မြို့ထဲ၌ ဆိုင်ရောင်း၍ ပြန်လာသူကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးသည်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးက လှည့်ကင်းဆောင်ရွက်စဉ် ဖမ်းဆီးသည်ဟု လိမ်ညာ သတင်းထုတ်ပြန်
MYARF
RB News
19.8.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ညောင်ချောင်းရွာသား တစ်ဦးသည် မြို့ထဲတွင်ဆိုင်ရောင်းပြီး ညနေအိမ်ပြန်စဉ် ပန်းတောပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း သတင်းရရှိပါသည်။
ဩဂုတ်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်၌ မြို့ထဲတွင် ဆိုင်ရောင်းပြီး အိမ်ပြန်လာသူ ညောင်ချောင်းကျေးရွာသား ဦးမိုဟာမတ် အေမေရာန် (ဘ) ဦးဖော်ဇော်လ်အမတ် (အသက် ၃၀ နှစ်) ကို ပန်းတောပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများက အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ၎င်းကို ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ မျက်မြင် သက်သေတစ်ဦးက --
“အတူတူ ဆိုင်ကပြန်လာတာ။ မကျည်းချောင်းစခန်းက ရဲမှူးလည်း စခန်းထဲရှိတယ်။ သူ့ကို ခဏ ဆိုပြီး ခေါ်တယ်။ နောက်တော့ အိမ်ပြန်ခွင့်မပြုဘဲ ဖမ်းလိုက်တယ်” ဟု ပြောပါသည်။
ဖမ်းဆီးခံရသူသည် မောင်တောမြို့ပေါ်တွင် စက်ဘီးနှင့်အပိုပစ္စည်း ရောင်းဝယ်နေသည့် လူငယ်တစ်ဦးဖြစ်ပြီး အကျင့်စာရိတ္တ အလွန်ကောင်းမွန်သည်ဟု ၎င်းနှင့် ရင်းနှီးသူများက ဆိုသည်။
ညနေ ၉ နာရီခွဲခန့် အချိန်တွင် ၎င်းကို မကျည်းချောင်းစခန်းသို့ ခေါ်ဆောင်သွားပြီး သြဂုတ်လ (၁၈) ရက်နေ့တွင် မောင်တောတရားရုံးသို့ ခေါ်ဆောင်လာပြီး ရမန် ရယူခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
၎င်းသည် ခန္ဓာကိုယ် သေးငယ်၊ အရပ်ပု၍ အားအင်ချည်နဲ့သူတစ်ဦး ဖြစ်ပါသည်။ အမေအိုတစ်ဦး၏ တစ်ဦးတည်းသော သားဖြစ်သည့် ဦးမိုဟာမတ်အေမာရာန်သည် အလွန်ပင် အေးအေးချမ်းချမ်း နေထိုင်သူတစ်ဦးဖြစ်သည်ဟု ၎င်းနှင့်ရင်းနှီးသူများက ပြောပါသည်။
၎င်းကို မတရားသဖြင့် အကြောင်းမဲ့ ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက “လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် လှည့်ကင်းဆောင် ရွက်စဉ် မသင်္ကာတရားခံ ဖမ်းဆီးရမိသည်” ဟု သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုန်ပြန်ချက်နှင့် ပတ်သက်၍ မောင်တောခရိုင်၏ လူ့အခွင့်အရေးကို စောင့်ကြည့်လေ့လာနေသည့် အဖွဲ့မှ ကိုထွန်းနိုင်ကို မေးမြန်းခဲ့ရာ ၎င်းက နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်မှုသည် လိမ်ညာမှုသက်သက်သာ ဖြစ်သည်ဟု ဆိုသည်။
“ဒါက သက်သက် လိမ်ညာနေတာဗျာ။ အောက်က သတင်းပို့တဲ့အတိုင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက မစီစစ်ဘဲ တင်နေကြတာ။ ဒီလူငယ်က မြို့ထဲမှာဆိုင်ရောင်းပြီး ပြန်လာတာဗျ။ အချိန်က ညနေ ၅ နာရီခွဲပါ။ ဒီလူငယ်ရဲ့ ဆိုင်သော့တွဲ၊ လက်ကိုင်ဖုန်းနဲ့၊ သူစီးလာတဲ့ စက်ဘီးက အခုထိ ပန်းတောပြင် နယ်ခြားစောင့်စခန်းမှာ ရှိနေတယ်။ အဲ့ဒါတွေသွားယူဖို့ မိသားစုဝင်တွေကို ခေါ်နေတာ သူ့အမေက မသွားချင်ဘူး။ လှည့်ကင်းလှည့်နေတဲ့အချိန် ဖမ်းတယ်ဆိုရင် သူ့မှာ ဆိုင်သော့တွဲပါလာစရာလား” ဟု ကိုထွန်းနိုင်က ပြောပါသည်။
အားအင်ချည်နဲ့သည့် ဦးမိုဟာမတ်အေမေရာန်ကို နယ်ခြားစောင့်ရဲများက ၎င်းတို့၏ ထုံးထမ်းဓလေ့အတိုင်း ညှဉ်းပန်း နှိပ်စက်မည်ကို ဒေသခံများက အထူးစိုးရိမ်နေကြသည်။
ဤကဲ့သို့ အပြစ်မဲ့သူတစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးပြီး မသင်္ကာမှုတပ်၍ အရေးယူနေသည့် အာဏာပိုင်များ၏ လုပ်ရပ်များ ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း၊ အပြစ်မဲ့တစ်ဦးဖြစ်သည့် ဦးမိုဟာမတ်အေမာရာန်ကို အမြန်ဆုံး လွှတ်ပေးရန် ဒေသခံများ အားလုံး၏ ကိုယ်စား ပြည်ထောင်စုအစိုးရထံ တောင်းဆိုပါသည်ဟု ကိုထွန်းနိုင်က ပြောပါသည်။