သင်သာ ရိုဟင်ဂျာတစ်ယောက် ဖြစ်မယ်ဆိုရင်
ဦးမန်း
RB News
26.8.2017
သင်သာ ရိုဟင်ဂျာတစ်ယောက်ဖြစ်မယ်ဆိုရင်
မြန်မာနိုင်ငံအတွင်း နေထိုင်မည်ဆိုပါက ရင်ဆိုင်ရမည့် အချက် (၇) ချက်
(၁) နံပါတ် တစ်အနေနဲ့ အသေချာဆုံးက သင် ရိုဟင်ဂျာ ဖြစ်ကြောင်းကို ယောင်လို့တောင် အခြားလူမျိုး တစ်ဦးဦးကို သွားမပြောမိစေနှင့်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းမှာ ကြေညာမိပါက သင့်ရဲ့ လုံခြုံမှု အခြေအနေကို မည်သူမှ အာမမခံနိုင်ပါ။
(၂) သင်သာ ရိုဟင်ဂျာတစ်ယောက် ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ မွေးရာပါ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးပြီ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ခံရမှု၊ စာသင်ကြားနိုင်မှုတို့အပြင် ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးမျိုးကိုပါ သင် ရရှိဖို့ ခက်ခဲမှာပါ။
(၃) မြန်မာစစ်တပ်ကို သေလောက်အောင်မုန်းတီးတဲ့ မြန်မာနိုင်ငံသားတွေဟာ ရိုဟင်ဂျာမုန်းတီးရေးမှာတော့ အားလုံး စစ်တပ်နဲ့ တစ်သားတည်း ဖြစ်နေပါတယ်။ သမိုင်းကြောင်းအစဉ်အလာအရ ရိုဟင်ဂျာတွေဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ခဲ့တယ်ဆိုပေမယ့် ရိုဟင်ဂျာတစ်ယောက်အနေနဲ့ စစ်မှုထမ်းဖို့ဆိုတာ မြောက်ကိုးရီးယားမှာ ဒီမိုကရေစီရတော့မယ်ဆိုတဲ့ သတင်းလို မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါပဲ။
(၄) သင် ရိုဟင်ဂျာတစ်ယောက် ဖြစ်မယ်ဆိုရင် နိုင်ငံခြားကို အလွယ်တကူ ထွက်သွားလို့ ရနိုင်ပါမလား။ နိုင်ငံခြား ခရီးစဉ်သွားဖို့နေနေသာသာ ပြည်တွင်း ခရီးစဉ်မျာမှာပင် သွားဖို့ မလွယ်ကူပါ။ စစ်ဆေးရေးအထပ်ထပ်၏ မေးမြန်း စုံစမ်းခြင်းနဲ့အတူ အခန့်မသင့်ရင် သင့်လေယာဉ်၊ ဘက်စ်ကား အချိန်ဇယားမှ သွေဖီပြီး နောက် တစ်ခေါက် လက်မှတ် ထပ်ဝယ်ရပါလိမ့်မည်။
(၅) ရိုဟင်ဂျာများဟာ အစ္စလာမ်ဘာသာကိုးကွယ်သည့် မွတ်စ်လင်များ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ အားကောင်းမှုနှင့် အစိုးရ၏ လျစ်လျူရှုမှုတို့ကြောင့် ဘာသာရေးလွတ်လပ်ခွင့် ပျောက်ဆုံးနေပါတယ်။ ရိုဟင်ဂျာတစ်ယောက်အနေနဲ့ ဘာသာရေးဝတ်ပြုခွင့်နဲ့ ဘာသာရေး အထိမ်းအမှတ် ပွဲလမ်းသဘင်တွေ ဆင်နွှဲခွင့် ရရှိရေးဟာ ဒေါ်လာတစ်သန်းတန် ထီပေါက်သလို ကြီးမားတဲ့ အိပ်မက်ကြီး တစ်ခုပါပဲ။
(၆) ရိုဟင်ဂျာ လို့ မိမိကိုယ်မိမိကြေညာလိုက်ပါက သင်ရဲ့ နိုင်ငံသား ကဒ်ပြား ရရှိဖို့ အိပ်မက်ဟာ မဖြစ်နိုင်တော့ပါဘူး။ သင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်သူဟု လဝက မှ အတည်ပြုလိုက်ပြီး ဘဝတစ်လျှောက်လုံး နိုင်ငံမဲ့ အနေနဲ့ နေထိုင်သွားရမှာပါ။
(၇) အဆိုးတကာ့ အဆိုးထဲက အဆိုးဆုံးလို့ ပြောခံရနိုင်တဲ့အချက်က သင်သာ ရိုဟင်ဂျာဆိုရင် အချိန်မရွေး အကြမ်းဖက်သမားဟု အစိုးရက သံသယရှိနိုင်ပါတယ်။ မြက်ခုတ်ရန် ဓားရှည် ကိုင်ဆောင်သွားခြင်းပဲ ဖြစ်ဖြစ် ငှက်ပစ်ရန် လေးဂွ ကိုင်ဆောင်ထားခြင်းပဲ ဖြစ်ဖြစ် အကြမ်းဖက် သမားတစ်ယောက် အဖြစ် အစိုးရက အချိန်မရွေး သတ်မှတ်လို့ ရပါတယ်။ ဥပမာ အနေနဲ့ အစိုးရရဲ့ အင်္ဂလိပ်လို ရေးသားထားတဲ့ ဖေ့ဘုတ်စ်ပေ့ခ်ျတွေမှာ လေ့လာနိုင်ပါတယ်။