်လည်း ဘာကြောင့်ပေါ့၊ စစ်ရေးလိုအပ်ချက်ကြောင့်အရပါ၊ ဒါမျိုး အကြောင်းတခုပေါ့၊ ဒါတွေကို သိသိသာသာ ဖြေရှင်းမှ သင့်တယ်လို့လည်း ကျနော်တို့ အကြံပြုချင်ပါတယ်။ သတ်သတ်မှတ်မှတ်နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဒီကိစ္စက ဒီလိုပါ။ ဒီဘက်ကလည်း သက်သေအထောက်အထားတွေနဲ့ ရှင်းသင့်တယ်လို့ ကျနော်လည်း ထင်တယ်လေ။"

စစ်တပ်က မီးရှို့ခဲ့တဲ့ဟာကို အတည်ပြုတဲ့ အနေနဲ့ အဲ့လို မီးရှို့ခဲ့ရမှုက စစ်တပ်ရဲ့စစ်ဆင်ရေး လိုအပ်ချက်အရ ရှို့ခဲ့ရတယ်လို့ နိုင်ငံတော်က ဖြေရှင်းချက်ပေးသင့်ကြောင့် ဆိုပြီး ဖြေကြားသွားပုံက အင်မတန်မှ ယုတ္တိဆန်ပါတယ်။

အစိုးရအနေဖြင့်လည်း လက်နက်ကိုင်တပ်ဖွဲ့တွေက မီးရှို့ခဲ့တာတွေ၊ သတ်ဖြတ်ခဲ့တာတွေ၊ မုဒိမ်းကျင့်ခဲ့တာတွေ၊ ဖမ်းဆီးခဲ့တာတွေနဲ့ လုယက်ခဲ့တာတွေကို မဟုတ်ပါဘူးလို့ ဇွတ်တရွတ် ဆက်ငြင်းနေမယ့်အစား စစ်ဆင်ရေးလိုအပ်ချက်အရ လုပ်ခဲ့ရတာပါလို့ ရိုးရိုးသားသား ဝန်ခံခဲ့ရင် ခံခဲ့ရသူတွေကိုလည်း အနည်းဆုံး စိတ်ဖြေစေမှာ ဖြစ်ပါတယ်။

ဒီတော့ ခြုံငြုံပြီး ပြောပြရရင် အစိုးရစိတ်ကြိုက် အရွေးခံ ဒီသတင်းသမားအဖွဲ့ဟာ လက်တွေ့မှာတော့ သူတို့ပြောနေသလို လွတ်လွတ်လပ်လပ် မရှိခဲ့ပါဘူး။ ဒေသခံတွေကလည်း ဖြစ်ရပ်အမှန်တွေကို လွတ်လွတ်လပ်လပ် မတင်ပြနိုင်ခဲ့ဘူး။ သတင်းရယူတဲ့အခါမှာလည်း မီဒီယာကျင့်ဝတ်ကို မလိုက်နာခဲ့ဘူး။ အဲ့ဒီသတင်းသမားတွေထဲက ဦးစည်သူအောင်မြင့်လို ပုဂ္ဂိုလ်တွေကိုယ်တိုင်က အစိုးရဖက်က ဘက်လိုက်မှုတွေရှိနေတယ်။ ဒေသခံတွေရဲ့ ပြောပြချက်တွေကိုလည်း မှန်မှန်ကန်ကန် တင်ပြနေတာ မတွေ့ရဘူး။

မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူ တစ်ဦးက "ကျနော်တို့က မောင်တောခရိုင်မှာ ဘယ်နေ့ ဘယ်အချိန် ဘယ်အဖွဲ့က ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်နေသလဲဆိုတာ အသေအချာ အနီးကပ် စောင့်ကြည့်ပြီး မှတ်တမ်းတင်နေတာပါ။ ဒီတော့ ဒီသတင်းသမားအဖွဲ့ထဲမှာပါတဲ့ ဦးစည်သူအောင်မြင့်လို ပုဂ္ဂိုလ်ကတောင် မောင်တောမှာ အစိုးရလက်နက်ကိုင်တွေက လူ့အခွင့်အရေးချိုးဖောက်ခဲ့တာ မရှိပါဘူးဆိုပြီး ပြောနေခြင်းဟာ ဒီလူတွေကလည်း အစိုးရရဲ့အလိုတော်ရိ ဆိုတာ သိသာပါတယ်။ တကယ်လို့ အစိုးရက ဘာကိုမှ ဥပဒေမဲ့ ကျူးလွန်ခဲ့တာ မရှိခဲ့ဘူးဆိုရင် သတင်းသမားတိုင်းကို သတင်းယူခွင့်ပေးပေါ့ " ဆိုပြီး သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

ဒီတော့ အစိုးရက သူတို့စိတ်ကြိုက် ရွေးချယ်ပြီး မောင်တောခရိုင်ကို စေလွှတ်ခဲ့တဲ့ ၁၃ ဦးပါဝင်တဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့လေးဟာ မြန်မာအစိုးရဲ့ ရုပ်သေရုပ် သတင်းသမားအဖွဲ့တစ်ခုသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Comment ရေးရန်

Rohingya Exodus