နောက်ဆုံးသတင်း/ဆောင်းပါးများ

UNDP နှင့် UNHCR တို့ ကွင်းဆင်း မေးမြန်းလျှင် အစိုးရအား အပြစ်မဆိုရန်နှင့် အခြေအနေမှန်ကို မဖွင့်ဟရန် မြို့နယ် ထွေအုပ်က ကြိုတင် ခြိမ်းခြောက်ထား

MYARF
RB News
22.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျေးရွာများသို့ သွားရောက်၍ ကုလသမဂ္ဂ အေဂျင်စီအဖွဲ့မှ လာရောက်မေးမြန်းလျှင် မှာကြားထားသည့်အတိုင်း မပြောပါက အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

ဇူလိုင်လ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့များတွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျေးရွာများသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသူရွာသားများကို တွေ့ဆုံ၍ မကြာခင် UNDP နှင့် UNHCR တို့လာရောက်မည် ဖြစ်ကြောင်း၊ ၎င်းတို့ လာရောက်၍ ကျေးရွာအခြေအနေများကို မေးမြန်းပါက တိတိကျကျ မပြောဆိုရန် မှာကြားခဲ့သည်။ 

“ထွေအုပ်နဲ့ ရဲတွေ လာတာပါ။ သူတို့က မကြာခင် UNDP နဲ့ UNHCR လာမယ်။ ခင်ဗျားတို့ ရွာကနေ လူဘယ်လောက် ထွက်ပြေးလဲ မေးရင် နည်းနည်းလေးပဲ ထွက်ပြေးသွားပြီး အများစု ကျန်ခဲ့တယ်လို့ ဖြေခိုင်းတယ်။ စားဝတ်နေရေး အဆင်ပြေလား မေးရင် အဆင်ပြေတယ်၊ အာဏာပိုင်တွေက ခြိမ်းခြောက်တာ နှောက်ယှက်တာ ရှိလားလို့ မေးရင် မရှိဘူး၊ အစိုးရက အကူအညီပေးလားလို့ မေးရင် ကူညီတယ်၊ အခု ရွာထဲမှာ နေရတာ အခက်အခဲရှိလားလို့ မေးရင် မရှိဘူး၊ အခြေအနေတည်ငြိမ်လားလို့ မေးရင် တည်ငြိမ်နေတယ်၊ ဒါမေးရင် ဒါဖြေဆိုတဲ့ ပုံစံမျိုး မှာသွားတယ်။ တကယ်လို့ သူတို့ မှာတဲ့အတိုင်း မပြောဘူးဆိုရင် အရေးယူခံရမယ်လို့ ခြိမ်းခြောက်သွားတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၂၁) ရက်နေ့တွင် UNDP နှင့် UNHCR တို့မှ ကိုယ်စားလှယ်များသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာအချို့ကို သွားရောက်မေးမြန်းရာ ရွာသူရွာသားများက အာဏာပိုင်များ၏ ရှေ့မှောက်တွင် ဖြေကြားရသဖြင့် အခြေအနေမှန်ကို ဖွင့်ဟ ပြောကြားနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ယနေ့ ဇူလိုင်လ (၂၂) ရက်နေ့တွင် အဆိုပါ ကိုယ်စားလှယ်များသည် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့သည်။ ယင်းကျေးရွာများတွင်လည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ကြိုတင်သတိပေးခဲ့သောကြောင့် ရွာသူရွာသားများက အခြေအနေမှန်ကို ဖွင့်ဟနိုင်ခြင်း မရှိကြောင်း သိရသည်။ 

UNDP နှင့် UNHCR တို့မှ ကိုယ်စားလှယ်များသည် ဒေသအခြေအနေနှင့် လူများ ရပ်တည်နိုင်မှု အခြေအနေများကို လေ့လာစုံစမ်းနေခြင်း ဖြစ်သည်။ 



Comment ရေးရန်

Rohingya Exodus