နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် သင်္ဂနက်ရွာမှ ကင်းစခန်းကို ရိုဟင်ဂျာများ ဖြတ်သန်းခွင့် မရှိတော့သဖြင့် ကျောင်းသား/သူများ ပညာရေးနှင့် လူနာများ ဆေးကုသရေး အခက်ကြုံနေ

Rohingya Eye
RB News
15.2.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း သင်္ဂနက်ကျေးရွာမှ ဒေသခံများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားလာခွင့် မပေးတော့သဖြင့် ကျောင်းသား/သူများ ပညာသင်ရန်၊ လူနာများ ဆေးကုရန် အခက်အခဲ ကြုံတွေ့လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ သင်္ဂနက်ကျေးရွာမှ ဟာဖီးဇ်နူရ်ဟူဆောင်း (ဘ) ဦးဟာဖီးဇ်နူရူလ်ဟောက် (အသက် ၁၈ နှစ်) နှင့် ဦးဆွေတာလောမ် (အသက် ၃၀ နှစ်) တို့နှစ်ဦးသည် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ ရွှေထားရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားနေစဉ် သင်္ဂနက်ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းရှေ့တွင် စစ်ဆေးမှုခံယူခဲ့သည်။ 

စစ်ဆေးခံစဉ် ၎င်းတို့နှစ်ဦးအား နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ အတင်းအဓမ္မ ဘုရားရှိခိုးရန် ပြောဆိုခဲ့ရာ ၎င်းတို့က ငြင်းဆန်ခဲ့သဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့အပြင် ၎င်းတို့အား တိုင်းရင်းသားလမ်းမှ လာသည့်အတွက်ဟု ဆိုကာ နယ်ခြားစောင့်ရဲများက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ည ၆ နာရီ အချိန်တွင် ၎င်းတို့နှစ်ဦးထံမှ နယ်ခြားစောင့်ရဲများက ငွေကျပ် ၄ သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

၎င်းတို့အား ညှဉ်းပန်းနှိပ်စက်မှုကြောင့် လမ်းမလျှောက်နိုင်တော့သဖြင့် ရွာသားများက ကင်းစခန်းမှ ထမ်း၍ အိမ်သို့ ပြန်လည် ပို့ပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ 

“အဲဒီစခန်းကနေ ရိုဟင်ဂျာတွေ အရင်က ဖြတ်သန်းသွားလာလို့ ရခဲ့တယ်။ အခုတော့ ဖြတ်ကျော်သွားရင် ရိုက်နှက် နှိပ်စက် ငွေညှစ်ခံရတယ်။ ကျောင်းသားတွေကိုတောင် အဲဒီစခန်းရှေ့ကနေ ဖြတ်သွားခွင့်တောင် မပေးတော့တာ တစ်ပတ်လောက် ရှိနေပြီ။ ကျွန်တော်တို့ ရွာကနေ ကျောင်းသား ကျောင်းသူတွေ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာကို သွားပြီးတော့ ပညာသင်ရတယ်။ အခု အဲဒီစခန်းရှေ့က ဖြတ်သွားဖို့ မပေးတော့တာကြောင့် ပညာသင်ဖို့ အတွက်လည်း အခက်အခဲ ဖြစ်နေတယ်။ ကျွန်တော်တို့ရွာမှာ ဆေးခန်းမရှိတော့ ညောင်ချောင်းကိုသွားပြီး ဆေးကုရတယ်။ အခု စခန်းရှေ့ကနေ ဖြတ်လို့မရတော့ လူနာတွေလည်း ဒုက္ခရောက်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus