ရိုဟင်ဂျာတွေ ၁၈ ရာစုကတည်းက ရခိုင်ပြည်နယ်မှာ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြောကြား
ယျာတင် (ရိုဟင်းသား)
RB News
6.5.2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်ကို ရောက်ရှိနေခိုက် ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ ၂၀၁၇ ခုနှစ် မေလ (၂) ရက်နေ့တွင် ဆွေးနွေးခဲ့အပြီး ဥရောပ ကောင်စီရဲ့ ဒုတိယ အကြီးအကဲလည်းဖြစ် နိုင်ငံခြားရေးရာနဲ့ လုံခြုံရေး မူဝါဒရေးရာအကြီးအကဲ Federica Mogherini နဲ့အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရိုဟင်ဂျာတွေ ၁၈ ရာစုကတည်းက ရခိုင်ပြည်နယ်မှာ ရှိနေကြောင်း ဝန်ခံပြောကြားလိုက်တာ ဖြစ်ပါတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးက မတည်မငြိမ် ဖြစ်နေတဲ့ ရခိုင်ဒေသမှာ သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူခွင့်မရတာတွေ၊ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘာကြောင့် လစ်လျူရှုထားပါသလဲလို့ မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က--
"ကျမတို့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို နားလည်ဖို့ လိုပါတယ်။ ကျမတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်က မလှုပ်သာ မလှည့်သာ အခြေအနေမျိုးရှိနေတာပါ။ လူမှုအသိုင်းအ၀ိုင်း နှစ်ခုလုံးက တစ်ဖက်နဲ့ တစ်ဖက် မယုံကြည်ကြတာဆိုရင် ဆယ်စုနှစ်တွေနဲ့ချီပြီးရှိနေတာ။ ရခိုင်ပြည်နယ် ပြဿနာက ၁၈ ရာစုကတည်းပါ။ ဒါကို တစ်နေ့တည်း တစ်ညတည်း တစ်ထိုင်တည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ အချိန်ပေးဖို့ ကျမတို့ ပြောနေတာပါ။ အဓမ္မပြုကျင့်မှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲတာတွေ စတဲ့ စွပ်စွဲချက်တွေကို ကျမတို့ လစ်လျူရှု မထားပါဘူး။ လူတိုင်းကို တိုင်ကြားခွင့် ပေးထားပါတယ်" ဆိုပြီး ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ "၁၈ ရာစုက ပြဿနာ" စကားလုံးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူမှုကွန်ရက် သုံးစွဲသူများက မှတ်ချက်အမျိုးမျိုး ပေးနေကြတာတွေ့ရပါတယ်။ ဒီအထဲမှာ (ကို) Swe Mon ဆိုတဲ့ Facebook သုံးစွဲတစ်ဦး ရဲ့ မှတ်ချက်စကားက --
"၁၈ ရာစု ဆိုတော့ ... သက္ကရာဇ် ၁၇၀၁ ဇန်န၀ါရီ ကနေ သက္ကရာဇ် ၁၈၀၀ ဒီဇင်ဘာ အထိ။ ဒါနဲ့ပဲ အဲဒီလူတွေ ခိုးဝင် ဟုတ်မဟုတ် တစ်ခွန်းတည်းနဲ့ ပြတ်ရော။" ဆိုပြီး ဖြစ်ပါတယ်။
နောက် ဥရောပမှာ အခြေစိုက်နေထိုင်တဲ့ (ကို) Nyein Chan Aung ဆိုသူက သူ့ရဲ့ Facebook စာမျက်နှာမှာ "ရိုဟင်ဂျာတွေ နဲ့ တိုင်းပြည် တည်ဆောက်မယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ခုရေးတင်တာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ "၁၈ ရာစုပြဿနာ"ကို အခုလို ထောက်ပြဆွေးနွေးသွားပါတယ်။
"နှစ်ပေါင်း ၃၀၀ ကျော်လောက် အတူနေပြီး ပြဿနာဖြစ်နေတဲ့ လူ့အသိုင်းအ၀န်း နှစ်ခုလို့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ၀န်ခံလိုက်ပါပြီ။ လူတယောက်ဟာ အဲဒီ မြေမှာ နှစ်ပေါင်း ၃၀၀ လောက် နေထိုင်နေရင် နိုင်ငံသား ဖြစ်ခွင့် မရှိဘူးလား။ နိုင်ငံသားတစ်ယောက်ဟာ သူ့လူမျိုးအမည်ကို သူ့ဘာသာသူ ပေးခွင့်မရှိဘူးလား။
နိုင်ငံတကာ ပဋိညာဉ်တွေ ၊ နိုင်ငံတကာ လူ့အခွင့်အရေးတွေကို ဘေးဖယ်ထားလိုက်စမ်းပါ။ နှစ်ပေါင်း ၃၀၀ ကျော် နေထိုင်လာတဲ့ လူမျိုးစုတစ်စုဟာ အခုလို ကမ္ဘာ့ရွာကြီးဖြစ်နေတဲ့ ခေတ်ထဲမှာ အနိုင်ကျင့်ခံ လူတန်းစားတစ်ရပ်အဖြစ် နေသင့်ပါသလား။
ဟုတ်ကဲ့ ... ရိုဟင်ဂျာတွေ နဲ့ တိုင်းပြည်ကို တည်ဆောက်ရင် စင်ကာပူ မပြောနဲ့ အမေရိကန်ကို ၁၀ နှစ်နဲ့လည်း ကျော်တက်ပါတယ်။ ဘာကြောင့်လည်း မေးရင် ရိုဟင်ဂျာတွေက ပါးစပ်မဟုတ်ဘူး၊ လက်တွေ့ကို ကြိုးစားလို့၊ လက်တွေ့ကို ညီညွတ်လို့ပါပဲ" လို့ မေးခွန်းထုတ်ရေးသားထားပါတယ်။
အဲဒါ အပြင် (ကို) Nyein Chan Aung က "လောကတွင် တန်ဖိုးဖြတ်မရသည်မှာ လူသားများပင် ဖြစ်သည်။ ဗမာစကားပုံအရ ပြောလျှင်ပင်-

လူမသေ ငွေမရှား။ လူရှင်ရင် ဆုံးရှုံးတာတွေ ပြန်ရှာလို့ရသည်။ စသည်ဖြင့် လူ့တန်ဖိုးတွေကို ချီးကျူးထားသည့် စကားပုံတွေက အများကြီး။ ဘာကြောင့် ဘာသာမတူ၊ အသားအရောင်မတူ၊ စကားမတူတာနဲ့ ခင်ဗျားတို့ ခွဲခြားနေရတာလဲ" ဆိုပြီး မြန်မာအစိုးရနဲ့ ပြည်သူတွေကို မေးခွန်းထုတ်လိုက်ပါတယ်။
နောက်ထပ် ဥရောပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူ (ကို) Ro Nay San Lwin ဆိုသူက -" ရခိုင်ပြဿနာက ၁၈ ရာစုကတည်းက ရှိနေတဲ့ ပြဿနာလို့ ပြောခြင်းက - ၁၈ ရာစုဆိုတာ ၁၇၀၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့က ၁၈၀၀ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ထိကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာ ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ မှီတင်းနေထိုင်သူများကို တိုင်းရင်းသားလို့ သတ်မှတ်တယ်။ ရိုဟင်ဂျာတွေက ၁၈၂၃ မတိုင်မီကတည်းက ရခိုင်ပြည်နယ် (အဲဒီတုန်းက အာရ်ကာန်ဒေသ) မှာ ရှိနေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ၀န်ခံလိုက်ရပါပြီ။" ဆိုပြီး ထောက်ပြရေးသားပါတယ်။
မောင်တောအခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးဝေမိုးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက် အပေါ်ဘယ်လို မြင်ပါသလဲလို့ မေးမြန်းကြည့်တဲ့အခါ-
"၁၈ ရာစုကတည်းက ဖြစ်လာတဲ့ ပြဿနာဆိုတော့ ဒီလူတွေ ၁၈ ရာစုကတည်းက ရခိုင်ပြည်နယ်မှာ ရှိနေတာ သေချာသွားပြီ။ ဒီတော့ ဒီလူတွေရဲ့ တိုင်ရင်းသားအခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးတွေကို ဘာကြောင့် ပိတ်ပင်တားဆီးထားတာလဲ။ ၁၉၈၂ နိုင်ငံသားဥပဒေအရကို ဒီလူတွေက တိုင်းရင်းသားဆိုတာ ငြင်းမရဘူး။
ပထမ တိုင်းရင်းသားဖြစ်ကြောင်း လက်မှတ်ထုတ်ပေးတယ်။ နောက်တော့ အမျိုးသားမှတ်ပုံတင်ကဒ်။ နောက်တော့ ယာယီသက်သေခံလက်မှတ်။ နောက်ဆုံးတော့ အဲ့ဒါလည်း သိမ်းလိုက်ပြီး ပြန်ပြီးနိုင်ငံသား လျှောက်ခိုင်းနေတာ ဒါတွေက လူ့အခွင့်အရေးချိုးဖောက်တာ မဟုတ်ဘူးလား။ တကယ်တော့ ဗမာအစိုးရက လူနည်းစုတွေအပေါ် ခေတ်အဆက်ဆက်မှာ လိုသလို အနိုင်ကျင့်နေတာပါပဲ။
ရခိုင်ပြဿနာကို တစ်ထိုင်တည်း တစ်ညတည်း တစ်နေ့တည်းလို့ ဖြေရှင်းလို့မရဘူး ပြောရအောင် အဲ့ဒီပြဿနာကို ရှုပ်အောင်ဖန်တီးနေတာ ဘယ်သူလဲ။ အစိုးရပပဲလေ။
အဓမ္မပြုကျင့်မှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲတာတွေ စတဲ့ စွပ်စွဲချက်တွေကို ကျမတို့ လစ်လျူရှု မထားပါဘူး။ လူတိုင်းကို တိုင်ကြားခွင့် ပေးထားတယ်ဆိုတာ ရယ်စရာပြက်လုံးတစ်ခုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ပြက်လုံးတွေကို သူ့ကို မတရားဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ထားတုန်းက စစ်ခေါင်းဆောင်တွေ အမျိုးမျိုး ပြက်လုံးထုတ်ခဲ့တာကနေ သင်ယူခဲ့တာရှိမယ်။" ဆိုပြီး သူ့ရဲ့အမြင်ကို ပြောပြသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ကုလ ဆုံးဖြတ်ချက်ကို ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း၊ ဒီဆုံးဖြတ်ချက်က တကယ့် အဖြစ်အပျက်တွေနဲ့ ကိုက်ညီတယ်လို့ မထင်ပါကြောင်း၊ ဒေါက်တာ အာနန်ရဲ့ အကြံပြုချက်တွေကို လုံးဝ လက်ခံပါကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ သူ့ကော်မရှင်က ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားပြီး အချက်အလက် စုဆောင်းပြီး တွေ့ခဲ့ရတဲ့ အခြေအနေမှန်တွေ အပေါ် အခြေခံပြီး အဆိုပြုတာကြောင့်ဖြစ်ကြောင်း ဆိုပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားသော်လည်း လက်တွေ့မှာတော့ အာနန်ကော်မရှင်ရဲ့ အကြံပြုချက်မျာစွာထဲက ယခုထိ ဘာတစ်ခုမှ လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးတာ မရှိကြောင်း အဆိုပါ မောင်တော ဒေသခံက ဖြည့်စွက်ပြောပါတယ်။

လူနည်းစုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို သူ့ရဲ့ ဩဇာအာဏာသုံးပြီး အကာအကွယ်ပေးနေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့က ကချင်၊ ကရင်၊ မြန်မာမွတ်စလင်နဲ့ ရိုဟင်ဂျာများက မေလ (၈) ရက်နေ့မှာ နေ့လည် ၁၂ နာရီကနေ ၂ နာရီအထိ၊ ဆန္ဒပြမယ်လို့လည်း သိရပါတယ်။