ဘူးသီးတောင် ခြင်းသမားကျေးရွာမှ ဒေသခံများကို ဖောင်တော်ပြင်ဈေးသို့ သွား၍ မရအောင် ဖြတ်သန်းသွားခွင့် ကန့်သတ်ထား
RB News
20.1.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာများကို ဖောင်တော်ပြင်ရှိ ဈေးသွား သွား၍ မရအောင် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားလိုက်ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဇန်န၀ါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စု အခြေစိုက် ခမရ (၅၆၄) မှ ဒု-တပ်ရင်းမှူးက ခြင်းသမားပုလဲတောင်ရွာမှ ရွာလူကြီး အချို့ကို ဆင့်ခေါ်၍ တပ်ရင်းဘေး၌ ရှိသည့် လမ်းမှ ဖြတ်သန်းသွားလာခြင်း မပြုတော့ရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
“ကျွန်တော်တို့ တစ်ရွာလုံးက ဖောင်တော်ပြင် ဈေးကနေသာ ၀ယ်နေရတယ်။ စားသောက်စရာ အကုန် အဲဒီဈေးက ၀ယ်ရတာပါ။ အခု တပ်ရင်းဘေးမှာ ရှိတဲ့ လမ်းမကနေ ဖြတ်သန်း သွားလာခွင့် မရှိတော့ဘူး ဆိုတော့ ဈေးကို သွားခွင့် မရှိတော့ဘူး။ ဈေးကို အဲဒီ လမ်းတစ်လမ်းထဲက သွားလို့ရတာပါ။ အခုလို သွားခွင့် ပိတ်ပင်လိုက်တဲ့ အတွက် ကျွန်တော်တို့ ရွာမှာ အငတ်ဘေး ကြုံရမယ့် အနေအထား ရောက်သွားပါလိမ့်မယ်” ဟု ရွာသားတစ်ဦးက RB News သို့ပြောသည်။
ခမရ (၅၆၄) တပ်ရင်းသည် ခြင်းသမား ပုလဲတောင် ကျေးရွာ၏ မြောက်ဘက်တွင် ရှိပြီး၊ ဖောင်တော်ပြင် ဈေးသည် တပ်ရင်း၏ မြောက်ဘက်တွင် ရှိသောကြောင့် တပ်ရင်းဘေးမှ ရှိသည့် လမ်းမှ ဖြတ်သွားမှသာ ဈေးသို့ ရောက်နိုင်သည်ဟု အဆိုပါ ရွာသားက ပြောပါသည်။