နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် အလုပ်ခိုင်းပြီးနောက် ဖမ်းဆီးထားခဲ့သည့် ရိုဟင်ဂျာ (၄) ဦးကို ငွေညှစ်၍ ပြန်လွှတ်

MYARF
RB News
26.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် အလုပ်လုပ်ခိုင်းပြီးနောက် ဖမ်းဆီးထားခဲ့ထားသည့် ရိုဟင်ဂျာ (၄) ဦးကို ငွေကျပ် ၃၂ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၄) ဦး ဖြစ်ကြသည့် --

(၁) ဦးမိုဟာမတ်ရဖိခ် (ဘ) ဦးရော်စောအလီ (အသက် ၃၂ နှစ်)
(၂) ဦးအာဘူကာလာမ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)
(၃) အိုမာရ် (ဘ) ဦးနူရူဇာမာ (အသက် ၁၈ နှစ်)
(၄) မွန်ဇူရ်ရာမန် (ဘ) ဦးရှော်ဘီရောန် (အသက် ၁၉ နှစ်) -- တို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်ပိုင် ဒေဝေါ်နဒီဂေါက်ကွင်းတွင် ဇွန်လ (၂၄) ရက်နေ့ထိ အလုပ်လုပ်ခိုင်းပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးထားခဲ့သည်။

၎င်းတို့အား ဇွန်လ (၁၉) ရက်နေ့မှစ၍ အလုပ်လုပ်ခိုင်းပြီး အလုပ်ပြီးဆုံးသည့် ဇွန်လ (၂၄) ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဆင်းမ်ကဒ်များ တွေ့ရှိသည်ဟု ဆိုကာ လုပ်ကြံ ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည်ဟု ထပ်မံ လုပ်ကြံစွပ်စွဲခဲ့သည်။ ထို့နောက် ၎င်းတို့အား အမှတ် (၆) နယ်မြေ (ကျောက်လှေကား) စခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုမှတဆင့် မောင်တောတရားရုံးတွင် ရမန်ယူ၍ လေးမိုင်ရှိ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းသို့ ပို့ဆောင်၍ ချုပ်နှောင်ထားခဲ့သည်။

၎င်းတို့ (၄) ဦးအား နယ်ခြားစောင့်ရဲများက စစ်ဆေးစဉ် လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ဦးမိုဟာမတ်ရဖိခ်၏ မုတ်ဆိတ်မွှေးများကို နယ်ခြားစောင့်ရဲများက ဆွဲနှုတ်ခဲ့ကြောင်း၊ အစားအသောက်လည်း ကောင်းမွန်စွာ မကျွေးကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ တစ်လတိတိ အချုပ်ခန်းထဲတွင် ညှဉ်းပန်းနှိပ်စက်ပြီးနောက် ပြစ်မှုကျူးလွန်ထားသည်ကို မတွေ့ရသော်လည်း တစ်ဦးချင်းစီထံမှ ငွေကျပ် (၈) သိန်းစီ ညှစ်ယူခဲ့သည်။ ဇူလိုင်လ (၂၄) ရက်နေ့တွင် တရားရုံးမှ လွတ်မိန့်ချခဲ့သော်လည်း တရားရုံးမှ ပြန်သွားခွင့်မပေးဘဲ အမှတ် (၆) နယ်မြေစခန်းသို့ ခေါ်ဆောင်သွား၍ နယ်မြေစခန်းမှ တဆင့် လွှတ်ပေးခဲ့သည်။

ငွေညှစ်ခံရမှုနှင့် ပတ်သက်၍ “တရားရုံးမှာ တစ်ယောက်ကို ၅ သိန်းစီ၊ နယ်ခြားစောင့်ရဲအတွက် တစ်ယောက်ကို ၃ သိန်းစီ ပေးခဲ့ရတယ်။ လေးယောက်လုံးက နေ့စားအလုပ်သမားတွေဆိုတော့ ၈ သိန်းစီကို အတော်လေး ခက်ခက်ခဲခဲနဲ့ ရှာခဲ့ရတယ်။ သူတို့ ပြစ်မှုကျူးလွန်ထားတာ လုံးဝ မရှိဘူး။ ဖမ်းခံရရင် ငွေမပေးဘဲ လွတ်လမ်းမရှိဘူးလေ။ အပြစ်မရှိရင်လည်း ငွေပေးရတယ်။ ပိုဆိုးတာက တစ်လတိတိ အတော်လေးကို ညှဉ်းပန်းနှိပ်စက်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ချုပ်နှောင်ခံထားရစဉ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် (၄) ဦးလုံး ကျန်းမာရေး ချို့တဲ့နေသော်လည်း တရားရုံးနှင့် နယ်ခြားစောင့်ရဲများအတွက် ငွေကျပ် (၈) သိန်းစီ အကြွှေးတင်နေသောကြောင့် ဆေးကုသရန်ပင် လမ်းမမြင် ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။




Comment ရေးရန်

Rohingya Exodus