နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်း အထက မှ န၀မတန်း ကျောင်းသားတစ်ဦးကို ဆရာဖြစ်သူက နှာခေါင်းကို လက်သီးဖြင့် ထိုးကြိတ်

RB News
7.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းမှ န၀မတန်းတွင် အင်္ဂလိပ်စာပြသည့် ဆရာ ဦးခိုင်မြတ်ကျော်က ကျောင်းသားတစ်ဦး၏ နှာခေါင်းကို လက်သီးဖြင့် တစ်ဟုန်ထိုး ထိုးသောကြောင့် နှာခေါင်းမှ သွေးထွက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ကြိမ်ချောင်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသည် ပညာရည်ချွန် စွမ်းဆောင်မှု အကောင်းဆုံးရှိသောကြောင့် အနယ်နယ် အရပ်ရပ်မှ ကျောင်းသား/သူ များသည် ယင်းကျောင်းတွင် ပညာသင်ကြားကြသည်။ ယခုစာသင်နှစ် ၂၀၁၆ - ၂၀၁၇ တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ နံ့သာတောင်ကျေးရွာမှ ဦးရာဟမတ်အုလ္လာ၏ သားဖြစ်သူ မောင်စိုးတင်လည်း ယင်းကျောင်းတွင် န၀မတန်း (A) တွင် ပညာဆည်းပူးလျက် ရှိသည်။ 

ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စာသင်ချိန် ဒုတိယပိုင်း ၁၁း၄၅ နာရီအချိန်တွင် အင်္ဂလိပ်စာ ဆရာ ဦးခိုင်မြတ်ကျော်သည် န၀မတန်း (A) အခန်းထဲသို့ ၀င်ရောက်လာခဲ့ရာ ကျောင်းသား/သူ များက မတ်တပ်ရပ်၍ “မင်္ဂလာပါဆရာ” ဟု ကြိုဆိုနှုတ်ဆက်ခဲ့သော်လည်း ဆရာဖြစ်သူက ကျောင်းသား/သူ များကို ပြန်လည် မနှုတ်ဆက်ဘဲ ၎င်း၏ ထိုင်ခုံရှိရာသို့ သွားရောက်၍ ထိုင်နေခဲ့သည်။ ထို့နောက် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ အင်္ဂလိပ် ပုံနှိပ်စာအုပ်ယူ၍ သင်ပုန်းပေါ်တွင် စာများရေးသား နေခဲ့သည်။ ထို့နောက် ရုတ်တရက် မျက်နှာလှည့်၍ အခန်းရှိ ပထမဆုံး ခုံတန်း၌ ထိုင်နေသည့် ကျောင်းသားဖြစ်သူ မောင်စိုးတင် အား စကားများနေသည်ဟု ဆိုကာ နှာခေါင်းကို လက်သီးဖြင့် တစ်ဟုန်ထိုး ထိုးခဲ့ကြောင်း ကြိမ်ချောင်းမှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဆရာဦးခိုင်မြတ်ကျော်၏ လက်သီးပြင်းပြင်းကြောင့် မောင်စိုးတင်၏ နှာခေါင်းမှ သွေးများထွက်လာပြီး အဖြူရောင် ကျောင်းအင်္ကျီမှာ ချက်ချင်းဆိုသလို သွေးသံရဲရဲ ဖြစ်သွားခဲ့လေသည်။ အခန်းရှိ ကျောင်းသား/သူများ အထိတ်တလန့် ဖြစ်သွားကြပြီး အပြင်သို့ အပြေးအလွှား ထွက်သွားခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူများသည် ဆရာဖြစ်သူ၏ လူမဆန်မှု့ကို ကျောင်းအုပ်ကြီး ဦးကျော်သန်းထံ သွားတိုင်ရန် သွားနေစဉ် ဆရာ/မ အချို့က တားမြစ်ခဲ့သည်။ ထိုစဉ် န၀မတန်း ရူပဗေဒ ဆရာက အထိုးခံရသည့် မောင်စိုးတင်၏ နှာခေါင်းနှင့် အင်္ကျီတို့တွင် သွေးများတွေ့ရှိပြီး အဖြစ်မှန်ကို သိရှိသွားပြီး ကြိမ်ချောင်းဈေးသို့ ရောက်ရှိနေသည့် ကျောင်းအုပ်ကြီး ဦးကျော်သန်းကို ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ခဏအကြာတွင် ကျောင်းအုပ်ကြီးသည် ကျောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ကျောင်းသား မောင်စိုးတင် ထိုးကြိတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ စုံစမ်းမေးမြန်းခြင်းပင် မပြုလုပ်သည့် အပြင် ဆရာ/မများ နားနေသည့် အဆောင်မှပင် ထွက်လာခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မောင်စိုးတင်၏ ဖခင်ဖြစ်သူသည် ကျောင်းသို့ လိုက်လာပြီး ကျောင်းအုပ်ကြီးအား ဖြစ်စဉ်ကို တိုင်ကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဆရာဦးခိုင်မြတ်ကျော်ကို ခေါ်ယူ သတိပေးခဲ့သော်လည်း ဆရာကျင့်ဝတ် မစောင့်ထိန်းသည့် ဦးခိုင်မြတ်ကျော်သည် ကျောင်းသား/သူများကို ပြန်လည်နှုတ်ဆက်ခြင်း မပြုခြင်း၊ စကားမပြောခြင်း၊ ကျောင်းစာများကို မရှင်းပြခြင်း၊ ရိုင်းပျစွာဆဲဆိုခြင်းများ ဆက်လက်ပြုလုပ်လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။ 

“ကျွန်တော်တို့ အထက်တန်းကျောင်း ဆိုတာ မောင်တောမြို့ရဲ့ အခြေခံပညာရေး အပိုင်းမှာ မီးရှုးတန်ဆောင်လိုပါပဲ။ ဒါပေမယ့် အခုလို အတန်းပိုင်ဆရာ ဖြစ်သူက တပည့်တစ်ယောက်ကို သွေးထွက်တဲ့အထိ လက်သီးနဲ့ ထိုးတာကတော့ လက်မခံနိုင်ဘူးဗျာ၊ ကြိမ်လုံးနဲ့ ပုံမှန်ရိုက်တာ တစ်မျိုးပေါ့။ အခု ဘာသာ လူမျိုး ခွဲခြားပြီး မုန်းတီးမှုနဲ့ ထိုးကြိတ်တာလား သံသယဖြစ်မိတယ်” အမည်မဖော်လိုသည့် ကျောင်းအကျိုးပြု ကော်မတီဝင် တစ်ဦးက RB News သို့ပြောသည်။ 

“နှစ်ပေါင်းများစွာကတည်းက အကောင်းဆုံး ကျောင်းဂုဏ်ဆောင်လာတဲ့ ကျွန်တော်တို့ရဲ့ အထက်တန်းကျောင်းရဲ့ ပညာဂုဏ်ရည်ကို ဖျက်နေတာနဲ့ အတူတူပဲ” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

ယခင် ပညာသင်နှစ် ၂၀၁၅ - ၂၀၁၆ တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ (၅) ဘာသာ ဂုဏ်ထူးရှင် မောင်မေင်မြင့်သည် ဤ အထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့ခြင်း ဖြစ်သည်။ 



Comment ရေးရန်

Rohingya Exodus