ဦးရှည်ကျ ကျေးရွာတွင် ဆွဲ၊ တင်၊ စစ် ပြုလုပ်ပြီး ဓါတ်ပုံရိုက်ခ ငွေကျပ် ၅၀၀၀ စီ အတင်းအဓမ္မ ကောက်ခံ
Rohingya Eye
RB News
19.1.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာအုပ်စုတွင် ဆွဲ၊ တင်၊ စစ် ပြုလုပ်ခဲ့ပြီး၊ ဓါတ်ပုံရိုက်ခဟု ဆိုကာ ငွေကျပ် ၅၀၀၀ စီ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာတွင် အိမ်ထောင်စု (၆၃၇) စု ရှိပြီး၊ လူဦးရေ အားဖြင့် ၈ ထောင်ကျော် ရှိသည်။ ဇန်န၀ါရီလ (၁၂) ရက်နေ့မှ စ၍ (၁၆) ရက်နေ့ထိ ဆွဲ၊ တင်၊ စစ် စစ်ဆေးခဲ့သည်။ ဓါတ်ပုံရိုက်ခငွေကျပ် ၅၀၀၀/- စီ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ကောက်ခံသည့် ငွေကျပ် ၅၀၀၀/- မှ တပ်မတော် တပ်ရင်း (၅၅၂) မှ တပ်ရင်းမှူး အတွက် ငွေကျပ် ၂၀၀၀/- ၊ နယ်မြေ (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူး အတွက် ငွေကျပ် ၂၀၀၀/- ဟု ဆိုကာ ယင်းကျေးရွာ ယာယီ အုပ်ချုပ်ရေးမှူး ဦးအာဘူလ်ကာလာမ် က ကောက်ခံခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
အိမ်ထောင်စု (၅၀၀) နီးပါးသာ ဓါတ်ပုံ ရိုက်နိုင်ခဲ့ပြီး၊ ကျန်အိမ်ထောင်စုများမှာ ငွေကျပ် ၅၀၀၀/- မတတ်နိုင်သောကြောင့် ဓါတ်ပုံရိုက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
ဇန်န၀ါရီလ (၁၅) ရက်နေ့နှင့် (၁၆) ရက်နေ့များတွင် အစိုးရ အစီအစဉ်ဖြင့် ဆန်အိတ် (၁၆၁) အိတ် ထောက်ပံ့ခဲ့ရာ၊ ဆွဲ၊ တင်၊ စစ် တွင် ပါဝင်နိုင်ခဲ့သူများကို ခွဲဝေ ပေးခဲ့ပြီး၊ တစ်ဦးလျှင် ဆန် ၅ ဗူးနှင့် ပဲ တစ်ဗူးစီသာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ရွာသားများကို ခွဲဝေပြီးနောက် ပိုလျှံသည့် ဆန်အိတ် (၂၅) အိတ်ကို ယာယီအုပ်ချုပ်ရေးမှူးက သိမ်းဆည်း လိုက်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
တပ်ရင်း (၅၅၂) မှ တပ်ရင်းမှူးသည် ကျေးရွာ တောင်ဘက်ရှိ ဦးဆာဒဲခ် (အသက် ၃၃ နှစ်) ၏ နေအိမ်တွင် နေထိုင်လျက် ရှိပြီး၊ အိမ်ပိုင်ရှင် ဖြစ်သူ ဦးဆာဒဲခ်ကို နေအိမ်မှ နှင်ထုတ်လိုက်ကြောင်း အခြား ဒေသခံတစ်ဦးက ပြောပါသည်။
“ရွာသူရွာသားတွေကို တစ်ရွာကနေ တစ်ရွာကို သွားလာခွင့် ပိတ်ပင်ထားတယ်။ အလုပ်လည်း လုပ်လို့မရဘူး။ စားဝတ်နေရေး အကျပ်အတည်း ဖြစ်နေတဲ့ အချိန်မှာ ငွေ ၅၀၀၀ ဘယ်ကရမလဲ၊ ကျွန်တော်တို့မှာ ရှိနေတဲ့ အခက်အခဲတွေကို အာဏာပိုင်တွေက စာနာမှု မရှိဘူး။ ငွေကြေး မတတ်နိုင်တဲ့သူတွေကို ဓါတ်ပုံရိုက် မပေးဘဲ စာရင်းက ဖျောက်ပစ်နေတာက နိုင်ငံတွင်းမှာ စာရင်းမဲ့ ဖြစ်အောင်လုပ်ပြီး တစ်ဖက်နိုင်ငံကို တွန်းပို့ နေတာနဲ့ အတူတူပဲ” ဟု ကျေးရွာလူကြီး တစ်ဦးက ပြောပါသည်။