နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် အထက်ကျွဲကြိုမော်၊ ဖရုံချောင်းနှင့် ဘုရားပြင်အောင်ပမှ ရွာသားများ ငွေညှစ်ခံရ

MYARF
RB News
15.2.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံ တို့သည် ရွာသားများကို မဟုတ်မမှန် မတရားစွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု၊ ကာဒိရွာမှ ဒေသခံရိုဟင်ဂျာများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းလင်းနှင့် ကျေးရွာတာဝန်ခံ ဦးဆော်လီမူလ္လာ တို့က အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှုကို အခွင့်ကောင်းယူ၍ ယင်းကျေးရွာရှိ အိမ်ခြေ ၁၈၀ မှ ငွေကျပ် သိန်း ၇၀၀ ကျော် ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကျေးရွာတာဝန်ခံက ၎င်းသမီး၏ နားသမင်္ဂလာပွဲတစ်ခု ကျင်းပခဲ့သည်။ ယင်းပွဲသို့ ရွာသားများ အားလုံးကို ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ချောင်း၏ တောင်ဖက်တွင် နေထိုင်ကြသည့် ဆင်းရဲသား ရွာသားများမှာ အလုပ်လက်မဲ့ ဖြစ်နေ၍ ငွေကြေးမတတ်နိုင်သဖြင့် အဆိုပါပွဲသို့ မလာရောက်သည်ကို ကျေးရွာတာဝန်ခံက မကျေနပ်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးမှတဆင့် ရွာသား ၁၀ ဦးကျော်ကို ဆင့်ခေါ်၍ ငွေညှစ်ခဲ့သည်။ ပွဲသို့ မသွားနိုင်သူများ အားလုံး ငွေညှစ်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောပါသည်။

ငွေညှစ်ခံရသူအချို့မှာ --

(၁) ဦးလာလား (ဘ) ဦးအဒူဟာလဲခ် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/-
(၂) ဦးဟူဆောင်း (ဘ) ဦးယာရ်မာမတ် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/-
(၃) ဦးအီဆုပ်ဇော်လာလ် (ဘ) ဦးဆွေတာမတ် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/-
(၄) ဦးမုစ်တာအာမတ် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/-
(၅) ဦးလာလား (ဘ) ဦးဆုလ်တာန် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/- -- တို့ဖြစ်ကြသည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းကျေးရွာုအပ်စု၊ ဒိုးတန်းရွာမှ ဦးဒိလ်မာမတ်၊ ဦးအာဘူလ်ကာဆိမ်း နှင့် ဦးတော်ယုပ် တို့အပါအ၀င် (၆) ဦးတို့သည် မြစ်ကမ်းစပ်ရှိ ကျုံးတောထဲတွင် ငှက်များဖမ်းနေစဉ် ညောင်ချောင်း နယ်မြေ အခြေစိုက် သစ်တောဦးစီးဌာနမှ ဦးလှထွန်းနှင့် ဘုရားပြင်အောင်ပကျေးရွာမှ သတင်းပေး ဦးအာယုပ်ခါးန် တို့က သစ်တောဝန်ထမ်းနှင့် သတင်းပေးအချို့တို့နှင့် အတူ ကျူံးတောထဲသို့ သွားရောက်၍ ငှက်ဖမ်းနေသည့် ရွာသား (၆) ဦးကို ဖမ်းဆီး၍ ကြိုးနှင့် ချည်နှောင်ကာ ညောင်ချောင်းသို့ ခေါ်ဆောင်သွားပြီး တစ်ဦးချင်းစီထံမှ ငွေကျပ် ၄ သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ ရပ်ကွက် (၄) မှ ဦးမိုဟာမတ်ကာဆိမ်း (ဘ) ဦးအာဘူလ်ဟူစိန်းကို ညောင်ချောင်းနယ်မြေ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကို စခန်းသို့ ခေါ်သွားပြီးနောက် နိုင်ငံခြားမှ ငွေအထောက်အပံ့ရရှိနေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဖေဖော်ဝါရီလ (၂) ရက်နေ့ကလည်း ဦးနူရ်မာမတ် (ဘ) ဦးကာဒိရ်ဟူစိန်း ထံမှ ငွေကျပ် ၈ သိန်းနှင့် ဇန်န၀ါရီလ (၃၀) ရက်နေ့တွင်လည်း ဦးအာလောမ် (ဘ) မော်လ၀ီ အီဗြာဟိမ်း ထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့သည်။ 


Comment ရေးရန်

Rohingya Exodus