နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြန်လမ်းမရှိတဲ့ အမှောင်လမ်း



နေဆန်းလွင်
RB News
16.12.2013

“မသွားပါနဲ့လား သားလေးရယ် .. ၂၀၁၅ ဆိုရင် အစိုးရက ဒီထက် ကောင်းလာမယ် ထင်တယ် .. အဲဒီ အခါ ကျမှ သားတစ်ခုခု လုပ်စားပေါ့ .. အခုတော့ အိမ်မှာဘဲ အေးဆေး နေပါလား သားရယ်” 

“ဟုတ်တယ်သား .. အဲဒီလမ်းက ပြန်လမ်း မရှိတဲ့ အမှောင်လမ်း လိုဘဲ .. မနှစ်ကတစ်နှစ် ထဲတင် လူပေါင်း ၅၀၀ ကျော်လောက် လမ်းခရီးမှာ စက်လှေ မှောက်ပြီး အသက် ဆုံးရှုံး သွားတယ် .. သားကို အဖေ လုံးဝ မသွား စေချင်ဘူး”

“ဟုတ်တယ် ကိုကြီး .. မသွားနဲ့ဗျာ .. ကိုကြီးမှာညီနှစ်ယောက်ရှိပါတယ်ဗျာ .. စိတ်မပူပါနဲ့ .. ကျွန်တော် တို့ နှစ်ယောက် ကိုကြီးကို တစ်သက်လုံး လုပ်ကျွေး ပါ့မယ်”

“ကိုကြီးက ထောင်ထဲမှာ ဆယ်နှစ်လောက် နေရတာ ညီမလေး တို့ကို ဆယ်နှစ်လောက် ခွဲသွားခဲ့ပြီး .. ဒီနေ့ မှ ပြန်တွေ့ရတာ တစ်သက်လုံး ခွဲသွားမယ့် စကား မပြောပါနဲ့ ကိုကြီးရာ” 

လှမောင်တစ်ယောက်ထောင်ထဲမှာဆယ်နှစ်လောက်နေခဲ့ရပြီး၊ ပြန်ရောက်တဲ့ နေ့မှာဘဲ မိသားစု အားလုံးကို ထမင်းဝိုင်းမှာ မလေးရှားကို စက်လှေနဲ့ သွားမယ့် အကြောင်း ပြောနေတာကို မိဘ နှစ်ပါး၊ ညီနှစ်ယောက်နဲ့ ညီမလေး တို့က ၀ိုင်းတား နေကြ ပေမယ့် လှမောင် ကတော့ ဆုံးဖြတ်ချက်ကို ပြင်ဖို့ မစဉ်းစား။ 

မဟုတ်မခံ လှမောင်ကို နစက တွေက လူသတ်မှုနဲ့ စွဲချက် တင်ပြီး၊ ရှေ့နေ ငှားခွင့်၊ အယူခံ ၀င်ခွင့် မပေးဘဲ ၂၀၀၄ ခုနှစ်က ထောင်ဆယ်နှစ် ချခဲ့တာ။ ရိုးသား ကြိုးစားတဲ့ လှမောင် လူသတ်ဖို့ မပြောနဲ့၊ ငယ်ငယ် က တည်းက ရန်တောင် ဖြစ်ဖူးသူ မဟုတ်။ ဂုဏ်ထူး နှစ်ဘာသာနဲ့ ဆယ်တန်းအောင်၊ ရှေ့နေ ဖြစ်ချင်လို့ ဥပဒေ ဘာ သာရပ် လျှောက်ခဲ့ ပေမယ့်လည်း ပညာရေး ဌာနက ချပေး လိုက်တဲ့ သတ္တဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ သူ။ ဂုဏ်ထူးတန်း၊ မဟာ သိပ္ပံတန်း တက်ဖို့ အမှတ်မှီ ခဲ့ပေမယ့် ကိုယ့်ထက် ငယ်တဲ့ မောင်နှမ ၃ ယောက် ရှိတာမို့ မမက်မောတဲ့ဘာသာရပ်နဲ့ မဟာဘွဲ့ ယူဖို့ သူစိတ်မ၀င် စားခဲ့။ ဖြစ်ချင် ခဲ့တာဝန်ထမ်း အရာရှိ။ လူမျိုး၊ ဘာသာ ကန့်သတ် ချက်ကြောင့် မြန်မာ့ အလင်း၊ ကြေးမုံ သတင်း စာတွေထဲ ပါတဲ့ ၀န်ထမ်း ရွေး ချယ် လေ့ကျင့်ရေး အဖွဲ့က ကြေညာ ချက်တွေကို ဖတ်ရင်း မျက်ရည်စို့ ခဲ့ရသူ။

အဖေ ဖြစ်သူက ကောင်စီခေတ် ရုံးအုပ်ကြီး၊ အခုတော့ ပင်စင်စားပေါ့။ ဘိုးဘွား လက်ငုတ် လက်ရင်း ရွာထဲ က ဈေးမှာ ဆိုင်ခန်း နှစ်ခန်းနဲ့၊ လယ်ဆယ်ဧက လောက်ကို သူရင်းငှား တွေနဲ့ လုပ်ကိုင် စားသောက် နေပေ မယ့် ၀န်ထမ်း ဘ၀ ကတည်းက သားသမီး တွေကို စည်းကမ်းနဲ့ ထားခဲ့ သူမို့ ၀င်ငွေ မလောက် မငှ ဆိုတာတော့မရှိခဲ့ဘူး။ အမေဖြစ်သူ ကတော့ အိမ်ရှင်မ ဘ၀နဲ့ပျော်မွေ့နေသူဖြစ်ပြီး၊သားသမီး နဲ့ ယောက်ျား ရဲ့ ဝေယျ ၀စ္စ တွေကို မလစ်ဟင်း အောင်နေတဲ့ အပြင် ဘာသာရေး လည်းအလွန် ကိုင်းရှိုင်းသူ။

စက်လှေနဲ့ မလေးရှား သွားမယ်လို့ ဆုံးဖြတ် လိုက်တဲ့ လှမောင်ကို မိသားစု အားလုံး တားမရတဲ့ အဆုံး ဖခင် ဖြစ်သူက - 

“ကဲ သားကြီး .. သွားမယ် ဆိုရင် မင်းဘယ်လို သွားမှာလဲ .. စက်လှေနဲ့ သွားတာ တရား ၀င်တာ မဟုတ် ဘူး .. ဖမ်းခံ ရမှဖြင့် .. သေချာ စဉ်းစား ပါဦး သားရယ် ..”

“သားပြန် လာတော့ ရွာထိပ်မှာ စောမြင့်နဲ့ တွေ့ခဲ့တယ် .. သူ့ကို အခြေ အနေ အကုန် မေးပြီးပြီ .. အစိုး ရ ပြောင်းသွား ပေမယ့် အခြေ အနေက ဒီအတိုင်း ဘဲလေ .. အခု ရွာအုပ်ချုပ် ရေးမှူး ဦးသက်နိုင် ကိုယ် တိုင် မလေးကို လူပို့တာတဲ့ .. အဲဒီတော့ အဖမ်းတော့ ခံရမှာ မဟုတ်ဘူး .. သူ့ကို ငွေနှစ်သိန်း ပေးရင် စက်လှေပေါ် တက်လို့ ရပြီ .. ဦးသက်နိုင်ကို မနက်ဖြန် အိမ်ကို လာဖို့ စောမြင့် ကနေ တ ဆင့် ပြောထားတယ် .. အဲဒီတော့ အဖေတို့ သားကို ငွေနှစ်သိန်း ပေးပါဗျာ .. ကျွန်တော် ဒီမှာ နေရင် စိတ် ဓါတ် ကျပြီး ပိုဆိုး သွားလိမ့်မယ် .. ပြီးတော့ ..”

လှမောင် တစ်ယောက် သူပြောချင် တာကို ပြောပြီး စကားကို ရုတ်တရက် ရပ်လိုက် ပါတယ်။ သို့ပေမယ့် မိခင် ဖြစ်သူက သိချင် ဇောဖြင့် .. 

“ပြီးတော့ ဘာဖြစ်လဲ သား”

“တင့်တင့်လေ ..”

အဲဒီ အချိန် မှာဘဲ ဖခင် ဖြစ်သူက ချောင်းဟန့် လိုက်ပြီး - 

“ကဲ .. အားလုံးကို အဖေဘဲ ပြောမယ် .. သားကြီးရဲ့ ခံစားချက်ကို နားလည် ပေးလိုက် ကြပါ .. သူသွားမယ့် ကိစ္စကို ၀ိုင်းဝန်း ကူညီ ပေးလိုက် ကြပါ .. ဘယ်လို လုပ်မလဲကွာ .. ဒါကတော့ ငါတို့ မိသားစုရဲ့ ကံကြမ္မာမှာ ပါ သလိုပေါ့”

ဖခင် ဖြစ်သူက လူကြီးပီပီ သားတော်မောင် လှမောင်ရဲ့ ခံစားချက်ကို နားလည် ပေးပြီး မိသားစုဝင် များ ကို ဖြောင်းဖြ လိုက်ပါတယ်။ 

ဖခင် ဖြစ်သူက လှမောင်ရဲ့ ခံစားချက် တွေကို နားလည် ပေးဖို့ ပြောပေ မယ့်လည်း ဆယ်နှစ်လောက် ခွဲခွာ ခဲ့ရတဲ့ သားကြီးကို မိခင် ဖြစ်သူ ကတော့ မသွားအောင် တားကြည့် ချင်သေးတယ်။

“သားရယ် .. သားရဲ့ ခြေထောက် တစ်ဖက်က ထောင်ထဲမှာ လေဖြတ် သွားတော့ ချိုင့်ထောက်နဲ့ အားပြုပြီး လမ်းလျှောက်နေရတာစက်လှေနဲ့ခရီးကြမ်းသွားဖို့ဆိုတာမဖြစ်နိုင်ဘူး..နိုင်ငံရေးအခြေ အနေ ပြောင်းတော့မှ ရန်ကုန် ကနေ တရားဝင် လေယာဉ်နဲ့ သွားပါလား”

“ဒီချိုင့်ထောက်နဲ့ အလုပ် ကြမ်းတောင် ၇ နှစ်ကျော် လုပ်ခဲ့တာ အမေ .. စက်လှေနဲ့ ၃ ပတ်လောက် ခရီး သွား ရတာ လောက်တော့ မမှု့ဘူး .. အမေ စိတ်မပူ ပါနဲ့ .. သားအတွက်စိတ်အေးအေးနဲ့ ဆုတောင်း ပေးပါ .. စောမြင့်က ဟိုရောက်ရင် သူ့အစ်ကိုနဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ် ပေးမယ်တဲ့ .. သူ့အစ် ကို ကလည်း သားတို့နဲ့ ညီအစ်ကိုလို နေခဲ့ကြတာ .. မပူပါနဲ့ အမေရာ” 

တစ်မိသားစုလုံး လက်လျှော့ လိုက်ပါပြီ။ လှမောင်ရဲ့ အရပ်က ၅ ပေ ၉ လက်မ လောက်ရှိပြီး၊ ရင်အုပ် ကျယ်နဲ့ ဗလ ကောင်းကောင်း၊ အသားညို ပေမယ့် ယောက်ျား ပီသတဲ့ ရုပ်ရည်နဲ့။ မဟုတ်မခံ လှမောင် က ထောင်ထဲ မှာလည်းမတရားတာ တွေ့ရင် တာဝန်ကျရဲတွေနဲ့ စကားများတော့ တစ်ပတ်မှာ ၃ ကြိမ် လောက်တော့ ပုံမှန် ရိုက်ခံ ရတယ်။ ပြီးတော့ ရေအပြည့် လှောင်ထားတဲ့ အုတ်ကန် ဘောင်ပေါ် ခွ ထိုင် ခိုင်းထားပြီး လက်တွေကို နောက်ပြန် တုတ်ထားနဲ့ ဆောင်းရာသီမှာ ၃ ရက်တိတိ ဒဏ်ပေးခံ ရတော့ အအေးဒဏ်နဲ့ ရေစိမ် ခံရတဲ့ ခြေထောက် တစ်ဖက် လေဖြတ်ပြီး လှုပ်လို့ မရတော့ဘူး။ ချိုင့်ထောက် အဟောင်း တစ်ခုနဲ့ ထောင်ထဲ အလုပ်ကြမ်း ပေါင်းစုံကို နောက်ဆုံး ထွက်လာ တဲ့နေ့ အထိ လုပ်ခဲ့ ရတယ်။

နောက်တစ်ရက် အုပ်ချုပ် ရေးမှူး ဦးသက်နိုင် ရောက်လာတော့ ဖခင် ဖြစ်သူက အရေးပေါ် သုံးဖို့ စုဆောင်း ထားတဲ့ ငွေတွေ ထဲက သားကြီးရဲ့ စက်လှေ ခရီး အတွက် ငွေနှစ်သိန်းကို ထုတ်ပေး လိုက်ပါတယ်။ 

“မောင်လှမောင် .. လာမယ့် တနင်္ဂနွေ နေ့ည ၈ နာရီလောက် အဆင်သင့် လုပ်ထားပါ .. စက်လှေက ငါတို့ရွာ ကမ်းစပ်က ထွက်မှာ .. ငါ့တပည့် ကျော်ဇေယျာဦးကို ၈ နာရီလောက် လွှတ်လိုက်မယ် .. သူနဲ့ လိုက်လာ ခဲ့ပေါ့”

လှမောင်ရဲ့ ဖခင် ကတော့ ဦးသက်နိုင် စကား ပြောချိုတာ ဒီတစ်ကြိမ်ဘဲ ဖြစ်လိမ့် မယ်လို့ စိတ်ထဲက မှတ် ချက် ချ လိုက်တယ်။ ဦးသက်နိုင် ဆိုတာ ရွာသား တွေကို လုပ်ကြံ ဇာတ်ခင်းပြီး ငွေညှစ် တာတွေ၊ ဧည့်စာ ရင်း၊ ရွာထွက် လက်မှတ် တွေမှာ ငွေညှစ် တာတွေနဲ့ လူတွေကို အမြဲ ဆဲဆို ရိုက်နှက်ပြီး စ ကား ပြော တာ က နာမည် ကြီးလေ။

တနင်္ဂနွေ နေ့ ည ၇ နာရီ လောက် ကတည်းက လှမောင်ရဲ့ ဖခင်၊ မိခင်၊ ညီနှစ်ယောက်နဲ့ ညီမတို့ မျက် ရည် တွေနဲ့။ မသွား စေချင် ကြပေမယ့် လှမောင် သွားမယ့် ခရီး ကြမ်းကို အဆင်ပြေ ချောမော့ဖို့ မျက် ရည် တွေနဲ့ ဆုတောင်း နေကြ လေရဲ့။ လှမောင် တစ်ယောက် မျက်ရည်တွေ မထွက်အောင် ထိန်းပေ မယ့် လည်း မရခဲ့ဘူး။ ပိုဆိုးတာက တင့်တင့်ရဲ့ မိဘ တွေလည်း လာပြီး မသွားဖို့ ဖြောင်းဖြရင်း ငိုနေ ကြတော့ .. လှမောင် လည်း အားလုံးကို ဖက်ရင်း ရှိုက်ကြီး တငင် ငိုပါ တော့တယ်။ 

“တည်ငြိမ် အေးချမ်းပြီး၊ ညှဉ်းပန်း နှိပ်စက် မှုတွေ မတရား မှုတွေ မရှိတော့ တဲ့နေ့ ကျွန်တော် ပြန်လာ ခဲ့မယ် .. ကျွန်တော် တို့ရဲ့ ဒုက္ခ တွေကို ကမ္ဘာက သိအောင် ကျွန်တော် တို့မှာ လူ့ဂုဏ် သိက္ခာ ရှိလာအောင် ကျွန်တော် ကြိုးစားပြီး အောင်မြင်တဲ့ နေ့ပြန် လာမှာပါ”

လှမောင်ရဲ့ မိသားစု ၀င်တွေ၊ တင့်တင့်ရဲ့ မိဘများ အားလုံးကို နှုတ်ဆက်ပြီး လာခေါ်တဲ့ ကျော်ဇေယျာဦးနဲ့ အတူအ၀တ် ၃ စုံထည့်ထား တဲ့ကျောပိုး အိတ်လေးလွယ်ပြီး ကမ်းစပ်ကို ထွက်ခဲ့ ပါတော့တယ်။ စက်လှေပေါ်   ရောက်ပြီး သေချာ ထိုင်ရင်း မျက်ရည် များနဲ့ စိန့်မာတင်ကျွန်း နားမှာ ရှိတဲ့ စက်လှေကြီး ဆီ ကို ရောက်တော့ စက်လှေ ပြောင်းတက်၊ အစွန်းမှာ သေချာ နေရာယူ လိုက်ပါတယ်။ 

ညသန်းခေါင်ယံ ကျော်မှာ ဘင်္ဂလား ပင်လယ်အော် ထဲကို စက်လှေ ရောက်သွားတဲ့ အချိန်၊ မှောင် နက် တဲ့ လောကကြီး၊ လေစိမ်းတွေ တဝှေ့ဝှေ့နဲ့ လှမောင် တစ်ယောက် တင့်တင့်ရဲ့ မျက်နှာကို မြင်ယောင် မိသွား တယ်။

တင့်တင့် ဆိုတာ လှမောင် တို့နဲ့ ခြံချင်း ကပ်ရပ် နေတာ။ လှမောင်ထက် နှစ်နှစ် ငယ်တယ်။ ငယ်ငယ် ကတည်းက ကစားဖော် ကစားဖက် အတူ ဆော့ရင်း ကြီးပြင်း လာခဲ့ သူပေါ့။ အရွယ်ရောက် လာတော့ နည်းနည်း စိမ်းသွား ပေမယ့် မိဘချင်းက ငယ်ငယ် ကတည်းက တင့်တင့်နဲ့ လှမော င်ကို ပေး စားမယ် လို့ ပြောနေကျ။ လှမောင်က တတိယနှစ် တက္ကသိုလ် ကျောင်းသား ဘ၀ထိ အချစ်ရေး ဆိုတာကို စိတ်ဝင် စား ရမှန်းတောင် မသိတဲ့ ရိုးသားတဲ့ ကျောင်းသားကြီး။ တင့်တင့် တစ်ယောက် စစ်တွေကို ပထမနှစ် တက္ကသိုလ် ကျောင်းသူ အဖြစ်နဲ့ ရောက်လာတဲ့ အခါ သိနေတဲ့ မြို့ပေါ်က သူငယ်ချင်း တွေက ၀ိုင်းလှော် ကြတော့ လှမောင် တစ်ယောက် ရိုးသားတဲ့ ဖိုးသခွား ဘ၀ ကနေ ချစ်တတ်တဲ့ နှလုံးသား ပိုင် ရှင်ကြီး ဖြစ် လာ တော့တယ်။ တကယ် လို့များ တင့်တင့်က တစ်ယောက် ယောက်ကို စိတ်ဝင်စား သွားမှာကို စိုးရိမ် လာ မိတယ်။ တစ်ရက်တော့ ကျောင်းထဲမှာ တင့်တင့်နဲ့ တွေ့တော့ .. 

“တင့်တင့် .. ငါနင့်ကို ပြောစရာ ရှိတယ်”

“ဘာပြောမလို့လဲ” 

“ငါနင့်ကို ချစ်တယ်ဟာ .. နင်ကျောင်း ပြီးရင် လက်ထပ်ချင်တယ်” 

“အန် .. တင့်တင့် ကျောင်းပြီးအောင် တက်ပါ ရစေဦး .. ပြီးမှ အိမ်ထောင်ရေး ကိစ္စ စဉ်းစားမယ်”

“မဟုတ်ဘူးဟ .. နင်သဘော တူရင် ဒီတစ်ခါ ကျောင်းပိတ်ရင် နင့်မိဘ ငါ့မိဘ တွေကို ပြောပြီး လက်ထပ်ခွင့် တင်ထား မယ်ဟာ .. လက်ထပ်ခွင့် ကျတာက ၃၊ ၄ နှစ် ကြာတယ် ဆိုတော့ နင်လည်း ကျောင်းပြီးတာနဲ့ အတော် ဘဲပေါ့” 

“တင့်တင့် စဉ်းစား ပါရစေ အစ်ကို” 

“အေးဟာ .. ရွာပြန် ရောက်ရင် ငါ့ကို ပြောဟာ .. ကျောင်းပိတ်တုန်း ငါတို့ လက်ထပ် ခွင့်တင်လို့ ရအောင်”

တင့်တင့် ခမျာ လှမောင်ရဲ့ စကားတွေက ဖွဲ့ဖွဲ့နွဲ့နွဲ့ မရှိလေတော့ နားထောင် ရတာ နားဝင် မချိုသလိုမျိုး ဖြစ်နေ ပေမယ့်လည်း ငယ်ငယ် ကတည်းက သံယောဇဉ် ရှိသူမို့ လှမောင် သာလျှင် အကောင်းဆုံး အိမ်ထောင်ဖက် ဖြစ်လိမ့်မယ်လို့ တွေးတော နေမိတယ်။ အဆိုးဆုံးက သူ့ဖက်က ချစ်တယ်လို့ ပြောပြီး၊ အဖြေ မတောင်းတော့ အတော်လေး တုံးတဲ့ ငတုံးကြီးလို့ တွေးပေ မယ့်လည်း ချက်ချင်းဘဲ ဒါက သူ့ရဲ့ ရိုးသားတဲ့ အကျင့် ဘဲလေလို့ တွေးမိ ပြန်တယ်။ 

တင့်တင့်နဲ့ လှမောင်တို့ စာမေးပွဲ ပြီးလို့ ရွာပြန် ရောက်တော့ လှမောင် တစ်ယောက် မနေနိုင် မထိုင်နိုင် တင့်တင့်တို့ အိမ်ဖက် ခြေဦး လှည့်တော့တယ်။ တင့်တင့်ရဲ့ အိမ်ထဲ ၀င်တော့ တင့်တင့်ရဲ့ အဖေနဲ့ စကား လက်ဆုံ ပြောရင်း တင့်တင့် လာချ ပေးတဲ့ လဘက်ရည် သောက်ပြီး ပြန်ရ မလို ကြုံရ ပြန်တော့ လှမောင်လည်း ဘာလုပ် ရမှန်း မသိ။ နောက်ဆုံးတော့ ပြန်အထွက်မှာ တံခါးဝ ရောက်မှ -

“တင့်တင့်ရေ .. ခဏ လာဦးဟ” လို့လှမ်းခေါ်တော့ မျက်လုံး အ၀ိုင်းသားနဲ့ ရောက်လာပြီး -

“ဘာလဲ အစ်ကို”

“ကျောင်းမှာ ပြောထားတဲ့ ကိစ္စလေ”

“ဘာကိစ္စလဲ”

“နင်နဲ့ငါနဲ့ လက်ထပ်ဖို့ ကိစ္စလေဟာ .. အဲဒါ မေးဖို့ လာတာ”

“နောက်မှာ အဖေရှိတယ် .. ဘယ်လို ဖြစ်နေလဲ .. နောက်မှ ပြောမယ်လေ”

“မရဘူး .. အခု တစ်ခါထဲ ပြောဟာ .. ငါ အမေ တို့ကို ပြောရဦးမယ် .. နင်အခု မပြောရင် နင့်အဖေကို ငါအခု အော်ပြော လိုက်မယ်”

လှမောင်က ပြောရင် ပြောတဲ့ အတိုင်း တဇွတ်ထိုး လုပ်တတ်တဲ့ အကျင့် ရှိတာ သိနေတော့ တင့်တင့်လည်း သူ့အဖေ ရှေ့မှာ အော်မှာကို စိုးရိမ် မိပြီး ခေါင်းညိတ် ရပါ တော့တယ်။ လှမောင်လည်း အပျော်လုံး စို့ပြီး အိမ်ပြန် ရောက်တော့ သူ့အမေကို ဖွင့်ပြောပေါ့။ ဒီလိုနဲ့ သူတို့ နှစ်ယောက်ကို မိဘ တွေက တရားဝင် စေ့စပ် ပေးလိုက်ပြီး၊ နစက ရုံးမှာ လက်ထပ် ခွင့်တင် လိုက်ကြတယ်။ ကျောင်းပြန် တက်တဲ့ အခါ လှမောင်က သူငယ်ချင်း တွေကို ကြွားလုံး ထုတ်လိုက်တော့ တင့်တင့်မှာ ပိုင်ရှင် ရှိမှန်း လူသိ သွားပြီမို့ လှမောင်က အရင်ကလို စိတ်မပူတော့ ပေမယ့် အရိပ် တကြည့်ကြည့်နဲ့ နောက်ဆုံးမှာ လှမောင် ဘွဲ့ရ သွားတဲ့ အခါ တစ်နေ့ တစ်နေ့ သူခမျာ တင့်တင့် အတွက် စိတ်ပူ ရတာ အမော။ တင့်တင့် ကလည်း လိမ္မာတဲ့ မိကောင်း ဖခင် မိန်းကလေး ဆိုတော့ လှမောင် ကလွဲပြီး အခြား ယောက်ျား လေးတွေကို သေချာတောင် မကြည့်သူ။ 

တင့်တင့် ဘွဲ့ရတော့ လှမောင် တစ်ယောက် လက်ထပ်ခွင့် ဘယ်နေ့ ကျလာ မလဲသာ မျှော်တော်ယောင် လုပ်နေ ရတယ်။ ဒီလိုနဲ့ အချိန်က ၃ နှစ် ကျော်ကြာပြီ ဆိုတော့ နစက ရုံးကို သွားပြီး စုံစမ်းရေး စတင်၊ နစက ရုံးက ငွေ ၄ သိန်းပေးမှ ချပေးမယ် ဆိုတော့ ကျောင်းပြီး ကတည်းက မင်္ဂလာ ဆောင်ဖို့ အလုပ် လုပ်ပြီး စုထားတဲ့ ငွေထဲက ၄ သိန်း ပေးပြန် တော့လည်း အဆင် မပြေ။

ငွေပေး ပြီးတော့ ဘာလို့ ချမပေး တာလဲ ဆိုပြီး သွားမေးတဲ့ အခါ သတို့ သမီး လုပ်မယ့် သူကို စစ်ဆေး စရာ ရှိတယ် ခေါ်လာ ဆိုတော့ မိဘ တွေရဲ့ ခွင့်ပြုချက်နဲ့ တင့်တင့်ကို ခေါ်ပြီး နစက ရုံးကို ချိန်းထားတဲ့ မနက် ၉ နာရီမှာ သူတို့ နှစ်ယောက် ရောက်သွား ကြတယ်။ နစကရုံး ရောက်တော့ တင့်တင့်ကို တစ်ယောက်ထဲ စစ်မယ် ဆိုတော့ လှမောင်က လက်မခံဘူး။ ဒီလိုနဲ့ နစက အရာရှိနဲ့ စကား များလို့ နစက ၃ ယောက်က လှမောင်ကို ၀ိုင်းထိုးပြီး၊ အချုပ် ခန်းထဲ ထည့်လိုက် ကြတယ်။ တင့်တင့် ခမျာ တစ်ယောက်ထဲ ဘာလုပ် ရမှန်း မသိ မျက်နှာ ငယ်လေးနဲ့ နစက အရာရှိ ဆွဲခေါ်ရာ ပါသွား ရှာတယ်။ 

အချုပ်ခန်း ထဲရောက် နေတဲ့ လှမောင်ရဲ့ ရင်တွေ ဗလောင် ဆူနေပြီး ဘာလုပ် ရမှန်း မသိတော့ တင့်တင့် ဘယ်မှာလဲ၊ သူ့ကို အခု ခေါ်ပေးလို့ အော်နေတဲ့ လှမောင်ကို နစက ၃ ယောက် ၀င်လာပြီး ရိုက်လိုက်တာ သတိ လစ်တဲ့ အထိဘဲ။ လှမောင် သတိရတော့ နောက်နေ့ မနက် ၇ နာရီ၊ ခဏ ကြာတော့ သူ့ကို အချုပ်ခန်း ထဲက ထုတ်ပြီး၊ တင့်တင့် ကိုလည်း ခေါ်လာ ပေးတယ်။ တင့်တင့် ကတော့ ရှိုက်ကြီး တငင် ငိုနေတယ်။ လှမောင် မေးတော့လည်း ဘာမှ မဖြေ။ နစက တွေကို မေးရင်လည်း ရိုက်ခံ ရပြီး အချုပ် ခန်းထဲ ပြန်ထည့် ခံရရင် ဒုက္ခလို့ တွေးပြီး၊ ဒီလိုနဲ့ နစကရုံး အပြင် ရောက်တော့ တင့်တင့်ရဲ့ အဖေ၊ လှမောင်ရဲ့ အဖေတို့ စောင့်နေတာ တွေ့လိုက် ရတယ်။ တင့်တင့် ကတော့ ဘယ်သူနဲ့မှ စကား မပြောဘဲ ငိုနေတုန်း။

“အဖေတို့ မနေ့ ညနေ ကတည်းက ဒီမှာ စောင့်နေ ကြတာ၊ ရုံးထဲ ကိုလည်း ပေးမ၀င်ဘူး .. အတင်း ၀င်ဖို့ လုပ်တော့ ကိုယ်ထိ လက်ရောက် စော်ကားဖို့ လုပ်တယ်” လို့ လှမောင်ရဲ့ ဖခင်က ဆိုပါတယ်။

သူတို့တွေ အိမ်ပြန် ရောက်တော့ မနက် ၉ နာရီ၊ လှမောင်နဲ့ သူ့အဖေလည်း တင့်တင့် အိမ်ကိုဘဲ ၀င်သွား ကြပြီး၊ တင့်တင့်ကို မေးဖို့ ကြိုးစားတဲ့ အခါ တင့်တင့်က သူ့အခန်း ထဲဝင်ပြီး ပြန်မထွက်။ တင့်တင့်ရဲ့ ငိုသံ တွေကို သူ့အမေ ကတော့ အခန်း နံရံ နားကပ် နားထောင် နေပြီး၊ တံခါး ဖွင့်ပေးဖို့ ပြောပေမယ့် ဖွင့်မ ပေးတော့ အားလုံးက သူထွက် လာပြီး စကား ပြောတဲ့ အထိ စိတ်ရှည် လက်ရှည် စောင့်မယ် လို့သာ ဆုံးဖြတ် လိုက်ကြတယ်။ 

နေ့လည် ၁၂ နာရီခွဲ လောက် တင့်တင့် တစ်ယောက် အခန်း ထဲက ထွက်လာပြီး၊ နောက်ဖေး ဆောင်ဘက်ဝင် သွားတော့ သူ့အမေ လိုက်လာ တာကို မလိုက် နဲ့လို့ တားလိုက်တယ်။ အခန်း ထဲကို ပြန်ဝင် သွားတော့ ကြွက်သတ်ဆေး သယ်သွားတာ ဘယ်သူ့မှ မမြင်။ နေ့လည် ၃ နာရီ လောက်မှာ တင့်တင့် အခန်းက ဘာအသံမှ မကြားတော့ အကုန်လုံးက ဇောချွေး ပြန်နေပြီ။ လှမောင် ကတော့ ဘယ်လိုမှ မခံစား နိုင်တော့လို့ တင့်တင့်ရဲ့ မိဘတွေကို တံခါး ဖျက်ဝင် ကြည့်ဖို့ တောင်းပန် နေလေရဲ့။ ၄ နာရီ ထိုးပြီး ဘာအသံမှ မကြားရ ပြန်တော့ လှမောင်ကို တံခါး ဖျက်ဖို့ မီးစိမ်းပြ လိုက်တော့တယ်။ ကုတင် ပေါ်မှာ ခွေခွေ လေးနဲ့ အသက်မဲ့ နေတဲ့ တင့်တင့်နဲ့ သူ့ရဲ့ဘေးက စာအုပ် လေးကို တွေ့တော့ လှမောင်က အိပ်ပျော် နေတယ် ထင်ပြီး လှုပ်နိုး ကြည့်သေးတယ်။ နောက်မှ တင့်တင့် တစ်ယောက် လူ့လောက ကြီးကို ကျောခိုင်း သွားပြီ ဆိုတာ တင့်တင့်ရဲ့ ဖခင် ပြောတော့မှ မယုံချင် ယုံချင်နဲ့ ယုံလိုက် ရတယ်။ ဘေးနားမှာ တွေ့တဲ့ စာအုပ်ကို လှန်လှော ကြည့်တော့ “လူမဟုတ်တဲ့ ခွေးမုဒိန်း ကောင်တွေ ဒီတစ်သက် ငါမကျေဘူး။ ကိုလှမောင်နဲ့ ငါ့ကို သေကွဲကွဲအောင် လုပ်တဲ့ ခွေးတွေ” လို့ရေးထား တာကို ဖတ်လိုက် ရတော့ ခွေးလို ယုတ်မာတဲ့ နစကတွေ ညက တင့်တင့်ကို ဘာလုပ် လိုက်တယ် ဆိုတာ သေချာ နားလည် သဘောပေါက် အတည်ပြု လိုက်ပါ တော့တယ်။ 

ခဏ ကြာတော့ ရွာဥက္ကဌ ရောက်လာပြီး ရဲတွေ ဘာတွေ အကြောင်း ကြားပေါ့။ သိပ်မကြာ ပါဘူး။ နစက လူယုတ် မာတွေ လာပြီး လှမောင်ကို “ဒီကောင်မလေးကို မင်းသတ်တာ၊ လူသတ်ကောင်၊ ငါတို့နဲ့ လိုက်ခဲ့လို့” ဆိုပြီး ခေါ်နေတဲ့ အချိန် မိဘတွေက အဖြစ်စုံ ကိုပြော၊ စာအုပ်မှာ တင့်တင့် ရေးထားတာ ပြပေမယ့် လည်း လှမောင် ခမျာ သူ့ရဲ့ ချစ်လှ စွာသော ချစ်ဇနီးလောင်း တင့်တင့်ရဲ့ နောက်ဆုံး ခရီးကိုတောင် ပို့ခွင့် မရခဲ့ဘူး။ လှမောင် ကတော့ “တင့်တင့်ရေ .. ငါနင့်နောက်ကို လိုက်ခဲ့ ပါမယ်ဟာ” လို့စိတ်ထဲက ရေရွတ်ပြီး တင့်တင့် မျက်နှာကို နောက်ဆုံး ကြည့်ပြီး လိုက်သွား ခဲ့ရတယ်။ 

ရက်ပိုင်း အတွင်း တရားရုံးတင်၊ ရှေ့နေ ငှားခွင့်၊ အယူခံ ၀င်ခွင့် မရဘဲ ထောင်ထဲမှာ ဆယ်နှစ်လောက် နေခဲ့ ရတဲ့ လှမောင် တစ်ယောက် အခုတော့ မလေးရှား သွားနေတဲ့ စက်လှေ ပေါ်မှာ။ 

စက်လှေ ပေါ်မှာ လေစိမ်းတွေ ကြားထဲ ကံကြမ္မာဆိုး တွေကို တွေးလို့ ဆုံးတော့ လှိုင်းလုံးကြီး တစ်ချက် ရိုက်လိုက်တာ စက်လှေက မှောက်မလို အထိ ဖြစ်သွားပြီး၊ လှမောင်လည်း စက်လှေရဲ့ ဘောင်ကို သေချာ ကိုင်ထား လိုက်တယ်။ ခဏ ကြာတော့ ပိုကြမ်းတဲ့ လှိုင်းလုံး ကြီးကို စက်လှေလည်း မခံနိုင်တော့၊ စက်လှေပေါ် ပါလာတဲ့ ကလေးငယ်၊ အမျိုးသမီး၊ အမျိုးသား ၂၀၀ ကျော်နဲ့ အတူ ကျယ်ပြန့်တဲ့ ပင်လယ် ရေထဲ ရောက်သွား ကြတော့ တာပေါ့။ ရေကူး တတ်ပေမယ့် ခြေထောက် တစ်ဖက် လေဖြတ် နေသူမို့ ပြန်လမ်း မရှိတဲ့ အမှောင်လမ်းမှာ “တင့်တင့်ရေ .. ငါနင့်နောက် လိုက်ခဲ့ပြီ” လို့တီးတိုး ရေရွတ်ရင်း တိတ်ဆိတ် ငြိမ်သက် သွားပါ တော့တယ်။

(မှတ်ချက် ။ ။ ရခိုင် ပြည်နယ်တွင် နစကမှ ရိုဟင်ဂျာ လူမျိုးများ အပေါ် ယုတ်မာ ရက်စက် ခဲ့သည့် တကယ့် အဖြစ် အပျက် များကို အခြေခံပြီး ဇာတ်လမ်း ဖွဲ့၍ ခံစား တင်ပြ ပါသည်)

Comment ရေးရန်

Rohingya Exodus