နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့မတောင်မှ ဒေသခံတစ်ဦးနှင့် အလယ်သံကျော် ကညင်တန်း အုပ်ချုပ်ရေးမှူးဟောင်း တို့ကို စ.ရ.ဖ နှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးထား

Rohingya Eye
RB News
17.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက် ဖေဇီရွာမှ အပြစ်မဲ့ ဒေသခံတစ်ဦးနှင့် အလယ်သံကျော် ကညင်တန်းမှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးတို့ကို စ.ရ.ဖ နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် ဖေဇီရွာမှ မော်လ၀ီအချော်ဒ်ဒူ (ဘ) ဦးဟော်လိလ် (အသက် ၅၅ နှစ်) ၏ နေအိမ်သို့ ဒီဇင်ဘာလ (၈) ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် စ.ရ.ဖ နှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ အချို့ ရောက်ရှိလာပြီး နေအိမ်အတွင်း ၀င်ရောက်ရှာဖွေခြင်း၊ အိမ်ခြံဝင်း အတွင်း မြေတူးပြီး ရှာဖွေ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ ရှာဖွေစဉ် တရားဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း မော်လ၀ီအချော်ဒ်ဒူနှင့် ၎င်း၏ နေအိမ်သို့ အလည်ရောက်ရှိနေသူ အလယ်သံကျော် ကညင်တန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဆီရာဇ် (အသက် ၃၇ နှစ်) တို့နှစ်ဦးကို စ.ရ.ဖ များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့ကို မည်သည့် အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကို မိသားစုဝင်များက မသိရှိကြောင်း၊ မိသားစုများက တွေ့ဆုံခွင့်လည်း မရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

၎င်းတို့ကို မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး လူသတ်မှုဖြင့် ရမာန်ယူထားကြောင်း စုံစမ်းသိရှိရသည်။ 

၎င်းတို့ နှစ်ဦးလုံး နေထိုင်သည့် ရွာများတွင် လူသတ်မှု ဖြစ်စဉ် မရှိခဲ့ဘဲ ၎င်းတို့အား လူသတ်မှုဖြင့် ရမာန်ယူထားခြင်းမှာ လုပ်ကြံ၍ ထောင်ချရန် သက်သက် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

“မော်လ၀ီအာချော်ဒ်က ရွာမှ အေးအေးဆေးဆေး ဥပဒေဘောင်အတွင်း နေတဲ့ လူတစ်ယောက်ပါ။ ဘာမှ မပြောဘဲ ဖမ်းဆီးသွားပြီး လူသတ်မှုနဲ့ ရမာန်ယူထားတယ် ကြားတော့ သူ့အတွက် အရမ်းကို စိုးရိမ်နေတယ်။ အစိုးရ လူကြီးတွေ ကျွန်တော်တို့ ဒေသကို လာရင် ကျွန်တော်တို့ကို ဥပဒေနဲ့ ကာကွယ်ပေးမယ်လို့ ပြောတယ်။ အခုတော့ ဥပဒေမဲ့ ဖမ်းဆီးနေတာတွေ အရမ်းများနေတော့ အစိုးရ လူကြီးတွေ ပြောတာနဲ့ တကယ် ဖြစ်နေတာက တလွဲတွေလို့ ပြောရပါမယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။



Comment ရေးရန်

Rohingya Exodus