နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို နံ့သာတောင်မှ နယ်ခြားစောင့်ရဲများက ဒေသခံများကို ရိုက်နှက် ဖမ်းဆီး၍ ငွေညှစ်

Rohingya Eye
RB News
7.2.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ နံ့သာတောင်ရွာမှ နယ်ခြားစောင့်ရဲများသည် ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံ့သာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးသည် ဖေဖော်ဝါရီလ (၅) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် လာဖိုယာရွာသို့ သွားရောက်၍ နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်နေသူ အသက် (၇၀) နှစ် အရွယ် ဦးဟာလူ (ဘ) ဦးအာလော့ဒိန်းကို အကြောင်းမဲ့ လက်ထိပ်ခတ်၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ နယ်ခြားစောင့်ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ကျောဘက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အပြင် လက်တွင်လည်း အနာတရ ဖြစ်ခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ နယ်ခြားစောင့်ရဲများသည် ဦးဟာလူထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

အလားတူ လမ်းတွင်တွေ့သည့် ဦးဘော်ဒီအာလောမ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၃၀ နှစ်) ကိုလည်း နယ်ခြားစောင့်ရဲများက ဖမ်းဆီးကာ လူမဆန်စွာ ရိုက်နှက်သဖြင့် သတိလစ်သွားခဲ့သည်။ သတိလစ်သွားသော်လည်း နယ်ခြားစောင့်ရဲများက မထားခဲ့ဘဲ သတိရသည့် အခါ ငွေကျပ် (၃) သိန်း ညှစ်ယူ၍ ပြန်လွှတ်ပေးခဲ့သည်။ နယ်ခြားစောင့်ရဲများသည် အပြန်လမ်းတွင် ဗလီခြံဝင်းအတွင်းတွင် တွေ့ရှိသော ဦးမာမတ်ဆာလာမ် (ဘ) ဦးဆွေယော့ဒူရာမန် (အသက် ၄၅ နှစ်) ကို ဖမ်းဆီးခဲ့သည်။ ထို့အပြင် ဆိုင်သို့ သွားနေသည့် ဦးအာယုဖ်  (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၅ နှစ်) ကိုလည်း ဖမ်းဆီးပြီး ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့နှစ်ဦးအား ဖေဖော်ဝါရီလ (၆) နံနက် ၁၀ နာရီ အချိန်တွင် ငွေကျပ် ၅ သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

“ရွာထဲကို သူတို့လာရင် အမျိုးသားတွေ အားလုံး ထွက်ပြေးတော့လည်း စိတ်ဆိုးကြတယ်။ ရွာထဲမှာ နေရင်လည်း အကြောင်းမဲ့ ရိုက်တယ်။ ဖမ်းပြီး ငွေညှစ်တယ်။ အခုလို လူမိုက်ဆန်ဆန် လုပ်နေတာတွေကို အထက်အာဏာပိုင်တွေက ဖြေရှင်းပေးဖို့ လိုတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။




Comment ရေးရန်

Rohingya Exodus