နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် သေကံခွဆုံ ၀က်မကျ ကျေးရွာရှိ ကျောင်းသို့ အစိုးရခန့် ဆရာ/မ များ မလာသဖြင့် ကျောင်းသား/သူများ ပညာမသင်ကြားနိုင်

RB News
1.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာအုပ်စုရှိ အစိုးရကျောင်းတွင် ဆရာ/မ များလာရောက် ပညာသင်ကြားပေးခြင်း မရှိသောကြောင့် ကျောင်းသား/သူများ ပညာသင်ကြားရန် အခက်ကြုံတွေ့လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံကျေးရွာအုပ်စု ၀က်မကျကျေးရွာရှိ အစိုးရကျောင်းတွင် နိုင်ငံတော်မှ ဆရာ/မ ၁၀ ဦးကျော် ခန့်ထားသော်လည်း တစ်ဦးမှ လာရောက်၍ ကျောင်းသား/သူများကို ပညာသင်ကြားပေးခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသိန်းလှသည် စေတီတောင်အုပ်စုတွင် နေထိုင်ပြီး၊ တာဝန်ကျနေသော ၀က်မကျကျေးရွာနှင့် နီးစပ်သော်လည်း တစ်လတွင် တစ်ကြိမ်မျှသာ လာရောက်ကြောင်း၊ ၎င်းအား ကျောင်းကော်မတီဝင်များက ဝေဖန်ပြောဆိုသဖြင့် ကော်မတီဝင်များကို အမျိုးမျိုး ခြိမ်းခြောက် အော်ငေါက်ကြောင်း ဒေသခံများက ပြောပါသည်။ 

ကျောင်းအုပ်ဆရာမကြီးက ကျောင်းဖွင့်စအချိန်တွင် အန်ဂျီအိုအဖွဲ့အစည်းများက ထောက်ပံ့ပေးအပ်ခဲ့သည့် ကျောင်းဝတ်စုံများ ထုတ်ပေးစဉ် တစ်စုံလျှင် ငွေကျပ် ၅၀၀ စီ ကောက်ခံခဲ့ကြောင်း သိရသည်။ 

“၀က်မကျ ကျေးရွာက ကျောင်းတစ်ကျောင်းတည်း မဟုတ်ဘူး။ နယ်ပိုင်းမှာ ရှိသမျှ ကျောင်းတော်တော်များများကို အစိုးရခန့် ဆရာ/မ တွေ မလာကြဘူး။ အဲဒီတော့ ကျောင်းသားကျောင်းသူတွေ ပညာသင်ဖို့ အတော်လေး ခက်ခဲနေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus