မောင်တော လူကုန်ကူးမှု တားဆီးရေး အဖွဲ့က အစိုးရ၏ တရားဝင် လိုင်စင်ရ ဓါးပြအဖွဲ့ သဖွယ် အပြစ်မဲ့ ဒေသခံများထံမှ နေ့စဉ် ရက်ဆက် ငွေညှစ်လျက်ရှိ
MYARF
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ဒေသခံများကို လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး နေ့စဉ်ရက်ဆက် ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များဖြစ်ကြသည့် စခန်းမှူး ဦးစံမင်းနှင့် ရဲအရာရှိ ဦးစံဝင်းတို့ဦးဆောင်သော အဖွဲ့သည် ငွေကြေးတတ်နိုင်သည့် ရိုဟင်ဂျာများကို အဓိက ပစ်မှတ်ထား ဖမ်းဆီးပြီး မဟုတ်မမှန် လုပ်ကြံ အကြောင်းပြချက်များဖြင့် စွပ်စွဲကာ ငွေညှစ်နေခြင်းဖြစ်သည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ဒေသခံများထံမှ မည်သည့်ပုံစံဖြင့် ငွေညှစ်နေသည်ကို မောင်တောခရိုင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့မှ တာဝန်ခံ ဦးမျိုးမြင့်ကို RB News မှ မေးမြန်းရာ --
"သူတို့က လူတွေကို ဖမ်းဆီးပြီး သူတို့ရုံးကိုခေါ်သွားတယ်။ ပြီးရင် ဘာမှမရေးထားတဲ့ စာရွက်ပေါ်မှာ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးပြီးတာနဲ့ အမျိုးမျိုး စွပ်စွဲ ခြိမ်းခြောက် အကျပ်ကိုင်ပြီး ငွေညှစ်နေတာ။ သူတို့တောင်းတဲ့ငွေ မပေးရင် ပုဒ်မတစ်ခုခုနဲ့ တရားစွဲမယ် ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့မှာ WY ဆေးပြားတွေလည်း အသင့်ရှိတယ်။ ငွေမပေးရင် အဲ့ဒီဆေးပြားတွေမိတယ်ဆိုပြီး တရားစွဲမယ် ဘာညာ ခြိမ်းခြောက်ပြီး ငွေညှစ်တာပေါ့ဗျာ။ နေ့တိုင်း အဲ့လိုလုပ်နေကြတာ။" ဟု ဖြေကြားသည်။
နိုဝင်ဘာလနှင့် ဒီဇင်ဘာလ နှစ်လအတွင်းတွင် အနည်းဆုံး ဒေသခံ ၅၀ ဦးကို ထိုကဲ့သို့ ပုံစံမျိုးဖြင့် ဖမ်းဆီးအကျပ်ကိုင်၍ ငွေသိန်းရာချီ ညှစ်ယူခဲ့ကြောင်း၊ လူတစ်ဦးကို ဖမ်းဆီးလျှင် အနည်းဆုံး နှစ်သိန်းနှင့် အထက် ညှစ်ယူကြောင်း၊ ၎င်းတို့ ငွေညှစ်ခဲ့သည်ကို သတင်းဌာနများသို့ သတင်းပို့လျှင် လက်မှတ်ယူထားသည့် ဗလာစာရွက်ပေါ် ၎င်းတို့စိတ်ကြိုက်ရေးသွင်း၍ တရားစွဲမည်ဆိုကာ အဆိုပါ ရဲအဖွဲ့က ခြိမ်းခြောက်ထားသည်ဟုလည်း ဦးမျိုးမြင့်က ဖြည့်စွက် ပြောကြားပါသည်။
"တကယ်တော့ ငွေညှစ်ခံရတဲ့ လူတွေရဲ့ စာရင်းအတိအကျ ကျနော်တို့ ပြုစုထားတယ်။ ဒီငွေညှစ်ခံရတဲ့လူတွေကို ထပ်ပြီး ဒုက္ခပေးမှာစိုးတာကြောင့် လောလောဆယ်တော့ ဒီစာရင်းတွေကို မပို့ပဲထားတာပါ။ ဒါပေမယ့် ဒီရဲအဖွဲ့က အခုလို ဆက်ပြီး သောင်းကျန်းနေရင်တော့ သက်ဆိုင်ရာ အဖွဲ့ဆီ စာရင်းအတိအကျနဲ့ တိုင်မယ်" ဟု ဦးမျိုးမြင့်က ဆက်လက်ပြောပါသည်။
မောင်တောမြို့နယ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လာဘ်ပေးလာဘ်ယူမှုကို စုံစမ်းရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ရောက်ရှိနေသော်လည်း ထိုအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဂရုမစိုက်ဘဲ အပြစ်မဲ့ ရိုဟင်ဂျာများကို နေ့စဉ်ရက်ဆက် ဖမ်းဆီးပြီး ငွေညှစ်မှုများပြုလုပ်နေလျက်ရှိသည့် အဆိုပါ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲအဖွဲ့သည် အစိုးရ၏ တရားဝင် လိုင်စင်ရ ဓားပြအဖွဲ့တစ်ဖွဲ့လား ဟူ၍ မောင်တောမြို့ခံတစ်ဦးက မေးခွန်းထုတ်ပါသည်။
ဤကဲ့သို့ လိုင်စင်ရဓါးပြသဖွယ် သောင်းကျန်းနေသော လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အဖွဲ့ကို သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူဟန့်ထားပေးရန် လိုအပ်ကြောင်း မောင်တောခရိုင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့မှ တာဝန်ခံ ဦးမျိုးမြင့်က တောင်းဆိုပါသည်။
RB News
30.12.2017