နောက်ဆုံးသတင်း/ဆောင်းပါးများ

နူရူလ္လာ - အလယ်သံကျော် ကတ္တရာလမ်း ပြုပြင်ရေးအတွက် အလုပ်လုပ်နေသည့် အလုပ်သမားများ လုပ်အားခ မရသေး

Rohingya Eye
RB News
15.2.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲမှ ကတ္တရာလမ်း ပြုပြင်ရန် ကန်ထရိုက် ရရှိထားရာ လုပ်ငန်းခွင်တွင် ခိုင်းနေသည့် အလုပ်သမားများကို လုပ်အားခ မပေးနိုင်သောကြောင့် အလုပ်သမားများက စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲ၊ ရပ်ကွက် (၅) မှ ဦးဘူးရ်ဟာန် (ဘ) မော်လ၀ီအာဘူလ်ကာဆိမ်း (အသက် ၃၅ နှစ်) နှင့် ရပ်ကွက် (၃) မှ ဦးမူဖီးဇ် (ဘ) မော်လ၀ီဖော်ဇော်လ်ကော်ရိမ်း (အသက် ၃၂ နှစ်) တို့နှစ်ဦးသည် နူရူလ္လာရွာမှ အလယ်သံကျော် ကျေးရွာအထိ ကတ္တရာလမ်း ပြင်ရာတွင် လိုအပ်သော ကျောက်ကွန်ကရစ်များကို မြင်းလွတ်မြို့နယ်ခွဲ၊ ရပ်ကွက် (၈) ၏ အရှေ့ဘက် တောင်တန်းမှ ကျောက်တုံးများ ထုတ်ယူ၍ ကျောက်ကွန်ကရစ် ပြုလုပ်ရန် သိန်း ၃၀၀ ဖြင့် ခရိုင်အုပ်ချုပ်ရေးရုံးမှ ကန်ထရိုက် ရရှိခဲ့သည်။ 

၎င်းတို့နှစ်ဦးသည် အဆိုပါ လုပ်ငန်းကို အလုပ်သမား ၄၀ ဦးဖြင့် ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ထိ လုပ်ကိုင်ခဲ့သည်။ ကန်ထရိုက် ရထားသူနှစ်ဦးက ကွန်ကရစ်ကားတစ်စီးလျှင် ငွေကျပ် တစ်သောင်းရှစ်ထောင်နှုန်းဖြင့် အလုပ်သမား ၄၀ ဦးကို ငှားရမ်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားများသည် ကားအစီး ၁၀၀ ကွန်ကရစ် ထုတ်လုပ်ပြီးစီးသော်လည်း လုပ်အားခ တစ်ပြားမှ မရရှိသေးကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ကန်ထရိုက် ရထားသူနှစ်ဦးက ခရိုင်အုပ်ချုပ်ရေးရုံးမှ ကန်ထရိုက်ငွေ အပြည့်အ၀ မရရှိသောကြောင့်  အလုပ်သမားများကို ငွေမပေးနိုင်ခြင်း ဖြစ်သည်ဟု အကြောင်းပြချက် ပေးလျက် ရှိသည်။ အလုပ်သမားများ အားလုံးမှာ မြင်းလွတ် ရွာသားများ ဖြစ်ကြောင်း သိရှိရသည်။ 

အလုပ်အကိုင် မရှိသည့် အချိန်တွင် ယခု အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ခြင်း ဖြစ်ပြီး၊ လုပ်အားခ မရခြင်းသည် ခေါင်းပုံဖြတ်ခြင်း ကဲ့သို့ ခံစားနေရကြောင်း၊ မိသားစု စားဝတ်နေရေးလည်း အခက်အခဲ ဖြစ်နေသည်ဟု အလုပ်သမားများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus