နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မောင်ကြီးတောင်မှ ဒေသခံများ ရွာထဲတွင် မနေနိုင်အောင် စစ်သားများက တမင်ရည်ရွယ်ရှိရှိဖြင့် လုယက်၊ ငွေညှစ်များ လုပ်ဆောင်လျက်ရှိ

Rohingya Eye
RB News
11.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မောင်ကြီးတောင် (ရှားဘ်ဘားဇား) ကျေးရွာသို့ စစ်သားများ ၀င်ရောက်ပြီး ရွာသားများကို ရိုက်နှက် လုယက်၍ ငွေညှစ်လျက်ရှိပြီး၊ ရွာသားများ ရွာထဲတွင် မနေနိုင်အောင် တမင်လုပ်ဆောင်လျက် ရှိနေကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မောင်ကြီးတောင် (ရှားဘ်ဘားဇား) ကျေးရွာသို့ ဇွန်လ (၆) ရက်နေ့နှင့် (၇) ရက်နေ့များတွင် စစ်သားများဝင်ရောက်၍ မသင်္ကာဖွယ်ရာ နေအိမ်များရှိနေသည်ဟု မဟုတ်မမှန် လုပ်ကြံ အကြောင်းပြကာ အိမ်များကို ရှာဖွေခြင်း၊ တွေ့ရှိသမျှ ပစ္စည်းများကို လုယက်ခြင်း၊ ရွာသားများကို ကိုယ်ထိလက်ရောက် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသဖြင့် ရွာထဲရှိ ရွာသား သုံးပုံနှစ်ပုံခန့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

စစ်သားများသည် ရွာအတွင်းတွင် ဆက်လက်၍ တပ်စွဲလျက်ရှိရာ မော်လ၀ီအီနုစ် (အသက် ၃၀ နှစ်) ၏ နေအိမ်နှင့် ဦးမာလဲခ် (အသက် ၄၀ နှစ်) တို့၏ နေအိမ်များမှာ အိမ်သားများကို နှင်ထုတ်၍ အဆိုပါ နေအိမ်များတွင် တပ်စွဲထားသည့်အပြင် လမ်း၏အနောက်ဖက်ခြင်းရှိ ဗလီ၏ ၀ရန်တာတွင်လည်း အရာရှိများ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ 

စစ်သားများက ယင်းကျေးရွာအုပ်စု၊ အမှတ် (၁) ရပ်ကွက်မှ ဦးအီမာန်ဟူဆောင်း (အသက် ၅၀ နှစ်) ၏ နေအိမ်မှ သေတ္တာကို ဖောက်၍ ငွေကျပ် ၉ သောင်း လုယက်ခဲ့ပြီး၊ ဦးအီနုစ် (အသက် ၃၅ နှစ်) နှင့် ၎င်း၏ ဇနီး ဒေါ်အာရှာခါတူ (အသက် ၂၅ နှစ်) တို့၏ မျက်နှာများကို လက်သီးဖြင့် လူမဆန်စွာ ထိုးကြိတ်ခဲ့သောကြောင့် ပါးများ ယောင်ယမ်းလျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ဦးဖော်ယာစ် (ဘ) ဦးတာန်ဒါမျာ (အသက် ၅၀ နှစ်) ထံမှလည်း ကြက် ၉ ကောင် လုယက်ယူဆောင်သွားခဲ့သည်။ 

ရွာအတွင်းရှိ ရွာသူရွာသားများမှာ လမ်းပေါ်သို့ပင် ထွက်နိုင်ခြင်း မရှိဘဲ ရွာထဲတွင်ပင် ပိတ်မိနေကြောင်း ရွာသားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်၍ ပြောပါသည်။ ဥပုသ်လ အတွင်းတွင် ဥပုသ်စောင့်ရန်နှင့် ၀တ်ပြုရန် အတွက် အဟန့်အတား ဖြစ်နေကြောင်း၊ စစ်သားများ၏ လုပ်ရပ်များကို သုံးသပ်ရလျှင် မိုးရာသီတွင် နေအိမ်များ၌ မနေနိုင်လျှင် တဖက်နိုင်ငံသို့ ထွက်ပြေးသွားမည်ဟု ယူဆပြီး တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ရွာသားများက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus