အသက် ၁၄ နှစ်အရွယ် ကုရ်အာန်ကျမ်း အာဂုံဆောင်နေသူ ရိုဟင်ဂျာကျောင်းသားတစ်ဦးကို နယ်ခြားစောင့်ရဲများက တစ်လကျော် ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်
MYARF
RB News
19.12.2017
မောင်တော ။ ။ အသက် ၁၄ နှစ် အရွယ်ရှိ ကုရ်အာန်ကျမ်း အာဂုံဆောင်နေသူ ရိုဟင်ဂျာကျောင်းသား တစ်ဦးကို နယ်ခြားစောင့်ရဲများက တစ်လကျော်ကျော် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိပါသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၉ နာရီခန့်အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်းအဖွဲ့သည် ဒုညောင်ပင်ကြီးကျေးရွာအနီးအနား စပါးခင်း၌ ကောက်ရိတ်နေသူများနှင့် ၎င်းကျေးရွာအနီး၌ ရှိသော ပုဇွန်ကန်တွင် ငါးဖမ်းနေသူများကို အင်အားအလုံးအရင်းဖြင့် ဝန်းရံပိတ်ဆို့ကာ ၂၆ ဦး ဖမ်းဆီးခဲ့ပြီး အသက်အရွယ်ကြီးသူ ၇ ဦးကို လွှတ်ပေးခဲ့သော်လည်း ၁၉ ဦးကို ခေါ်ဆောင်သွားခဲ့သည်။ ဤသတင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် RB News ၌ ရေးသား ဖော်ပြခဲ့သည်။ (http://bit.ly/2yXyPez)
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ၁၉ ဦးမှ ၁၅ ဦးကို မောင်တောမြို့မ ရဲစခန်းမှတဆင့် ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ကာ ထိန်းသိမ်းထားခဲ့ပြီး အသက်အရွယ်ငယ်သည့် လူငယ် ၄ ဦးကို မောင်တော တောင်ပိုင်း၊ မောရဝတီ နယ်ခြားစောင့်ရဲစခန်း၌ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ ယခုအသတ်ခံရသူမှာ ထိုလူငယ်လေးဦးထဲမှ တစ်ဦးဖြစ်ပါသည်။
အသတ်ခံရသည့် အသက် ၁၄ နှစ်အရွယ်ခန့်ရှိသော မူဟာမာတ်နိုမာန် (ဘ) ဦးမူဟာမတ်ရော်ရှိတ်သည် တပ်ဦးချောင်းကျေးရွာအုပ်စု နူရူလာရွာသားဖြစ်ပြီး အိမ်မီးရှို့ခံရပြီးနောက် အနီးအနားမှရွာဖြစ်သည့် ဒုညောင်ပင်ကြီးကျေးရွာတွင် မိသားစုအလိုက် သွားရောက်ခိုလှုံနေသူ ဖြစ်သည်။
၎င်းလူငယ် လေးဦးတို့ကို မောရဝတီ နယ်ခြားစောင့်စခန်း၌ တစ်လကျော် ထိန်းသိမ်းကာ ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် ထိုအထဲမှ မူဟာမာတ်နိုမာန်သည် ညှဉ်းပန်းမှုဒဏ်ကို မခံနိုင်၍ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အလောင်းကို နယ်ခြားစောင့်ရဲများက မောင်တောဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ခွဲစိတ်စစ်ဆေးပြီးနောက် နောက်တစ်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၂ နာရီ ခန့်အချိန်တွင် မိသားစုကို ခေါ်ယူ၍အပ်နှံခဲ့သည်။ အလောင်းကို နေ့လည် ၃ နာရီခန့်အချိန်တွင် မန်ကျီးချောင်း နယ်ခြားစောင့်စခန်းမှ ရဲမှူးကိုယ်တိုင်ပါဝင်သော တပ်ဖွဲ့ဝင် ၂၀ ဦးတို့က အစောင့်အကြပ်များဖြင့် ဒုညောင်ပင်ကြီးကျေးရွာ၌ မြေမြုပ်သင်္ဂြိုလ်ခဲ့သည်။
“ဒီလူတွေကို ဖမ်းတုန်းက မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးနေတာသာ ဖြစ်တယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့တယ်။ မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးတဲ့အခါ ဒီလိုမျိုး ဆုံးပါးသွားတဲ့အထိ ညှဉ်းပန်းပြီး စစ်ဆေးရသလား။ ဒီလူငယ်ဆိုရင် အရွယ်တောင် မရောက်သေးဘူး။ ဒီလို အရွယ်မရောက်သေးတဲ့ လူငယ်ကို ဥပဒေအရ နှိပ်စက်ခွင့်မရှိဘူး။ အကာအကွယ်ပေးရမှာပါ။ အခုလို တစ်လကြာကြာအထိ နှိပ်စက်ညှဉ်းပန်းစက်ပြီး သတ်လိုက်ကတော့ တကယ်ကို လူမဆန်တဲ့ လုပ်ရပ်ပါပဲ" ဟု ဒေသခံ ပညာတတ်တစ်ဦးက RB News သို့ ပြောသည်။
မောင်တောမြောက်ပိုင်းတွင် အာဏာပိုင်များက အပြစ်မဲ့ ပြည်သူများကို "မသင်္ကာ" ဆိုသော စကားလုံးဖြင့် နေ့စဉ်နီးပါး ဖမ်းဆီးလာခဲ့သည်မှာ ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်း နောက်ပိုင်းမှစ၍ ယနေ့ထိ ဖြစ်သည်။ ဖမ်းဆီးစစ်ဆေးရာတွင်လည်း အလွန်တရား ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဆုံးပါးသွားသူများလည်း မကြာခဏရှိနေသည်။ "မသင်္ကာ" ၍ ဖမ်းဆီးစစ်ဆေးသည်ဟု ဆိုကာ ဖမ်းဆီးသမျှလူများကို ပုဒ်မတစ်ခုခု တပ်၍ ထောင်ဒဏ်ချမှတ်လေ့ရှိသည်။
သေဆုံးသွားသူနှင့် အတူဖမ်းဆီးခံထားရသူ ၃ ဦးကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် မန်ကျီးချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ပြောင်းရွှေ့၍ ချုပ်နှောင်ထားကြောင်း၊ လူငယ်များကို မိသားစုများနှင့် တွေ့ခွင့်ပေးပြီး ပြန်လည် လွှတ်ပေးမည်ဟု မကြာခဏ ပြောဆိုနေသော်လည်း စခန်း တာဝန်ခံကို ငွေမပေးနိုင်သောကြောင့် လွှတ်မပေးသေးခြင်း ဖြစ်ကြောင်း၊ ငွေမပေးနိုင်သဖြင့် ပုဒ်မတစ်ခုခုတပ်၍ ထောင်ချမည်ကို မိသားစုဝင်များက စိုးရိမ်ပူပန်လျက် ရှိနေကြသည်ဟု ဒေသခံများက ပြောပါသည်။

ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသည့် မူဟာမတ်နိုမာန် |