ကော့သောင်းမြို့အနီး စက်လှေပေါ်မှ ခုန်ချခဲ့သည့် ရိုဟင်ဂျာ (၁၀) ဦး အသက်အန္တရာယ် စိုးရိမ်နေရ
RB News
ရိုဟင်ဂျာ (၁၅) ဦးသည် မတ်လ (၂၆) ရက်နေ့ (သို့မဟုတ်) (၂၇) ရက်နေ့တွင် စစ်တွေမြို့ အုန်းတောကြီး ကမ်းခြေမှ စက်လှေငယ်တစ်စီးဖြင့် ထွက်ခွာလာခဲ့သည်။ သုံးရက်အကြာတွင် မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့၌ မြန်မာရေတပ်က ၎င်းတို့ကို ရပ်တန့်ခိုင်းပြီး ဖမ်းဆီးခဲ့သည်။
မြန်မာရေတပ် တပ်ဖွဲ့ဝင်များက ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်သောကြောင့် ၎င်းတို့ထဲမှ (၁၀) ဦးသည် ရေထဲသို့ခုန်ချလိုက်ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။
“ကျွန်တော်တို့ စက်လှေမှာ (၁၅) ယောက်ရှိခဲ့တာ၊ မြန်မာရေတပ် တပ်ဖွဲ့ဝင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်တော့တဲ့ (၁၀) ယောက်က စက်လှေပေါ်ကနေ ရေထဲကို ခုန်ချလိုက်တယ်။ အဲဒီအချိန်ကစပြီး သူတို့နဲ့ ပတ်သက်ပြီး ဘယ်ရောက်သွားလဲဆိုတာ ဘာသတင်းမှ မကြားရတော့ဘူး” ဟု အင်ဒိုနီးရှားနိုင်ငံ အာချေဒေသမှ ငါးဖမ်းသမားများ ကယ်တင်လိုက်ခြင်းကြောင့် အသက်ရှင်လာသည့် ရိုဟင်ဂျာ စက်လှေသမားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကို ရက်အတန်ကြာ ညှဉ်းပန်းနှိပ်စက်ပြီးတဲ့နောက် ကျွန်တော်တို့ ရောက်လာတဲ့နေရာဘက်ကို ရေတပ်က မျောပေးလိုက်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောပါသည်။
ပျောက်ဆုံးနေသူများ၏ ဆွေမျိုးများနှင့် ဆက်သွယ်ကြည့်ရာ ၎င်းတို့တွင် ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍ သတင်းအချက်အလက် တစ်စုံတစ်ရာ မရှိဟု ဖြေဆိုသည်။
ဧပြီလ (၁၁) ရက်နေ့ (သို့မဟုတ်) (၁၂) ရက်နေ့တွင် စစ်တွေမြို့မှ နောက်ထပ်စက်လှေတစ်စီး ထွက်ခွာသွားပြီး မလေးရှားနိုင်ငံသို့ မကြာမီ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။
(မျိုးနိုင်နှင့် Saed Arkani တို့ သတင်းပေးပို့သည်)