နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါက်တော ဆင်တက်မော်မှ ရိုဟင်ဂျာတစ်ဦးကို NVC လက်မခံရန် လှုံ့ဆော်နေသည်ဟု စွပ်စွဲ၍ ရဲများက ရိုက်နှက်



RB News
19.11.2017

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆင်တက်မော်မှ ဒေသခံရိုဟင်ဂျာတစ်ဦးကို NVC လက်မခံရန် လှုံ့ဆော်နေသည်ဟု စွပ်စွဲ၍ ရဲများက ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် ဆင်တက်မော်မှ ဦးနော်မိယောဒီးန် ကို NVC လက်မခံရန် လှုံ့ဆော်နေသည်ဟု စွပ်စွဲ၍ ရဲများက ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

“ကျွန်တော်တို့ဆီမှာ လ.၀.က နဲ့ အာဏာပိုင်တွေက NVC ယူဖို့ ဖိအားပေးနေတာတွေ ရှိတယ်။ ဘယ်သူ့မှ မယူကြဘူး။ အဲဒီတော့ ဒီနေ့ မနက်ပိုင်းမှာ ဦးနော်မိယောဒီးန်ကို ရဲတွေက ဖမ်းသွားပြီး ရက်ရက်စက်စက် ရိုက်နှက်ခဲ့တယ်။ နောက်ထပ် ၁၀ ယောက်ကို ထပ်ဖမ်းပြီး ရိုက်မယ်လို့လည်း ခြိမ်းခြောက်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဆက်တက်မော်မှ ဒေသခံများသည် ငါးဖမ်းလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြပြီး ၎င်းတို့အား NVC မယူသည်ကို အကြောင်းပြ၍ ငါးဖမ်းခွင့် ပိတ်ပင်ထားသည်မှာ (၃) လကျော် ရှိနေပြီ ဖြစ်သည်။

အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရဲတပ်ရင်း (၁၂) မှ တပ်ရင်းမှူး ရဲမှူးစိုးမြင့်အောင်က ငွေကျပ် (၂၈) သိန်းပေးလျှင် ငါးဖမ်းခွင့် ပေးမည်ဟု ပြောကြားခဲ့သော်လည်း ပုံမှန်ငါးဖမ်းခွင့်ရရန် အာမခံချက် မရှိသည်က တစ်ကြောင်း ငါးဖမ်းသမားများ အားလုံး စုပေါင်း၍ ငွေကျပ် (၂၈) သိန်း ပေးရန် မတတ်နိုင်သည်က တစ်ကြောင်း ငါးဖမ်းခွင့် ပြန်လည် မရရှိခဲ့ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ငါးဖမ်းသမားများထံတွင် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ် အုပ်ချုပ်ရေးတို့မှ ထုတ်ပေးထားသည့် စာရွက်စာတမ်း အပြည့်အစုံ ရှိသော်လည်း NVC လက်မခံသည်ကို အကြောင်းပြ၍ ငါးဖမ်းခွင့်နှင့် အခြား လုပ်ကိုင်စားသောက်ခွင့် အားလုံးကို အာဏာပိုင်များက ပိတ်ပင်၍ NVC ယူရန် ဖိအားပေးလျက်ရှိသည်။


Comment ရေးရန်

Rohingya Exodus