အင်းဒင် အုပ်ချုပ်ရေးမှူးက အုတ်ဖုတ်ရန်အတွက် ရွာသားများ၏ အပင်များကို အတင်းအဓမ္မ ခုတ်လှဲ၍ ထင်းအဖြစ် အသုံးပြုလျက်ရှိ
Rohingya Eye
RB News
28.2.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က အုတ်ဖုတ်ရန် အတွက်ဟု ဆိုကာ ဒေသခံရိုဟင်ဂျာများ၏ အပင်များကို အတင်းအဓမ္မ ခုတ်လှဲယူ၍ ထင်းအဖြစ် အသုံးပြုလျက် ရှိကြောင်း သတင်းရရှိပါသည်။
ခွလုံးကျေးရွာ၏ အရှေ့ဘက်ရှိ ကျေးရွာသားများပိုင် ဥယျာဉ်ခြံများမှ အပင်ကြီးများကိုလည်း ပိုင်ရှင်များကို အသိမပေးဘဲ အတင်းအဓမ္မ ခုတ်လှဲလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။
ဦးဂျော်မိလ်အာမတ် (ဘ) ဦးကော်ရီမူလ္လာ (အသက် ၄၀ နှစ်) ၏ အပင်တစ်ပင်၊ ဦးမုစ်တာခ်အာမတ် (ဘ) ဦးရှုနာလီ (အသက် ၅၀ နှစ်) ၏ အပင်တစ်ပင်၊ ဦးမာမတ်ရော်ဖိခ် (ဘ) ဦးအာဘူတာဟဲရ် (အသက် ၅၀ နှစ်) ၏ အပင်တစ်ပင်နှင့် ဦးလဲရူး (အသက် ၆၀ နှစ်) ၏ အပင်နှစ်ပင် တို့ကို အတင်းအဓမ္မ ခုတ်လှဲခဲ့ကြောင်း သိရှိရပါသည်။
အပင်တစ်ပင်၏ ကာလတန်ဖိုးမှာ ငွေကျပ် နှစ်သိန်း ရှိသည်ဟု ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ရဲ့ အပင်တွေကို အုပ်ချုပ်ရေးမှူးက အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ခုတ်လှဲနေတယ်။ အခု အင်းဒင်ကျေးရွာမှာ အပင်ကြီးဆိုတာ မရှိသလောက် ဖြစ်နေပြီ၊ ဒါသဘာဝ ပတ်ဝန်းကျင် အတွက်လည်း ထိခိုက်တယ်၊ အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်နေတဲ့ အတွက် တာဝန်ရှိ လူကြီးမင်းတွေ အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။