ရွှေဇား ကျေးရွာတာဝန်ခံနှင့် အပေါင်းအပါများက နယ်မြေ (၆) နယ်မြေမှူးက တောင်းခံနေသည်ဟု ဆိုကာ လုပ်ငန်းရှင် (၅) ဦးထံမှ ငွေကျပ် သိန်း ၃၀ တောင်းခံနေ
Rohingya Eye
RB News
28.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ ကျေးရွာတာဝန်ခံက စီးပွားရေး လုပ်ငန်းရှင် အချို့ကို ဆင့်ခေါ်၍ ငွေကျပ် သိန်း ၃၀ တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ ကျေးရွာ တာဝန်ခံ ဦးမော်နိရ်အာမတ်သည် အနောက်ရွာမှ ဗိုလ်ထင်ကျော်၊ အောင်ဗလရွာမှ ကာလာချေ (အသက် ၃၂ နှစ်) တို့နှင့် ပူးပေါင်း၍ တရားဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသော စီးပွားရေး လုပ်ငန်းရှင် (၅) ဦးကို ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် ၎င်း၏ နေအိမ်သို့ ဆင့်ခေါ်၍ စာရွက်တစ်ရွာ ထုတ်ပြကာ ကျောက်လှေကား ကျေးရွာ အခြေစိုက်၊ နယ်မြေ (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူးက တောင်းခံနေသည်ဟု အကြောင်းပြကာ ငွေကျပ် သိန်း ၃၀ တောင်းခံခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ဆင့်ခေါ်ခြင်း ခံရသည့် စီးပွားရေး လုပ်ငန်းရှင်များမှာ --
(၁) ဟာဖီးဇ် ရှော်မ်ရှုအာလောမ် (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၄၀ နှစ်)
(၂) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးဘော်ရှော်ရ် (အသက် ၂၆ နှစ်)
(၃) ဦးမူဟိဒ္ဒိန်း (ဘ) ဦးအာဘူလ်ဖော်ယာစ် (အသက် ၃၅ နှစ်)
(၄) ဦးဖေရုစ် (ဘ) ဦးအဒူဆလာမ် (အသက် ၄၂ နှစ်)
(၅) မော်လ၀ီဇော်မိလ် (ဘ) မော်လ၀ီဆီဒီးခ် (အသက် ၄၅ နှစ်) တို့ဖြစ်သည်။
ကျေးရွာတာဝန်ခံ အပါအ၀င် (၃) ဦးသည် ဒီဇင်ဘာလ (၁၁) ရက်နေ့ကလည်း အဆိုပါ လုပ်ငန်းရှင်များကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်းစီ ညှစ်ယူခဲ့ကြောင်း ကျေးရွာလူကြီးတစ်ဦးက ပြောပါသည်။
အဆိုပါ လုပ်ငန်းရှင်များသည် တရားမ၀င် လုပ်ငန်းများ လုပ်ကိုင်နေသူများ မဟုတ်ဘဲ၊ အေးဆေးစွာ နေထိုင်ကြသူများ ဖြစ်ကြောင်း အဆိုပါ ကျေးရွာလူကြီးက ပြောပါသည်။
ကျေးရွာတာဝန်ခံ အပါအ၀င် (၃) ဦးသည် နယ်မြေ (၆) နယ်မြေမှူး၏ တပည့်များ ဖြစ်ကြပြီး၊ ရွာသားများကိုလည်း မကြာခဏ အနှောက်အယှက် ပေးလေ့ရှိကြောင်း ဒေသခံများက ပြောပါသည်။