ရိုဟင်ဂျာအိမ်တွေကို မြန်မာအစိုးရ ကိုယ်တိုင်က မီးရှို့နေကြောင်း သက်သေထွက်လာ
ယျာတင်
RB News
11.9.2017
သြဂုတ်လ ၂၅ ရက်နေ့ ညသန်းခေါင်ကျော်အချိန်၊ ရခိုင်မြောက်ပိုင်းမှာ နယ်ခြားစောင့်ရဲ ကင်းစခန်းအချို့နဲ့ ARSA လို့ခေါ်တဲ့ တုတ်၊ ဓား၊ လေးဂွ၊ ဂျင်းဂလိလို အဆင့်နိမ့်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အဖွဲ့တို့ကြားမှာ အပြန်အလှန် တိုက်ပွဲငယ် ဖြစ်ခဲ့ပါတယ်။ ခုခံတိုက်ပွဲလို့ ပြောထားတဲ့ အဲဒီညက တိုက်ပွဲမှာ သူတို့ ပါဝင်ခုခံတိုက်ပွဲဝင်ခဲ့တယ်ဆိုပြီး ARSA က ထုတ်ဖော်ပြောထားပြီး တာဝန်ခံထားပါတယ်။
ဒါပေမယ့် နောက်တစ်နေ့ မနက်က စပြီး မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့တွေက ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး လက်နက်မဲ့ အရပ်သားရိုဟင်ဂျာတွေကို သေနတ်ပစ် သတ်ဖြတ်ခြင်း၊ သူတို့ရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းတွေ အဆက်မပြတ် ပြုလုပ်လာခဲ့ပါတော့တယ်။ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အပြစ်မဲ့ အရပ်သား ရိုဟင်ဂျာ ထောင်ပေါင်းများစွာဟာ မြန်မာအစိုးရလက်နက်ကိုင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ရိုဟင်ဂျာတွေရဲ့အိမ်တွေ သောင်းဂဏန်းမက မီးရှို့ခံခဲ့ရပါတယ်။ မောင်တောင် တောင်ပိုင်းမှာ စုစုပေါင်း ကျေးရွာပေါင်း ၂၃ ရွာ ရှိတဲ့အထဲ သဝန်ချောင်း၊ အင်းဒင်၊ သင်္ဘောကွေ့၊ ကျောက်ပန္ဒူ၊ မြင်းလွတ်၊ သပြေတော၊ ဂေါ်ရခါလီ၊ ဥဒေါင်း၊ ကံပူး၊ အလယ်သံကျော်၊ ချိန်ခါလီ၊ ဝါချ နဲ့ သံဒါ စုစုပေါင်းကျေးရွာပေါင်း (၁၃) ရွာဟာ လုံးဝ ရွာလုံးကျွတ် မီးရှို့ခံခဲ့ရပြီး ပြာကျသွားခဲ့သလို ကျန်ကျေးရွာ ၈ ရွာမှာတော့ တစ်ချို့တစ်ဝက် မီးရှို့ခံခဲ့ရပါတယ်။ မောင်တောမြောက်ပိုင်း၊ ဘူးသီးတောင် မြောက်ပိုင်းမှာလည်း အလားတူပါပဲ။ အိုးအိမ်တွေ အများအားဖြင့် မီးရှို့ခံလိုက်ရပြီ ဖြစ်ပါတယ်။
ဒီလိုမျိုး ရိုဟင်ဂျာတွေနေတဲ့ ကျေးရွာတွေက အိမ်တွေ အစုလိုက်အပြုံလိုက် မီးရှို့ခံခဲ့ရတဲ့ ကိစ္စဟာ နိုင်ငံတကာ အလယ်မှာ အရမ်းဟော့တဲ့အစ်ရှုးတစ်ခုဖြစ်လာပါတယ်။ ဒေသခံရိုဟင်ဂျာတွေက သူတို့်အိမ်တွေကို မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံရခိုင်တွေ လာရောက်မီးရှို့တယ်လို့ အခိုင်အမာ ထွက်ဆိုပြောကြပြီး မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကို မီးရှို့တယ်လို့ ပြန်စွပ်စွဲတယ်။ ခေတ်အဆက်ဆက်က မြန်မာလက်နက်ကိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းဆိုးတွေကို သိထားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အစိုးရရဲ့စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောထားပါတယ်။ တကယ်လည်း မြန်မာအစိုးရက ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှို့နေတယ်ဆိုပြီး စွပ်စွဲတာကို အခိုင်အမာ သက်သေအဖြစ် ယခုထိ မပြနိုင်ခဲ့ပါဘူး။
ဒီတော့ အစိုးရလက်နက်ကိုင်တွေက အပြစ်မဲ့ အရပ်သားတွေရဲ့ အိမ်တွေကို တမင်ရည်ရွယ်ချက်ရှိရှိ မီးရှို့နေတာကို တိတိကျကျ ဖော်ထုတ်ပြီး အရေးယူပေးဖို့ မြန်မာအစိုးရကို နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဖိအားပေးလာပါတော့တယ်။ ဒါကြောင့် မြန်မာအစိုးရက သူတို့အပေါ် ကျရောက်လာတဲ့ ဖိအားကိုလျော့ချနိုင်ဖို့ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုပြီး သက်သေပြစရာအဖြစ် ရိုဟင်ဂျာနဲ့ ရုပ်ချင်း ဆင်တူယိုးမှားတဲ့ ဒေသခံဟိန္ဒူလူမျိုးတွေကို အသုံးချလာပါတော့တယ်။
စက်တင်ဘာလ (၆) ရက်နေ့မှာ မောင်တောမြို့ အမှတ် ၄ ရပ်ကွက်က ရိုဟင်ဂျာတွေဟာ သူတို့အိမ်သူတို့မီးရှို့နေပြီ ဆိုတဲ့ ဓာတ်ပုံအချို့နဲ့ Eleven မီဒီယာက သတင်းတစ်ပုဒ် ရေးသားလာပါတယ်။ သတင်းမှာ source အဖြစ် အမှတ် ၄ ရပ်ကွက် ဘုန်းကြီးကျောင်းရဲ့ ဆရာတော်တစ်ပါးကို ကိုးကားထားပြီး အဆိုပါ ဆရာတော်က ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှိုးနေတာကို ဓာတ်ပုံရိုက်ထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းထဲက ဓာတ်ပုံတွေဟာ သတင်းတက်မလာခင်ကပင် Social မီဒီယာပေါ် ပြန့်နေခဲ့ပါသေးတယ်။ အထူးသဖြင့် သတင်းမှားတွေနဲ့ ဝါဒဖြန့်တဲ့ Facebook အကောင့်တစ်ချို့မှာ တင်ကြပြီး ဟိုလေးတကျော် ဖြစ်သွားခဲ့ပါတယ်။
ဓာတ်ပုံတွေထဲက လူတွေ ဘယ်သူတွေလဲ
ဒီဓာတ်ပုံထဲ ပါနေသူတွေရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရင် ရိုဟင်ဂျာတွေမဟုတ်ကြောင်း သိသာပါတယ်။ ရိုဟင်ဂျာ အမျိုးသားအဖြစ် သရုပ်ဆောင်ထားသူတွေဟာ အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုချိန် ဆောင်းတတ်တဲ့ ဦးထုပ်အဖြူ အသစ်ချွတ်ချွတ်ကို အိမ်မီးရှို့နေချိန်မှာ ဆင်တူဆောင်းထားပြီး ရိုဟင်ဂျာ အမျိုးသမီးများအဖြစ် သရုပ်ဆောင်ထားသူတွေက စားပွဲခင်းအဖြူတွေကို ပုဝါအဖြစ် ခြုံထားတာ တွေ့ရပါတယ်။ ဒီ့အပြင် ဓာတ်ပုံတွေကို မျက်နှာမမြင်ရအောင် ရိုက်ထားပါတယ်။ လုပ်ကြံဓာတ်ပုံတွေဆိုတာ သိသာပါတယ်။
ဒီဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး Facebook User တစ်ဦးဖြစ်သူ Arif Kasim က အိမ်မီးရှို့နေသူတွေဟာ ရိုဟင်ဂျာမဟုတ်ကြောင်း သေချာရှင်းပြပြီး ငြင်းချက်ထုတ်ပါတယ်။ သူ့ ရှင်းပြထားပုံမှာ__
"၁။ ဟိန္ဒူ အမျိုးသားများ လက်ကောက်ဝတ်မှာ ၀တ်လေ့ဝတ်ထားရှိတဲ့ အနီရောင် ကြိုးကို သေချာ မြင်အောင် ကြည့်ရန် -
၂။ ရိုဟင်ဂျာ အမျိုးသား လက်ကောက်ဝတ်နှင့် ဟိန္ဒူ အမျိုးသား လက်ကောက်ဝတ်ကို ခွဲခြား မြင်နိုင်အောင် လက်ကောက်ဝတ်ပုံ ကို တွဲပေးလိုက်ပါတယ်။
၃။ ရိုဟင်ဂျာ အမျိုးသမီး ခေါင်းမြီးခြုံပုဝါကို ဘယ်အသက်အရွယ်အတွက်ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကို ရိုဟင်ဂျာ လူမျိုးကလွဲလို့ တခြား ဘယ်သူကမှ မခွဲခြား မသိရှိနိုင်ပါ။ ပြီးတော့ ရိုဟင်ဂျာ အမျိုးသမီးများက ဘယ်တော့မှ ခေါင်းမြီးခြုံပုဝါကို လေးထောင့်(ရဟတ်ယာဉ်ပုံစံ) မခြုံပါ။ အထူးသဖြင့် ကုလားထိုင်သုံး ပလတ်စတစ် အခင်းကိုတော့ လုံးဝ (လုံးဝ) မခြုံပါ။
၎။ ရိုဟင်ဂျာ အများသမီးများ အသက်အရွယ်အလိုက် သုံးကြတဲ့ ခေါင်းမြီးခြုံပုဝါ အရောင်နဲ့ ခြုံထားပုံကို တွဲတင်ထားပါတယ်။" ဆိုပြီးဖြစ်တယ်။
အမှတ် (၄) ရပ်ကွက်နေ ရိုဟင်ဂျာလူငယ်တစ်ဦးကလည်း ဓာတ်ပုံထဲပါနေသူ တစ်ချို့ကို သူသိကြောင်း၊ သူ့ရွာက ဟိန္ဒူလူမျိုးတွေဖြစ်ကြောင်း ဆိုပြီး ဓာတ်ပုံထဲက နှစ်ဦးကို နာမည်နဲ့တကွ သက်သေခံလာတာလည်း ရှိပါတယ်။

အားလုံးကို ခြုံပြီး သုံးသပ်ကြည့်တဲ့အခါ အဲ့ဒီဓာတ်ပုံတွေဟာ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုပြီး အခြေအမြစ်မရှိ စွပ်စွဲတဲ့ မြန်မာအစိုးရအတွက် အသက်ကယ် ဆေးတစ်လက် မဖြစ်ခဲ့ပါဘူး။
နိုင်ငံတော်သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်ကလည်း အဲ့ဒီ ဟိန္ဒူပုံတွေကို သူ့ Twitter မှာ Rakhine True Story ... Believe it or not ဆိုပြီး တင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ tweet ကို နောက်ပိုင်းမှာ ပြန်ဖြုတ်လိုက်ခဲ့ပါတယ်။
တကယ်လို့ သူပြောခဲ့သလိုသာ မှန်ခဲ့ရင် သူ့ Tweet ကို ဖြုတ်ချစရာ အကြောင်းမရှိဘူးလို့ ဥရောပအခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က မှတ်ချက်ပြုပါတယ်။
ဒီနေ့ (စက်တင်ဘာလ ၇ ရက်) မှာတော့ ဦးဇော်ဌေးက သူ Tweet ခဲ့တဲ့ True Story နဲ့ပတ်သက်ပြီး Fake News ဖြန့်ဝေသူကို အရေးယူမယ်လို့ Facebook ပေါ် ရေးတင်လာတာကို တွေ့ရှိပြန်တယ်။ တကယ်တော့ အဲ့ဒီ Fake News ဖြန့်ဝေသူထဲမှာ ဦးဇော်ဌေးက ထိပ်ဆုံးမှာ ပါဝင်နေတယ်။
https://m.facebook.com/story.php?story_fbid=1435837479846669&id=100002612916066
စက်တာဘာလ ၇ ရက်နေ့မှာတော့ အိမ်မီးရှို့နေတဲ့ ဓာတ်ပုံထဲ ပါနေသူ တစ်ဦးဟာ ဟိန္ဒူလူမျိုးတစ်ဦးဖြစ်ကြောင်း ခိုင်မာတဲ့ သက်သေခံဓာတ်ပုံ တစ်ပုံထွက်လာပါတော့တယ်။ အပြာရောင် အစင်းကွက် အင်္ကျီဝတ်ဆင်ထားသူဟာ တစ်ခြားဟိန္ဒူတွေနဲ့ အတူရိုက်တဲ့ Mizzima News လိုဂိုနဲ့ ဓာတ်ပုံတစ်ပုံမှာ ထင်ထင်ရှားရှား ပါနေကြောင်း တွေ့ရှိရပါတယ်။ ဒါတွေဟာ မြန်မာအစိုးရရဲ့ လိမ်ဇတ်ခင်းတဲ့ ဇတ်လမ်းသာဖြစ်ပါတယ်။ ဒီလို လိမ်ဇတ်ကို ဦးဆောင် ဝါဒဖြန့်နေသူကးဟာ နိုင်ငံတော်သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ဖြစ်နေတာကတော့ နိုင်ငံတကာအလယ်မှာ နိုင်ငံ့ဂုဏ်သိက္ခာကို ရုပ်ဆိုးအကျည်းတန်စေတာတော့ အမှန်ပါပဲ။

လိမ်ညာမှုတစ်ခုကို ဖုံးဖိနိုင်ဖို့ မြန်မာအစိုးရက နောက်ထပ်လိမ်ညာမှုတွေကို ထွင်လုပ်လာခဲ့ပါတော့တယ်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၆) နယ်မြေ၊ နယ်ခြားစောင့် တပ်ရင်းမှူးက ပေါင်းဇားကျေးရွာ နှင့် လဘော်ဇား ကျေးရွာသားများကို အစည်းအဝေးခေါ်ပြီး ညနေ (၄) နာရီအတွင်း ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ဓာတ်ပုံရိုက်ပေးရန် သို့မဟုတ် ကျေးရွာသား ဆယ်ဦး ဖမ်းပေးရမယ်လို့ အမိန့်ပေးလိုက်တယ်။ တကယ်လို့ ပေးတဲ့ အမိန့်အတိုင်း မလုပ်ပေးရင် အာဏာပိုင်များကိုယ်တိုင်လာပြီး ရွာလုံးကျွတ် မီးရှို့ပစ်မယ်၊ တွေ့သမျှလူကို သေနတ်ပစ်မယ်ဆိုပြီးလည်း ခြိမ်းခြောက်တာ သိရတယ်။
မီးရှို့မှု အကြောင်း မီဒီယာ သက်သေ
တစ်ဖက်မှာ ပြည်တွင်းနဲ့ ပြည်ပ မီဒီယာအချို့ဟာ အစိုးရရဲ့တင်းကျပ်တဲ့ စီစဉ်ပေးမှုအောက်မှာ ဒီနေ့ မောင်တောမြို့ကို ရောက်လာပြီး သတင်းယူခဲ့ပါတယ်။ ဒီသတင်းအဖွဲ့ဟာ မနက်ပိုင်းမှာ မောင်တော တောင်ပိုင်းကို သွားရောက်သတင်းယူခဲ့ရာ ဂေါ်ဒူသာရကျေးရွာကို ရောက်သွားတဲ့အချိန် အဲ့ဒီရွာ မီးလောင်နေတာ တွေ့ရပြီး ကွင်းဆင်းသတင်းရယူခဲ့ပါတယ်။ အဲ့လို ကွင်းဆင်းသတင်းရယူတဲ့အခါ ရခိုင်အမျိုးသားတွေက ရိုဟင်ဂျာအိမ်တွေကို မီးရှို့သွားနေတာကို သူကိုင်တိုင်မြင်တွေ့ခဲ့ရတယ်လို့ BBC အကြီးတန်း သတင်းထောက် ဂျိုနသန်ဟတ်က Twitter ပေါ်ရေးတင်ပါတယ်။ (https://twitter.com/pakhead/status/905702293676351490)
AP သတင်းတစ်ပုဒ်မှာလည်း "လူသူကင်းမဲ့တဲ့ ရွာမီးလောင်မှု မေးခွန်းထုတ်စရာဖြစ်လာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ရေးလာတယ်။ အဲ့ဒီသတင်းထောက်အဖွဲ့ ရောက်ရှိသွားချိန်မှာ မီးခိုးကြားက ထွက်လာတဲ့ ရခိုင်တစ်ဦးကို တွေ့ရှိရပြီး ၎င်းကို မီးလောင်မှုအကြောင်း မေးကြည့်ရာ ရဲများနဲ့ ရခိုင်တွေက ရှို့တယ်လို့ ပြောပြီး ပြေးထွက်သွားတယ်လို့ AP သတင်းမှာရေးသားပါတယ်။ ဓားရှည်ကိုင်ဆောင်ထားတဲ့ ရခိုင်တစ်ချို့ကိုလည်း တွေ့ရှိခဲ့တယ်လို့လည်းပါရှိပါတယ်။
အားလုံးကို ခြုံငုံပြီး သုံးသပ်ကြည့်တဲ့အခါ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှိုးတယ်လို့ မြန်မာအစိုးရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ ရိုဟင်ဂျာတွေ ထွက်ဆိုတဲ့အတိုင်း မြန်မာအစိုးရနဲ့ ရခိုင်တွေကပဲ ရှို့နေကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။
ဒီလိုထင်ရှားနေတဲ့ ဖြစ်ရပ်မျိုးကို ဒုက္ခသည်ဘဝတွန့်ပို့ခံနေရသူ ရိုဟင်ဂျာတွေအပေါ် ပြန်လည်စွပ်စွဲနေတဲ့ပုံစံနဲ့ အစိုးရကိုယ်တိုင်က အမှန်ကိုဖုံးကွယ်ပြီး ဝါဒဖြန့်နေတာကတော့ နေ့စဉ်နဲ့အမျှ တွေ့ရှိနေရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီလို အမှားတရားဝါဒဖြန့် သတင်းတွေကို အမြဲရေးသား ဖြန့်ဝေလေ့ရှိပြီး နိုင်ငံတကာ အသိုင်ူအဝိုင်းကတော့ မြန်မာအစိုးရရဲ့ ဝါဒဖြန့်မှုကို လုံးဝမယုံကြည်ကြပါဘူး။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်နေတာနဲ့ ပတ်သက်ပြီး တူရကီသမ္မတအာဂန်ဒိုက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ လွန်ခဲ့တဲ့ သုံးရက်က ဖုန်းဆက်ဆွေးနွေးခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို လူတွေပြောသလို မနှိပ်စက်ကြောင်း၊ ထွက်လာတဲ့သတင်းတွေဟာ လုပ်ကြံဓာတ်ပုံတွေနဲ့ ဝါဒဖြန့်နေတာသာ ဖြစ်ကြောင်း ဆိုပြီး ငြင်းချက်ထုတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွှတ်မြောက်ဖို့ အင်တိုက်အားတိုက် လှုပ်ရှားခဲ့ဖူးသူ Burmar Campaign UK ရဲ့ ဒါရိုက်တာဖြစ်သူ Mark Farmaner က ရခိုင်အရေးမှာ သတင်းအမှားတွေလွှင့်တဲ့ အကြီးဆုံးဌာနဟာ မြန်မာအစိုးရပဲ ဖြစ်နေတာ သူတွေ့ရှိရတယ်လို့ Twitter ပေါ် ရေးလိုက်ပါတယ်။ (https://twitter.com/MarkFarmaner/status/905756456343003136)
ယနေ့အချိန်အထိ မြန်မာအစိုးရက ရိုဟင်ဂျာရွာပေါင်း ၄၀ နီးပါးကို မီးရှို့လိုက်ပြီး ရိုဟင်ဂျာ ၃ သိန်းခန့် အိုးမဲ့အိမ်မဲ့ ဘဝဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ သွားရောက်ခိုလှုံနေရပါတယ်။