နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းကြီးကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး၏ ဦးခေါင်းထိ ကျည်ထိမှန်၍ ဒဏ်ရာရ

MYARF
RB News
26.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ တစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒေသခံ ရိုဟင်ဂျာ တစ်ဦး ဦးခေါင်းတွင် ကျည်ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် ၀က်ကျိန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာမြေပုံတွင် ပါဝင်ခြင်း မရှိသည့်အိမ်များဟု ဆိုကာ အိမ်ခြေ ၃၀ နီးပါး ဖြိုဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။

နယ်ခြားစောင့်ရဲများက စာရင်းတွင် ပါဝင်သည့် နေအိမ်များကို ဖြိုဖျက်ပစ်ရန် တစ်အိမ်ချင်း လိုက်လံ ပြောဆိုခဲ့ရာ နံနက် (၁၁) နာရီ အချိန်တွင် ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအမီးရ်ဟူစိန်း၏ နေအိမ်သို့ ရောက်ရှိပြီး အိမ်ဖြိုဖျက်ရန် ပြောဆိုခဲ့သည်။ 

ဦးဇာဟိတ်ဟူစိန်းက မိမိအနေဖြင့် အခြားရွာသားများ၏ အခြေအနေကို လေ့လာရမည် ဖြစ်ကြောင်း၊ ရွာသားများ၏ အခြေအနေကို မလေ့လာဘဲ အိမ်ဖျက်နိုင်မည် မဟုတ်ကြောင်း၊ အခြားရွာသားများ ဖျက်မှဖျက်မည် ဖြစ်ကြောင်း စောဒကတက်ခဲ့ရာ နယ်ခြားစောင့်ရဲများက ၎င်းကို ရိုက်နှက်ခဲ့သည့် အပြင် နယ်ခြားစောင့်ရဲ တစ်ဦးက ငါးကိုက်ခန့်အကွာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ၎င်း၏ ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲများက ဦးဇာဟိတ်ဟူစိန်း၏ မိသားစုကို ခြိမ်းခြောက်၍ နေအိမ်ကို ချက်ချင်း ဖြိုဖျက်ခိုင်းခဲ့သည်။ ကျည်ဆံထိမှန်သူ ဦးဇာဟိတ်ဟူစိန်းသည် ထိုနေရာတွင်ပင် ဒဏ်ရာဖြင့် သတိလစ်သွားခဲ့သည်။ ၎င်းအား တမန်းသားကျေးရွာရှိ ဆေးခန်းသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဦးဇာဟိတ်ဟူစိန်းကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် နယ်ခြားစောင့်ရဲများက အခြား အိမ် (၆) လုံးကို ချက်ချင်း ဖြိုဖျက်ခိုင်းခဲ့သည်။ အခြားသော အိမ်အချို့ကိုလည်း ဖြိုဖျက်ပစ်ရန် အမိန့်ပေးပြီး နယ်ခြားစောင့်ရဲများ ရွာမှ ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ယခု ဒီဇင်ဘာလ အတွင်းတွင် နယ်ခြားစောင့်ရဲများက နယ်မြေ (၁) နှင့် (၂) ရှိ ကျေးရွာများမှ ရိုဟင်ဂျာများ၏ နေအိမ် အမြောက်အမြားကို ဖြိုဖျက် ဖျက်ဆီးခဲ့သည်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများသည် ရာသီဥတု အေးသည့် ဒဏ်ကြောင့် ခိုလှုံရန် နေရာမရှိသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေကြရသည်။ 

အလားတူ မောင်တောမြို့နယ် တောင်ပိုင်းတွင်လည်း နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ၏ နေအိမ်များကို နေ့စဉ် ဖြိုဖျက်လျက် ရှိသည်။

ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ဂေါ်ဒူသာရ တံတားကင်းစခန်းမှ ရဲမှူးနှင့် အဖွဲ့သည် ပညောင်ပင်ကြီး ကျေးရွာသို့ သွားရောက်၍ နေအိမ်များ ဖြိုဖျက်ထားခြင်း ရှိ/မရှိ သွားရောက် စစ်ဆေးခဲ့ရာ လမ်းတွင် တွေ့ရှိသမျှ ကြက်၊ ဘဲ၊ ခိုများကို လေးခွနှင့် ပစ်၍ ဖမ်းယူသွားခဲ့သည်။ ငန်းဘဲ ၆ ကောင်၊ ကြက် ၁၀ ကောင်၊ ဘဲများနှင့် ခိုအချို့ကို ဖမ်းယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 


Comment ရေးရန်

Rohingya Exodus