နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ကျားခေါင်းတောင်မှ ရပ်ရွာလူကြီး တစ်ဦးကို ကံပြင်အခြေစိုက် တပ်ရင်းမှ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်

Rohingya Eye
RB News
10.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာမှ ဒေသခံတစ်ဦးကို ကံပြင် အခြေစိုက် တပ်ရင်းမှ ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာတွင် ဇန်န၀ါရီလ (၈) ရက်နေ့၌ အာဏာပိုင်များ ဆန်အိတ် (၅၄) အိတ် ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ ဆန်အိတ်များကို ရွာသူရွာသားများအား အညီအမျှ ပေးရန်အတွက် ရွာလူကြီး (၅) ဦးကို တာဝန်ပေးခဲ့သဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်ခန့်စီ ခွဲဝေပေးခဲ့သည်။ 

ယင်းနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများ ရွာထဲသို့ရောက်ရှိလာပြီး ဆန်ခွဲဝေပေးသည့် ရွာလူကြီး (၅) ဦးကို ရဲမှူးနှင့် တွေ့ဆုံရန်ဟု ဆိုကာ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ရွာလူကြီးများက ကင်းစခန်းတွင် ရဲမှူးနှင့် စကားပြောနေစဉ် ည ၆ နာရီခွဲ အချိန်တွင် ကံပြင်ကျေးရွာ အခြေစိုက် စစ်တပ်မှ တပ်ရင်းမှူးနှင့် စစ်သား ၅၀ ကျော် ရောက်ရှိလာပြီး၊ ကင်းစခန်းကို ၀ိုင်းကာ ရွာလူကြီး တစ်ဦးဖြစ်သူ ဆရာဦးကော်ရိမူလ္လာ (ဘ) ဦးရှာဟာသ်တူလ္လာ (အသက် ၃၇ နှစ်) ကို စစ်သားများက ကြိုးဖြင့် ချည်နှောင်၍ ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်လာပြီး၊ လက်နက်များ မြှပ်ထားသည့် နေရာကို ပြပေးရန် ပြောဆိုခဲ့သည်။ ဦးကော်ရီမူလ္လာက အကြိမ်ကြိမ် ငြင်းဆိုနေခဲ့သော်လည်း စစ်သားများက ၎င်း၏ နေအိမ်တွင်ပင် တစ်ညလုံး လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

ထို့နောက် နံနက် (၄) နာရီ အချိန်တွင် ဦးကော်ရိမူလ္လာကို စစ်သားနှစ်ဦးက ထမ်း၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ စစ်တပ်မှ တပ်ရင်းမှူး ဖြစ်သူက ဦးကော်ရိမူလ္လာကို ပြန်လည် လွှတ်ပေးရန် အတွက်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့သည်။ ဦးကော်ရိမူလ္လာ၏ မိသားစုကလည်း ပိုမို ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ တပ်ရင်းမှူး တောင်းခံသည့် ငွေကျပ် ၁၀ သိန်းကို ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဦးကော်ရိမူလ္လာကို ယနေ့ ဇန်န၀ါရီလ (၁၀) ရက်နေ့ နံနက် အစောပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

အဆိုပါ တပ်ရင်းမှူးသည် ကျားခေါင်းတောင် ကျေးရွာတွင် စစ်သားများက ရွာသားများကို အကြမ်းဖက်မှုတွင် အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ငွေညှစ်ခံရသူ ဦးကော်ရိမူလ္လာသည် WFP ၀န်ထမ်းဟောင်း တစ်ဦး ဖြစ်ပြီး၊ အေးချမ်းစွာ နေထိုင်သူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus